တစ်နွယ်ငင် တစ်စင်ပါ အင်္ဂလိပ် စကားလုံးတွေကို အရင်းအမြစ်လေးတွေနဲ့ လေ့လာမယ်

ဒီ ပိုဒ့်ကို တော့ အင်္ဂလိပ်စာ လေ့လာနေသူတွေ နဲ့ စိတ်ဝင်စားသူတွေအတွက် ရည်ရွယ်ပါတယ်။ ကျွန်တော်တို့ အင်္ဂလိပ်စကားလုံး အချို့တော်တော်များများကို သူတို့ရဲ့ အရင်း အမြစ်နဲ့ ဆက်စပ်မှတ်သားရင် ပိုမှတ်ရလွယ်ပါတယ်။
(ကျွန်တော် ဖော်ပြမဲ့ စကားလုံး အရင်းအမြစ် စုစည်းမှုတွေကို Word Smart, 6th Edition အခန်း (၆) − "Word Roots You Should Know" ကနေထုတ်နုတ်ထားတာပါ။)
ဥပမာ အနေနဲ့ a (without) နဲ့ ဆက်စပ်တဲ့ အောက်ပါ စကားလုံး လေးတွေကို ကြည့်ကြည့်ပါမယ်။

word_smart.jpg

a (without) ဆိုတာက ကျွန်တော်တို့ သိထားပြီးဖြစ်တဲ့အတိုင်း "မရှိခြင်။း ကင်းမဲ့ခြင်း" ဆိုတဲ့ အဓိပ္ပါယ်ရှိတဲ့အတွက် သူ့နဲ့ တွဲတဲ့ စကားလုံးတွေအပေါ်မှာလဲ အဲဒီအဓိပ္ပါယ် သက်ရောက်စေပါတယ်။

  • amoral (adj) အမှားအမှန် မသိသော၊ အမှားအမှန် မခွဲခြားတတ်သော။
    (moralis (Latin) : custom)

    moralis ဆိုတာ လက်တင်ဘာသာမှာထုံးတန်းစဥ်လာကိုဆိုလိုတာပါ။
    ရှေ့မှာ a နဲ့ တွဲလိုက်တော့ ထုံးတန်းစဥ်လာကို မသိသော − အဲဒီကနေ အမှားအမှန် မခွဲခြားတတ်သော ဆိုပြီး စကားလုံး အဓိပ္ပါယ် ပြောင်းလာပုံပေါ်ပါတယ်။သတိထားရမှာက
    immoral နဲ့ ရောတတ်ပါတယ်။
    immoral (adj) စာရိတ္တမကောင်းသော။
    လို့ဆိုလိုတာပါ။

  • atheist (n) ဘုရားမဲ့ဝါဒီ။
    (theos (Greek) : god)

    ဂရိဘာသာစကားမှာ theos ဆိုတာ "နတ်ဘုရား''ပါ။ ဆက်စပ်စကားလုံးကတော့ theology ပါ။

  • atypical (adj) ပုံမှန်မဟုတ်သော။
    (typos (Greek) : model)

    ဂရိဘာသာစကား typos အဓိပ္ပါယ်က ''နမူနာပုံစံ" လို့ အဓိပ္ပါယ်ရလို့၊ အရှေ့မှာ a ထည့်လိုက်တော့ ပုံစံမကျသော အဲဒီကနေ ပုံမှန်မဟုတ်သော လို့ ဆိုလိုလာဟန်တူပါတယ်။

  • anonymous (adj) အမည်မသိသော
    (onyma (Greek) : name )

    ဒါကတော့ ကျွန်တော်တို့နဲ့ ရင်းနှီးပြီးသာ ဖြစ်ပါတယ်။

  • apathy (n) စိတ်ဝင်စားမှုမရှိခြင်း၊ ခံစားမှုမဲ့ခြင်း။
    (páthos (Greek) : experience, misfortune, emotion)

    ဂရိဘာသာစကား páthos "ခံစားချက်" ကနေ ဆင်းသက်လာတာပြီး compassion (စာနာတတ်ခြင်း), sympathy(ဂရုနာသက်ခြင်း), empathy (ထပ်တူခံစားခြင်း) စတဲ့ စကားလုံးတွေဒီ စကားလုံးနဲ့ ဆက်စပ်နေတာပါ ။

  • amorphous (adj) ပုံသဏ္ဍန်မရှိသော။
    (morphē (Greek) : form)

    ဂရိဘာသာစကား morphē "ပုံသဏ္ဍန်" နဲ့ a နဲ့ ပေါင်းထားတာပါ။ ပုံသဏ္ဍန်များစွာရှိတဲ့ အရာကို polymorphism လို့ခေါ်တာပါ။

  • atrophy (n) (ကြွက်သားစသည်) ကြုံလီ သေးငယ်သွားခြင်း။
    (trephein (Greek) to nourish)

    ဂရိဘာသာစကား trephein (to nourish) − "အာဟာရ ဖြည့်ဆီးပေးသည်" ဆိုတာ ကနေ a နဲ့ ပေါင်းလိုက်တော့ အဟာရချို့တဲ့ပြီး ပိန်လီလာတာကို ဆိုလိုဟန်တူပါတယ်။

  • apartheid (n) လူမျိုး အဆင့်အတန်း ခွဲခြားဆက်ဆံခြင်း။
    (Afrikaans, from apart apart + -heid - hood)

    heid ဆိုတာ အာဖရိကဘာသာစကားမှာ hood "အုပ်စု" လို့ အဓိပ္ပါယ်ရပြီး လူမျိုးခွဲခြင်း၊ အဆင့်အတန်းခွဲခြင်းဆိုတဲ့ apartheid စကာလုံး ဖြစ်လာတာပါ။

  • anomaly (n) ပုံမှန် မဟုတ်ပဲ မတူ ကွဲပြားနေခြင်း။
    (homalos (Greek) even, from homos - same )

    a(without)+homos(same) နှစ်ခု ပေါင်းထားတာပါ။

  • agnostic (n) ဘုရား ရှိခြင်း မရှိခြင်း အပေါ် မသိနိုင်ဟု ယုံကြည်လက်ခံသူ။
    ( gnōstós (Greek) known)

    a(without)+gnostos (known)ဘုရားသခင်နဲ့ ပါတ်သက်ပြီး မသိနိုင်ဘူးဆိုပြီး လက်ခံထားသူပါ

စကားလုံးတွေရဲ့ အသံထွက် ကိုတော့ "Collin Dictionary" မှာ ရှာပြီး နားထောင်နိုင်ပြီး ထုတ်နုတ်ထားတဲ့ စာအုပ်ကို အောက်ပါ လင့်ကနေ ရယူနိုင်ပါတယ်။ အဲဒီစာအုပ်ထဲမှာ အရင်းအမြစ်တူတဲ့ စကားလုံးတွေကို စာအုပ် အခန်း(၆)မှာ စုစည်းပေးထားတာကိုတွေ့ရမှာပါ။ ဆက်လက် လေ့လာနိုင်ကြပါစေ။ကျေးဇူးတင်ပါတယ်။

Source:

H2
H3
H4
3 columns
2 columns
1 column
10 Comments
Ecency