ကိုယ်ယောင်ဖျောက်တတ်သော လှောင်ချိုင့်စံများအကြောင်း

nyimwa_hive_cover_photo.jpg

မဂ်လာပါ မြန်မာဟိုက်အဖွဲ့သားများခင်ဗျား။

ဒီကနေ့တော့ ကိုယ်ထင်ပြလာခဲ့ပါပီ။ ဒီလိုဆိုတော့ အရင်ရက်များက ကိုယ်ပျောက်နေသလားပေါ့။ မဟုတ်ရပါ ကိုယ်ပျောက်ဖို့ နေနေသာသာ ကိုယ်တစ်ကယ်ပျောက်သွားမှာ ကြောက်လို့ ပုန်းအောင်းနေကြရလို့ပါခင်ဗျ။

ယခုတလော တိုင်းပြည်အနှံ့မှာ ဖြစ်ပေါ်နေသော အခြေအနေများကြောင့် ကျွန်တော်အနေနှင့် အချို့သောနေ့များမှာ အင်တာနက်လိုင်းမတက်နိုင်ခဲ့ပါ။ အရင်ရက်များက ဆိုခဲ့သည့်အတိုင်း မီးပျက်လိုက်၊ မီးဖြတ်ခံလိုက်ရနဲ့ လျပ်စစ်မီးကို သုံးလိုက်သည်မရှိ ဖြစ်နေရသည်။ ထို့ထက်ပိုဆိုးသည်က အင်တာနက်ဒေတာလိုင်းများ ဈေးကြီးသွားသည်လည်းပါသည်။

ကံကောင်းချင်လို့ အနီးနားတစ်ဝိုက်က ဝိုင်ဖိုင်တစ်ခုအား သုံးခွင့်ရပြန်တော့လည်း မီးပျက်သည်နှင့် အချိန်တိုက်ဆိုင်စွာ ဝိုင်ဖိုင်ကိုလည်း သုံးနေရသည်မရှိ ဖြစ်ရပြန်၏။ ရှားရှားပါးပါး နေ့လည်ခင်းတွင် မီးလာနေ၍ ဝိုင်ဖိုင်သုံးမည်ဟု အားခဲသော်လည်း အိမ်မှု့ကိစ္စများက ပုဆိုးစကို ဆွဲထားသည့်အလား စာရေးပီးပိုစ်တင်ရန် အခွင့်အလမ်းက မရပြန်ရှိရပြန်၏။

ဒီလို အခက်အခဲလေးများ ရင်ဝယ်ပိုက်လို့ အွန်လိုင်းပေါ်သို့ ကိုယ်ထင်ပြလိုက်၊ သူ့အလိုလို ကိုယ်ပျောက်သွားလိုက် ဖြစ်နေရတော့သည်။ ကိုယ်ကိုယ်တိုင်က ကိုယ်မဖျောက်တတ်သော်လည်း ကံဇာတာက အားပေးလာပြန်တော့ အလိုလိုပင် ကိုယ်ပျောက်ရလေတော့သည်။

ယနေ့သည်လည်း အခါတိုင်းနေ့များလို အချိန်တို့သည် လွင့်ပါးကုန်ခမ်းသွားကြပြန်သည်။ အခါတိုင်းနေ့များဟု ဆိုလိုခြင်းမှာ ဘာမှ မယ်မယ်ရရ မလုပ်လိုက်ရပဲ ဟိုယောင်ယောင် ဒီယောင်ယောင် အခြေအနေနှင့် တစ်နေကုန်သွားရခြင်းဖြစ်သည်။ ဘာလို့ ယောင်ခြောက်ဆယ် ဖြစ်နေရသနည်းဟု ဆိုပြန်လျင်လည်း ဖြစ်ချင်လို့မဟုတ် သူ့အလိုလို ဖြစ်နေရခြင်းလို့သာ ပြောလိုက်ချင်တော့သည်။

အချိန်များ ကုန်ဆုံးခြင်းနှင့်အတူ တစ်စုံတစ်ခုသော အကျိုးရှိသည်ကို လုပ်နေချင်ပါ၏။ သို့သော်လည်း အိမ်ပြင်ထွက်၍ ဗဟုသုတရှာရန် မဖြစ်နိုင်ချေ၊ လမ်းမကြီးထက်သို့ပင် မတက်ရဲ ဖြစ်နေရသည်။ နေရာအနှံ့ အုန်းအုန်းမည်သံတို့ စည်ကားနေချိန် မိမိတို့နေအိမ်တွင်သာနေရင်း ပါတ်ဝန်းကျင်သတင်းကို နားစွင့်နေကြရသည်။

အင်တာနက်ကအဖြတ်ခံရသည်။ လျပ်စစ်မီးကဖြတ်တောက်ထားသည်။ ဝိုင်ဖိုင်ကိုလည်း မီးမလာတော့သုံးမရ၊ ဘက်ထရီဖြင့် ကြံဖန်ကာ ဝိုင်ဖိုင်စက်ကို ပါဝါပေးသော်လည်း ခဏတာသာ သုံးလိုက်ရသည်။ ဘက်ထရီအားကုန်လျင် ပါဝါအားမရ၍ ဝိုင်ဖိုင်စက်မှာ ပိတ်သွားရသည်။ ထိုထိုသော အကြောင်းများကြောင့် အိမ်မှာပင်နေ၊ ရှိတာလေးထုတ်စား၊ အိမ်မှုကိစ္စလေးများ ဟိုတစ်ခု ဒီတစ်ခုတကာလုပ်၊ ဒီထက်ပို၍ အချိန်ကျန်နေသေးလျင် ခြံအတွင်းစိုက်ထားသော သီးပင်စား၊ပင်လေးတွေကို ရေလောင်းပေါင်းသင်လုပ်ပေး ဒီလိုနှင့် ကျွန်တော်၏ တစ်နေ့တာ အချိန်တို့ကို ကုန်ဆုံးနေရသည်။ လူဖြစ်ရှုံးပေစွ။

ဒီလိုအခြေအနေမျိုးနှင့် နေထိုင်နေကြရသည်မှာ ကြက်ခြံထဲက ကြက်ကလေးများကဲ့သို့ မိမိကိုယ်ကို ပြန်မြင်ယောင်နေမိသည်။ အင်မတန်ကြီးမားသော ကြက်ခြံကြီးဖြစ်ချေလိမ့်မည်။ ရပ်ကွက်ကြီးသာမက မြို့ကြီးတစ်မြို့လုံးကို ကြက်ခြံအဖြစ်ပုံသွင်းထားခြင်း ခံနေရသည်။ အံကိုကြိတ်ကာ လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ရင်း မ---အ--လ နင်သေမှအေးတော့မည်လို့ ကြိမ်းဝါးနေမိတော့သည်။ ကျွန်တော်တို့ အဖြစ်က ကိုယ်ယောင်မဖျောက်တတ်သော်လည်း ကိုယ်ပျောက်နေရသောဘဝ။ အသက်ရှင်နေရသော်လည်း လွတ်လပ်စွာမနေရ လှောင်ချိုင့်စံဘဝလိုဖြစ်နေပြန်သည်။

ထို့ကြောင့်ပင် ကျွန်တော်သည် ကိုယ်ယောင်ဖျောက်တတ်သော လှောင်ချိုင့်စံများအကြောင်းကို မှတ်တမ်းတစ်ခုအနေနှင့် ပိုစ်တစ်ခုပြုစုရေးသားလိုက်ရပါတော့သည်။

မြန်မာဟိုက်အဖွဲ့သားများ ပိတ်လှောင်ခံနေရသော အဖြစ်များမှ လွတ်ကင်းနိုင်ကြပါစေ။

@nyimwa

dqmetjuhgm2ygjsswdd1yz7cbknwcmumjcuoagnswkumoxe_1680x8400.jpg
mwa_leaderboard_728x90_px_2_.jpeg

dqmetjuhgm2ygjsswdd1yz7cbknwcmumjcuoagnswkumoxe_1680x8400.jpg

H2
H3
H4
3 columns
2 columns
1 column
22 Comments
Ecency