2022 prediction ( 1 , 2 , 3 )

19.png
ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့သည် ၂၀၂၁ ၏ နောက်ဆုံးနေ့၊ နှစ်သစ်ကူး အခါသမယ ဖြစ်သည်။ မနက်ဖန် ဇန်နဝါရီလ ၁ ရက်နေ့သည် ၂၀၂၂ နှစ်သစ်၏ ပထမဆုံးနေ့ နှစ်သစ်ကူး အခါသမယ ဖြစ်သည်။ နှစ်သစ်မှာ ပြည်သူအားလုံး ငြိမ်းချမ်းလုံခြုံသောဘဝ ပြန်လည်ရယူနိုင်စေကြောင်း ဆန္ဒပြုလိုက်ပါသည်။

ပြက္ခဒိန်နှစ်ကို အများနှင့်ဆိုင်သော ယူနီဗာဆယ်နှစ်ဟု ခေါ်ပါသည်။ ၂၀၂၁ ကို တလုံးတည်းဖြစ်အောင် ပေါင်းပါက ၅ ဂဏန်း ရရှိသည်။ ၂၀၂၂ ကို တလုံးတည်းဖြစ်အောင် ပေါင်းပါက ၆ ဂဏန်း ရရှိသည်။ အများနှင့်ဆိုင်သော ဂဏန်းသည် ထိုနှစ်ကို စိုးမိုးမှု ရှိသည်ဟု ဆိုပါသည်။

ယူနီဗာဆယ်နှစ်၏ အဓိပ္ပါယ် သတ်မှတ်ချက်များ ရှိပါသည်။ ထိုနှစ်တွင် ရရှိသော ဂဏန်းတလုံးသည် တလောကလုံးနှင့်ဆိုင်သော ယေဘုယျ အခြေအနေများကို ဖော်ပြပေးသည်ဟု ဆိုပါသည်။ မိမိ အနေဖြင့် ယုတ္တိသဘောကြောင့် ရေးသားလိုသည့် ဆန္ဒမရှိပါ။

ယူနီဗာဆယ်နှစ်ကို အသုံးပြု၍ လူတဦးချင်းစီအတွက် တနှစ်အတွင်း စိုးမိုးမှုဂဏန်းကို ရှာဖွေသော နည်းလမ်း ရှိပါသည်။ ထိုဂဏန်းသည် အများနှင့်မဆိုင်၊ ထိုသူတဦးတည်းနှင့်သာ သက်ဆိုင်သော တနှစ်တာ စိုးမိုးမှုဂဏန်း ဖြစ်ပါသည်။

သင်၏ မွေးရက်၊ မွေးလ ကို သိရှိရပါမည်။ မွေးနှစ်ကို တွက်ချက်ရာတွင် အသုံးပြုရန် မလိုပါ။ (မွေးရက် + မွေးလ + ယခုနှစ် ) တို့ကို တလုံးတည်းဖြစ်အောင် ပေါင်းခြင်းအားဖြင့် တနှစ်တာ စိုးမိုးမှုးဂဏန်းကို ရရှိနိုင်ပါသည်။

ဥပမာ - ၀၉.၀၈.၁၉၈၈ တွင် မွေးဖွားခဲ့သူ

09 + 08 + 2021
9 + 8 + 5
22
4
(၂၀၂၁ စိုးမိုးဂဏန်း)

09 + 08 + 2022
9 + 8 + 6
23
5
(၂၀၂၂ စိုးမိုးဂဏန်း)

ထို့ကြောင့် ၀၉.၀၈.၁၉၈၈ တွင် မွေးဖွားခဲ့သူတဦးသည် ၂၀၂၁ တွင် (၄) ဂဏန်း ရရှိသည်၊ ၂၀၂၂ တွင် (၅) ဂဏန်း ရရှိပါသည်။

ဤနည်းအတိုင်း တွက်ချက်သွားပါက ရှေ့လာမည့်နှစ်များအတွက် စိုးမိုးဂဏန်းများ သိရှိနိုင်ပါသည်။ ၉ နှစ်လျှင်တကြိမ် ဂဏန်းများ တပတ်လည်လာပါလိမ့်မည်။

စိုးမိုးမှုဂဏန်းက ဖော်ပြသော တနှစ်တာ ကိုယ်ပိုင်နှစ်ဂဏန်းသည် ထိုနှစ်တွင် လုပ်သင့်သော လုပ်ငန်းအခြေအနေ နှင့် အကျိုးတရားကို ဖော်ပြပါသည်။ ကိုယ်ပိုင်နှစ်ဂဏန်းမှ ဖော်ပြသော အဓိပ္ပါယ်သတ်မှတ်ချက်များအတိုင်း လိုက်လျောညီထွေဖြစ်အောင် ပြုမူကျင့်ကြံသင့်သည်ဟု ဆိုပါသည်။

ကိုယ်ပိုင် (1) ဂဏန်းရရှိသောနှစ် -

အခြေအနေအသစ်များ ကြုံတွေ့မည်။ ဤကဲ့သို့နှစ်မျိုး နောက် ၉ နှစ်ကြာမှ ပြန်တွေ့မည်။ ဆုံးဖြတ်မှု မလုပ်နိုင်သော အကြောင်းများကို အသစ်ပြန်လုပ်မည်။ လုပ်ငန်းသစ်များ တိုးချဲ့ရန်၊ အသစ်စတင်ရန် မစိုးရိမ်သင့်သောနှစ် ဖြစ်သည်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားရမည်။ ဤသို့ဖြင့် အောင်မြင်မှုများ ရမည်။ ဦးဆောင်နိုင်အောင် ကြိုးစားသင့်သောနှစ် ဖြစ်သည်။ အနေအထား ပြောင်းလဲ၍ လုပ်ငန်းသစ်များ လုပ်သင့်သည်။ ဤနှစ် လုံးဝမနားသင့်၊ ပြတ်ပြတ်သားသား စဉ်းစားပြီး အလုပ်ကို လုပ်သင့်သောနှစ် ဖြစ်သည်။

ကိုယ်ပိုင် (2) ဂဏန်းရရှိသောနှစ် -

ဤနှစ်မှာ အခွင့်အလမ်း ပိုပွင့်လာပြီး အခြေအနေကောင်းများ ရောက်လာသည်။ စိတ်ရှည်သည်းခံနေပါ။ ပါးနပ်စွာ ပြုမူဆောင်ရွက်ပါ။ ပူးပေါင်းဆောင်ရွက်မည့် မိတ်ဆွေများ သဘောတူညီချက်များ ရတတ်သောနှစ် ဖြစ်သည်။ သို့ဖြစ်၍ အေးဆေးငြိမ်သက်စွာ နေရမည်။ အနာဂါတ်အတွက် ကြိုတင်စုဆောင်းသင့်သည်။ ပြီးခဲ့သောနှစ် ကြိုးစားမှုသည် ယခုအခါတွင် အကျိုးကျေးဇူး ခံစားရပြီ ဖြစ်သည်။ လာမည့်နှစ်တွင် ဗဟုသုတများ အချိန်ရှိတိုင်း လေ့လာထားသင့်သည်။ သို့မှသာ အခွင့်အရေး ရမည်။ ကိုယ်ကျိုးမကြည့်ပဲ အခြားသူအတွက် ဆောင်ရွက်ပေးရမည်။

ကိုယ်ပိုင် (3) ဂဏန်းရရှိသောနှစ် -

ဤနှစ်တွင် တီထွင်ဖန်တီးမှု၊ စိတ်ကူးစိတ်သန်း၊ အယူအဆများ ဖော်ပြခွင့်ရသောနှစ် ဖြစ်သည်။ စာပေပို့ချခြင်း၊ ရေးသားခြင်းများ အကျိုးများသောကာလ ဖြစ်သည်။ စိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်နိုင်သောနှစ် ဖြစ်သည်။ ယခုနှစ်သည် လူမှုရေးနှင့်ပတ်သက်သောနှစ်ဖြစ်သဖြင့် စိတ်ကျေနပ်မှု ရတတ်သည်။ အပေါင်းအသင်းများကို ရွေးပေါင်းရမည်။ ရယ်မောပျော်ရွှင်ရသောကာလ ဖြစ်သည်။ ခရီးသွားရန်ကောင်းသောနှစ် ဖြစ်သည်။ ဤနှစ်တွင် ငွေကြေး အစုလိုက်အပြုံလိုက် ဝင်သောကာလ ဖြစ်သည်။

ကိုယ်ပိုင်နှစ်ဂဏန်းကို တွက်ချက်နည်း ၂ မျိုးရှိပါသည်။ မိမိအနေဖြင့် ဤအချိန်ကာလ သတ်မှတ်ခြင်း ၂ မျိုးလုံးကို ပေါင်းစပ်၍ စဉ်းစားသင့်ကြောင်း အကြံပြုလိုပါသည်။
(က) ပထမနည်းလမ်း - မွေးနေ့တခုမှ နောက်မွေးနေ့ထိ အချိန်ကာလကို ကိုယ်ပိုင်နှစ်ဟု သတ်မှတ်ခြင်း။
(ခ) ဒုတိယနည်းလမ်း - ပြက္ခဒိန်နှစ်အစမှ အဆုံးအထိ အချိန်ကာလကို ကိုယ်ပိုင်နှစ်ဟု သတ်မှတ်ခြင်း။

ကျန်ရှိနေသေးသော ကိုယ်ပိုင်နှစ်ဂဏန်းများကို ဆက်လက်ရေးသားပေးပါမည်။ ကိုယ်ပိုင်နှစ်ဂဏန်းများကို လေ့လာ၍ ကိုယ်ပိုင် ကံ၊ ဉာဏ်၊ ဝိရိယ၊ သတိတရားတို့ဖြစ်သာ တနှစ်တာခရီးကို အကောင်းဆုံး အခြေအနေဖြစ်အောင် ဖန်တီးသင့်သည်ဟု အကြံပြုလိုပါသည်။

ဤပို့စ်ကို ဖတ်ရှုရာတွင် ရှင်းလင်းစွာ နားလည်နိုင်ရန်အတွက် ယခင်ပို့စ်များကိုပါ ဖတ်ရှုရန် လိုအပ်ပါသည်။ သင်္ချာဗေဒပို့စ်အားလုံးသည် မိမိ၏ ဘလော့ပေါ်တွင် တည်ရှိနေပါသည်။

မော်ဒန် သင်္ချာဗေဒသည် ပို့စ်တခုတည်းအနေဖြင့် အပြီးအပြတ် ရေးသားနိုင်သော အခြေအနေ မရှိခြင်း၊ စာဖတ်သူများ လွယ်ကူစွာ လေ့လာမှတ်သားနိုင်ရန် ရည်ရွယ်ခြင်း တို့ကြောင့် ပို့စ်များကို အခန်းဆက်သဖွယ် ရေးသားပေးသွားပါမည် ။

မော်ဒန်သင်္ချာဗေဒ၏ လေ့လာရန် လွယ်ကူသော ပထမဦးစွာ မိတ်ဆက်ရေးသားပေးခြင်း ဖြစ်ပါသည်။ မော်ဒန်သင်္ချာဗေဒအကြောင်း ပြီးစီးပါက - ဆရာကြီး ကိုင်ရို အသုံးပြုခဲ့သောစနစ်ကို ဆက်လက်ရေးသားပါဦးမည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
31.12.2021

H2
H3
H4
3 columns
2 columns
1 column
10 Comments
Ecency