Lucky 7 days ခုနှစ်စင်ကြယ်

ကမ္ဘာပေါ်ရှိ နိုင်ငံတချို့သည် သူတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံအရ
ကိုယ်ပိုင် ပြက္ခဒိန်များကို တီထွင်သုံးစွဲကြပါသည်။ သို့သော် ခရစ်တော် ဖွားမြင်တော်မူသောနှစ်မှ စတင်ရေတွက်သော ပြက္ခဒိန်ကိုမူ ကမ္ဘာသုံးအဖြစ် သတ်မှတ်သုံးစွဲကြပါသည်။

အဆိုပါ ပြက္ခဒိန်အားလုံးတွင် သတ်မှတ်ထားသော နှစ်၊ လ၊ ရက်၊ နေ့ စသည်တို့သည် အချိန်ကာလအားဖြင့်၎င်း၊ အမည်နာမ အားဖြင့်၎င်း ကွာခြားမှုများ ရှိသော်လည်း တူညီသည့်အချက်မှာ နေ့ သတ်မှတ်ချက်ပင် ဖြစ်သည်။

မည်သည့် ပြက္ခဒိန်မှာမဆို Sunday တနင်္ဂနွေ၊ Monday တနလာင်္၊ Tuesday အင်္ဂါ၊ Wednesday ဗုဒ္ဓဟူး၊ Thursday ကြာသာပတေး၊ Friday သောကြာ၊ Saturday စနေ ဟူ၍ ပါရှိသည်။ ၇ နေ့ စက်ဝန်း အကြိမ်ကြိမ် လည်ပတ်နေသည့် သဘာဝနိယာမတရားကို အခြေခံသော စံသတ်မှတ်ချက် ဖြစ်သည်။

ဤ ၇ နေ့ သည် အာကာသဟင်းလင်းပြင်၌ သူ့အလျင်နှုန်းနှင့်သူ လည်ပတ်နေသော နေမိသားစုဝင် ဂြိုဟ် ၇ လုံးကို ကိုယ်စားပြုထားခြင်း ဖြစ်သည်။

နေဗဟိုပြု ပတ်လမ်အတွင်း၌ စနေဂြိုဟ်သည် အဝေးဆုံးနှင့် အနှေးဆုံးဖြစ်၍ ဗုဒ္ဓဟူးဂြိုလ်သည် အမြန်ဆုံးနှင့် အနီးဆုံးဖြစ်သည်။ တနလာင်္ဂြိုလ် ခေါ် လမင်းသည် နေကိုပတ်ခြင်းမဟုတ်ပဲ၊ ကမ္ဘာကိုသာ လှည့်ပတ်နေခြင်းဖြစ်၍ ဂြိုဟ် ၇ လုံးအတွင်း အမြန်ဆုံးဖြစ်သည်။

စနေဂြိုဟ်က ၁၂လ ရာသီ စက်ဝိုင်း တပတ်ပြည့်ရန်အတွက် တနင်္ဂနွေဂြိုဟ် (နေ) ကို ဗဟိုပြု လှည့်ပတ်ရာ၌ နှစ်ပေါင်း ၃၀ ဝန်းကျင် အချိန်ကြာသော်လည်း တနလာင်္ဂြိုဟ်(လ) သည် ကမ္ဘာမြေဂြိုဟ်ကို တပတ်ပြည့်ရန် ၂၉ ရက်ကျော်သာ ကြာသည်။

solar.png

စနေ - Saturday (Saturn) သည် နေကိုတပတ်ပြည့်ရန် - ၂၉ နှစ် ၆လ
ကြာသာပတေး - Thursday (Jupiter) သည် နေကိုတပတ်ပြည့်ရန် - ၁၂ နှစ်
အင်္ဂါ - Tuesday (Mars) သည် နေကိုတပတ်ပြည့်ရန် - ၂ နှစ် နီးပါးခန့်
ကမ္ဘာမြေဂြိုဟ် - (Earth) သည် နေကိုတပတ်ပြည့်ရန် - ၁ နှစ်
သောကြာ - Friday (Venus) သည် နေကိုတပတ်ပြည့်ရန် - ၈ လ
ဗုဒ္ဓဟူး - Wednesday (Mercury) သည် နေကိုတပတ်ပြည့်ရန် - ၃ လ
တနင်လာ - Monday (Moon) သည် ကမ္ဘာကိုတပတ်ပြည့်ရန် - ၂၉ ရက်

ဤနေရာတွင် ရှုတ်ထွေးနိုင်သော အချက်မှာ - ကမ္ဘာမြေဂြိုလ်သည် နေကို လှည့်ပတ်နေခြင်းနှင့် ကမ္ဘာပေါ်ရှိ လူသားများသည် နေကို အမှီပြု၍ ရှင်သန်နေရခြင်းတို့ကြောင့် Earth ကမ္ဘာမြေဂြိုလ်နေရာ၌ Sunday (Sun) တနင်္ဂနွေဂြိုလ် (နေမင်း)ကို အစားထိုး သုံးစွဲထားသည်ဟု ယူဆပါသည်။

အိန္ဒိယရှိ နက္ခတ်ဗေဒင် ပညာရှင်တို့သည် ဤ ဂြိုဟ် ၇ လုံး၏ အလျင်နှုန်း အမြန်မှ အနှေးသို့ စီစဉ်လျှက် ဗေဒင်ဟောပြောခြင်း၌ အသုံးပြုပါသည်။ Saturn - Jupiter - Mars - Sun - Venus - Mercury - Moon ဟူ၍ ဖြစ်သည်။ ဗေဒင်ဝေါဟာရအားဖြင့် သောရီ (၇) ၊ ဂုရု (၅) ၊ ဘောမ (၃) ၊ သူရဇ္ဇ (၁) ၊ သောကြ (၆) ၊ ဗုဒ္ဓ (၄) ၊ စန္ဒရော (၂) ဟု ခေါ်သည်။

အိန္ဒိယမှ မြစ်ဖျားခံခဲ့သော မြန်မာဗေဒင်၌လည်း ဤဂြိုဟ်စဉ်အတိုင်းသာ ဖြစ်သည်။ တပည့်စာအံသီလခံ (၇ ၊ ၅၊ ၃၊ ၁၊ ၆၊ ၄၊ ၂ ) ဟု အတိုကောက် မှတ်သား၍ မြန်မာဗေဒင်လောက၌ သုံးစွဲကြပါသည်။

ဤဂြိုလ်စဉ်သည် မြန်မာ့ဗေဒင်ပညာ၌ ထင်ရှားကျော်ဇောသော အင်္ဂဝိဇ္ဇာဂြိုလ်စဉ် တည်ဆောက်ပုံ ဖြစ်သည်။ ထိုမှတဆင့် အောင်လံထူစစ်သူကြီးပွဲ (၁၊ ၄၊ ၇၊ ၃၊ ၆၊ ၂၊ ၅) ဟူသော မဟာဘုတ်ဗေဒင် ဂြိုဟ်စဉ် ဖြစ်ပေါ်လာသည်။

ပြက္ခဒိန်ပါ နေ့ ၇ နေ့သည် နေမိသားစုဝင် ဂြိုဟ် ၇ လုံးအား ကိုယ်စားပြုခြင်း နှင့်နေမင်းဦးစီးသော ဂြိုဟ် ၇ လုံးတို့၏ လွှမ်းမိုးချုပ်ကိုင်မှုအောက်၌ လူသားတို့ ရှင်သန်နေထိုင်ရသည်ဟူသော အယူအဆပေါ် အခြေခံကာ ဗေဒင်ပညာ ပေါ်ပေါက်လာသည်ဟု ယူဆရပါသည်။

မည်သို့ပင်ဖြစ်စေ ကောင်းကင်ဂြိုဟ်များ၏ လွှမ်းမိုးချယ်လှယ်မှု ဆိုသည်မှာ ရှေးခေတ်အခါမှ ယနေ့ခေတ်တိုင်အောင် ယုံကြည်မှု လက်ဆင့်ကမ်းခြင်း တရပ်သာ ဖြစ်ပါသည်။

မိမိအနေဖြင့်မူ လူတဦး၏ ကံ၊ ဉာဏ်၊ ဝိရိယသည်သာ အဓိကဖြစ်သည်၊ လူသာ ပဓါန ဖြစ်သည်ဟု ယုံကြည်ပါသည်။ သို့သော် ကံ၊ ဉာဏ်၊ ဝိရိယ ဟူသည် ကာလသမ္ပတ္တိ ဆိုသော ခေတ်ကောင်း အချိန်အခါကောင်း တိုက်ဆိုင်ညီညွတ်မှသာလျှင် ထိုက်ထိုက်တန်တန် အကျိုးပေးနိုင်ပါသည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
07.11.2021

H2
H3
H4
3 columns
2 columns
1 column
5 Comments
Ecency