စာရေးနည်း (၂)

pen.jpg

စာရေးခြင်းဆိုသည်မှာ ဗျည်းနှင့်သရကို ပေါင်းစပ်၍ စကားလုံးဖြစ်အောင်၊ စကားလုံးများကို ပေါင်းစပ်၍ ဝါကျဖြစ်အောင်၊ ဝါကျများကို ပေါင်းစပ်၍ စာပိုဒ်ဖြစ်အောင်၊ စာပိုဒ်များကို ပေါင်းစပ်၍ စာတပုဒ်လုံး ဖြစ်အောင် ရေးသားခြင်း ဖြစ်သည်။

စာရေးသားစဉ် မိမိတို့ ဝါသနာရှင်များ ကြုံတွေ့ရလေ့ရှိသော အခက်အခဲများမှာ - (၁) စကားလုံး အသုံးအနှုန်း (၂) သဒ္ဒါ အသုံးအနှုန်း (၃) စကားလုံး အသုံးအနှုန်း ကျစ်လစ်မှု (၄) စကားလုံး အသုံးအနှုန်း လိုက်ဖက်မှု (၅) ဝါကျမှန်ကန်မှု (၆) ဝါကျရှင်းလင်းမှု (၇) စာပိုဒ် ခွဲဝေမှု (၈) စာပိုဒ် ချိတ်ဆက်မှု စသည်တို့ ဖြစ်သည်ဟု စာရေးဆရာကြီးများက ညွှန်ပြကြပါသည်။

(၁) စကားလုံး အသုံးအနှုန်း မှန်ကန်မှု - စာရေးသူတို့သည် မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းကို ဆောင်ထားရမည်။ ဥပမာ - အိပ်ရာနှင့်အိပ်ယာ၊ နေ့လယ်နှင့်နေ့လည်၊ ကြေညာချက်နှင့် ကျေညာချက် စသည်တို့ကို မကြာခဏ မှားယွင်းတတ်သောကြောင့် သတ်ပုံကျမ်းနှင့် တိုက်ဆိုင်စစ်ဆေးရမည်။

(၂) သဒ္ဒါ အသုံးအနှုန်း မှန်ကန်မှု - ဝါကျရှည်ဖွဲ့မိလျှင် သဒ္ဒါအထားအသိုကို ဂရုစိုက်ရမည်။ မှ နှင့် က၊ ကို နှင့် အား၊ တွင် နှင့် ၌၊ စသော နှင့် ဟူသော ၊ စသည်တို့ကို မှားသုံးတတ်ကြသည်။ အခမ်းအနားအား ကျင်းပသည် (မှားသည်)။ အခမ်းအနားကို ကျင်းပသည် (မှန်သည်)။ စာများများဖတ်လျှင် သဒ္ဒါပိုင်း ပို၍ ကျေညက်လွယ်သည်။

(၃) စကားလုံး အသုံးအနှုန်း ကျစ်လစ်မှု - ကိုယ်ရေးသောစာကို လှလှပပ ဖြစ်စေချင်သောကြောင့် ဝါကျရှည် ဖွဲ့မိသောအခါ စကားလုံးများ ဖေါင်းပွကုန်တတ်သည်။ စာရေးဆရာကြီးများက စကားလုံးကျစ်လစ်စွာ လိုရင်းတိုရှင်းရေးရန် နှင့် အသိခက်သော စာသုံးပေသုံး စကားလုံးကြီးများကို ရှောင်ရှားရန် အကြံပြုထားသည်။

(၄) စကားလုံး အသုံးအနှုန်း လိုက်ဖက်မှု - အပြောသုံးစကား နှင့် စာသုံးစကားကို ဝါကျထဲတွင် ရောထွေးသုံးစွဲခြင်း မပြုရန် လမ်းညွှန်ထားသည်။ ကျွန်တော့်ထံ သူလာတယ် (မှားသည်) ။ ကျွန်တော့်ဆီကို သူလာတယ် (မှန်သည်) ။ အပြောသုံးဝါကျထဲတွင် (ထံ) ဟူသော စာသုံးစကား ရောထွေးရေးခြင်း မပြုရန် ဆိုလိုသည်။ ဝေါဟာရအသုံးအနှုန်း လိုက်ဖက်မှု အပိုင်းသည် ကျယ်ပြန့်လွန်း၍ ကိုယ်တိုင် ဖတ်မှတ်လေ့လာရမည်။

(၅) ဝါကျမှန်ကန်မှု - ပုဒ်ထားမှားဝါကျများကို ရှောင်ရှားရမည်၊ ဆိုင်ရာဆိုင်ရာ ပုဒ်ချင်းကပ်ထားမှ ပုဒ်ထားမှန်သည်။ ဥပမာ - ဆရာတော်သည် ရွှေတိဂုံစေတီပေါ်တွင် အမဲသားမစားရန် တရားဟောသည် ( ပုဒ်ထားမှားသည်)။ဆရာတော်သည် အမဲသားမစားရန် ရွှေတိဂုံစေတီပေါ်တွင် တရားဟောသည် (ပုဒ်ထားမှန်သည်) ။

(၆) ဝါကျရှင်းလင်းမှု - ဝါကျရှည်လျှင် ပုဒ်ထားရှုတ်ဝါကျ ဖြစ်တတ်၍ ဆိုလိုရင်း လွဲတတ်သည်။ ကျွန်တော်သည် တိတ်ဆိတ်သော မြို့ကလေး၏ ဆင်ခြေဖုံးရပ်ကွက်မှာ နေထိုင်သည် (မရှင်းပါ)။ ကျွန်တော်သည် မြို့ကလေး၏ တိတ်ဆိတ်သော ဆင်ခြေဖုံးရပ်ကွက်မှာ နေထိုင်သည် (ရပ်ကွက် တိတ်ဆိတ်သည်)။ ကျွန်တော်သည် တိတ်ဆိတ်သော မြို့ကလေး၏ တောင်ဘက်ပိုင်းရှိ ဆင်ခြေဖုံးရပ်ကွက်တွင် နေထိုင်သည် (မြို့ကလေး တိတ်ဆိတ်သည်)။

(၇) စာပိုဒ် ခွဲဝေမှု - ဆိုလိုချက် တချက်လျှင် စာတပိုဒ်ခွဲ၍ရေးရန် ဖြစ်သည်။ မီးလောင်သည့်အကြောင်းရေးလျှင် - ကြားသိရပုံနိဒါန်း၊ စုံစမ်းရာမှသိရသော အကြောင်းရင်း၊ ဖြစ်ပုံဖြစ်စဉ်အသေးစိတ်၊ ဖြစ်ပြီးအခြေအနေ မြင်ကွင်း၊ ပတ်ဝန်းကျင် အပြောအဆို၊ သုံးသပ်ချက်နိဂုံး စသဖြင့် စာပိုဒ်ခွဲ၍ ရေးသားရမည်။ လိုအပ်လျှင် စာပိုဒ်များအသေးစိတ် ထပ်ခွဲနိုင်သည်။

(၈) စာပိုဒ် ချိတ်ဆက်မှု - စာပိုဒ်တပိုဒ်ချင်း၏ အကြောင်းအရာများကို ချိတ်ဆက်၍ စာတပုဒ်လုံး ပြီးဆုံးသည်အထိ ရေးသားရမည်။ အထက်က မီးလောင်သည့်အကြောင်း၌ စာပိုဒ်တခုနှင့်တခု အကူးအပြောင်းတွင် အချိတ်အဆက် ထိမိအောင်ရေး၍ စာဖတ်သူကို အစမှအဆုံးသို့ ဆွဲခေါ်သွားနိုင်ရမည်။

စာတလုံးမှ စာတပုဒ် ဖြစ်လာရန်အတွက် အထက်ပါ (၈) ချက်ကို ဂရုတစိုက် ရှိရမည်ဟု မြန်မာစာပေလောကတွင် ထင်ရှားသော ဆရာ မောင်ခင်မင် (ဓနုဖြူ) က လမ်းညွှန်ခဲ့ပါသည်။ ဆရာ၏ မူရင်းအာဘော်ကို ခြုံငုံမိအောင် မိမိက ပြန်လည်တင်ပြပေးခြင်း ဖြစ်ပါသည်။

ဆရာ မောင်ခင်မင် (ဓနုဖြူ) ၏ လမ်းညွှန်ချက်ကို လေ့လာမှတ်သား၍ လက်တွေ့ စမ်းသပ်ရေးကြည့်ပါလေ။ ဤနည်းလမ်းသည် မိတ်ဆွေတို့အတွက် ဝါသနာရှင်အဆင့်မှ ပညာရှင်အဆင့်သို့ တက်လှမ်းနိုင်ရန် အထောက်အကူဖြစ်မည်ဟု မျှော်လင့်ပါသည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
04.12.2021

H2
H3
H4
3 columns
2 columns
1 column
4 Comments
Ecency