အားလုံးပဲ မင်္ဂလာပါ။
တစ်ခါတစ်လေ ကိုယ်ကိုတိုင်တောင် တစ်ဘက်ပိတ် စဉ်းစားတတ်တာမျိုးရှိတတ်ပါတယ်။ရှေ့အပါတ်က မန္တလေးက အကို ရောက်လာတယ်။ သူက ရှေ့နှစ်တုန်းက ထောပါတ်သီးစိုက်ဖို့ မြေ ဝယ်ဖြစ်ခဲ့ပါတယ်။ ဒီနှစ်ကျ သူ့မြေကွက် ပုံစံ ၇ လျှောက်ဖို့ဆိုတော့ ပုံစံရက ရှိနှင့်ပြီသား၊ ဒါပေမယ့် အကွက်နံပါတ်က ၁၈၄။ အဲဒါနဲ့ တစ်ရက်ကျတော့ သူ့အကွက်နံပါတ်က ၁၈၄ ဆိုတော့ ပေါင်းလိုက်ရင် ၁၃ ဆိုတော့ ဒုက္ခပဲတဲ့။ ကိုယ်လဲ ဘယ်လို ပြောရမလဲမသိ ဖြစ်မိတယ်။ ဒီမနက်ကျတော့ အစိုးရက ပြည်သူတွေကို မီးဖြတ်ပြီး လျှပ်စစ်ကို ပြည်ပနိုင်ငံကို ရောင်းစားနေတာ ဖြစ်နိုင်တယ်တယ်တဲ့။ ဘယ်ကကြားလာမှန်းမသိတဲ့ သတင်းနဲ့ ကိုယ်တွေကိုပါ ဦးနှောက်လိုက်စားတာပေါ့။ တစ်ရက်တစ်မျိုးမရိုးနိုင်အောင်ပါပဲ။ သူပြောတာ မှန်ချင်လဲ မှန်နေမှာပါ။ ဒါပေမယ့် ပြောချင်တာက ဒီလို စိတ်ရှုတ်စရာတွေကို ကြံဖန်တွေး တတ်သူလဲရှိတယ်ဆိုတာပါပဲ။ ဒီလို တွေးမယ်ဆိုရင်တော့ ကမ္ဘာကြီးက နေချင်စရာ မရှိတော့ပါဘူး။ ကျွန်တော်တို့ ပြဿနာ တစ်ခုကို ကြုံရင် ဖြစ်ဖြစ် အဆိုးမြင်တာတစ်ခုပဲ မဟုတ်ပဲ ဦးထုပ်လေးတွေပြောင်းဆောင်းပြီး တခြားရှုထောင့်တွေက နေလဲ ကြည့်သင့်တယ်ထင်ပါတယ်။
ကျွန်တော်ပြောတဲ့ ဦးထုပ်တွေကတော့ တကယ့်ဦးထုပ်တွေမဟုတ်ပါဘူး။ ဒေါက်တာ ရောဘတ် ဒီဘိုးနိုးရဲ့ စဉ်းစားမှုပုံစံ ခြောက်မျိုး ဦးထုပ်ခြောက်လုံးကို ပြောတာပါ။ အဲဒီဦးထုပ်ခြောက်လုံးတွေကတော့
၁။ ဦးထုပ်ပြာ - ပြဿနာကို ဘက်မလိုက်ပဲ ကြားနေ အနေအထားနဲ့ ကြည့်တာပါ။
- ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပြဿနာက ဘယ်လိုမျိုးလဲ။
- ဒီပြဿနာမှာ ဘာကို ဖြေရှင်းဖို့လိုတာလဲ။
- ဒီပြဿနာကို ဖြေရှင်းခြင်းဖြင့် ဘယ်လို အကျိုးကျေးဇူးရနိုင်လဲ။
- ပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့ ဘာနည်းလမ်းတွေရှိလဲ။
စသည်ဖြင့် စဉ်းစားတာဟာ ဒီ ဦးထုပ်ပြာ ဆောင်းတာပါ။
၂။ ဦးထုပ်ဖြူ - အချက်အလက်တွေကို ကြည့်တာပါ။
- ဦးထုပ်ခြောက်လုံးနည်းကို အစည်းအဝေးတွေမှာသုံးမယ်ဆိုရင် အစည်းအဝေးမစခင် ဆွေးနွေးမှု အကြောင်းအရာနဲ့ ပါတ်သက်တဲ့ အချက်အလက်တွေကို ကြည့်တာ၊ အစည်းအဝေး ပြီးပြီဆိုရင်လဲ ဆုံးဖြတ်ထားတဲ့ အချက်အလက်တွေကိုနဲ့ ပြန်ပြီးသုံးသပ်တာမျိုးပါ။
၃။ ဦးထုပ်စိမ်း - အတွေးသစ် စိတ်ကူးသစ်တွေကို တွေးတာပါ။
- ဒီအဆင့်မှာ အပျက်သဘောဆောင်တဲ့ အတွေးကို မတွေးရပါဘူး။ လှောင်ရီစရာကောင်းတဲ့ အတွေးဖြစ်ပါစေ ခွင့်ပြုထားပေးရပါမယ်။
၄။ ဦးထုပ်ဝါ - ဒီအဆင့်မှာ ရနိုင်တဲ့ ကောင်းကျိုး ရလဒ်တွေကို တွေးရတာပါ။
- ဦးထုပ်စိမ်းဆောင်းစဉ်ရရှိခဲ့တဲ့ စိတ်ကူး တွေကို အကောင်းဘက်ကတွေးတာမျိုး ဖြစ်နိုင်ပါတယ်။
၅။ ဦးထုပ်နီ - ကြောက်ရွံ့စိတ်၊ မုန်းတီးစိတ် စတာတွေကို အခြေခံပြီးတွေးတာဖြစ်ပါတယ်။
- ခံစားချက်အတွက် အကြောင်းပြချက်ပေးဖို့တော့ မလိုပါဘူး။
၆။ ဦးထုပ်နက် - ဦးထုပ်နက်ဆိုတော့ အဆိုးမြင်တဲ့ သဘောပါပဲ။ ဒါပေမယ့် ယုတ္တိရှိရှိ မြင်တာမျိုးဖြစ်ရပါမယ်။
- ခံစားချက်ပါတဲ့ ကြီးပဲတဲ့ အမြင် ဆိုရင်တော့ ဦးထုပ်နီဆောင်းတာ ဖြစ်သွားပါလိမ့်မယ်။
အခြေအနေ ပြဿနာ တစ်ရပ်ကို အောက် ပါ အစဉ်အတိုင်း သုံးသပ်သင့်တယ်လို့ဆိုပါတယ်။
အပြာ - အဖြူ - အစိမ်း - အဝါ - အနီ - အနက်
ရောင်တို့ပဲ ဖြစ်ပါတယ်။
source
ဦးထုပ်ခြောက်လုံးကို အစည်းအဝေးတွေမှာ အုပ်စု အတွက် ဖြစ်စေ၊ ဒါမှမဟုတ် မိမိတစ်ဦးထဲ အတွက် ဖြစ်စေ အသုံးပြုနိုင်ပါတယ်။
ဦးထုပ်လေးတွေ ပြောင်းဆောင်းပြီး ရှုထောင့်အသစ်တွေကနေ ကြည့်ရှု အဖြေရှာနိုင်ပါစေ။
ဒီအကြောင်းအရာကို ပိုမိုဖတ်ဖို့ဆိုရင် တော့ reference section က လင့်မှာ ဖတ်ရှုနိုင်ပါတယ်။ အားလုံး ကျန်းမာ ချမ်းသာကြပါစေ။
@princekham
11th Jan 2022
Myanmar
Ref:
https://www.tsw.co.uk/blog/leadership-and-management/six-thinking-hats/