မဂ်လာပါ။
တနေထွက်လို့ တနေဝင်သွားသည်။ နေ့တဓူဝ လုပ်ငန်းများ လုပ်ကိုင်နေရင်း စဉ်းစားမိသည်က ဒီလိုပုံနဲ့ မိုးကြီးချုပ်သွားလျှင် ဘာလုပ်ကြမည်နည်း။
ဟုတ်သည် တနေ့ပီးတနေ့သာ ကုန်သွားသည် ကျွန်တော်တို့ နေထိုင်ရာ မြို့ကလေး၊ ထိုမှသည် ကျွန်တော်တို့ ရပ်ကွက်ကလေးရှိ နေထိုင်ကြသော မိသားစုများမှာ အကျယ်ချုပ်ကျနေလေရော့သလားဟုပင် မှတ်ထင်နေရတော့သည်။
ကျွန်တော်တို့ ရပ်ကွက်လေးသည် မြို့စွန်ရပ်ကွက်၊ မြို့သစ်ရပ်ကွက်လေးဖြစ်သည်။ လူနည်းစုမှာ ချမ်းသာ၍ အေးအေးလူလူနေချင်လို့ ခြံဝင်းကျယ်ကြီး လာဝယ်ထားကြသည်။ တိုက်အကြီးကြီးဆောက်ကာ လူနှစ်ရပ်လောက် အုတ်တံတိုင်းကြီးများ ကာထားကြ၏။ ထိုလူများကိုတော့ ရပ်ကွက်တွင်းနေထိုင်ကြသည်ဆိုသော်လည်း ရပ်ကွက်နှင့် အဆက်ပြတ်နေထိုင်နေကြသည်။ ရပ်ကွက်သားများမဟုတ်ဟုပင် စာရင်းမှတ်သင့်သည်။
နောက်ထပ် လူများစုကတော့ နေ့စဉ် အလုပ်ကြမ်းများလုပ်ကြလျက် ဝမ်းရေးအတွက် ရပ်တည်နေထိုင်ကြသော ဆင်းရဲသည့် လူများစုနေထိုင်ရာ ရပ်ကွက်ဖြစ်သည်။ ရှိသေးသည် လူဆင်းရဲလဲ စာရင်းမဝင် လူချမ်းသာလည်းမဟုတ်ကြသည့် လူနည်းစု တစ်မျိုးရှိသေးသည်။ သူတို့မှာကား အငြိမ်းစားများနေထိုင်ရာ အစုဖြစ်သည်။ သူတို့ အစုကတော့ တစ်ချို့က အနည်းငယ်ငွေသုံးနိုင်သည်။ တစ်ချို့က အသင့်အတင့်၊ တစ်ချို့ကတော့ ချိုးခြံချွေတာ သုံးစွဲကြပီး ဘဝကို တည်တည်တန့်တန့် ရပ်တည်နေထိုင်ကြသော ပညာတတ်လူတန်းစားတစ်မျိုးဖြစ်သည်။
ထိုလူများအကြား ကွဲပြားနေသည်က ကျွန်တော်တို့လို မိသားစုလေးများ ရှိသေးသည်။ ယခင် ဖခင်ကြီးလက်ထက်တုန်းက ကျွန်တော်တို့ မိသားစုသည် အငြိမ်းစားဝန်ထမ်းများမိသားစုစာရင်းအသွင်းခံရသည်။ ဖခင်ကြီးမရှိတော့ ကျွန်တော်တို့ အလှည့်တွင် အငြိမ်းစားလည်းမဟုတ်၊ ပညာတတ်ကြီးလည်းမဟုတ်၊ သူဌေးလဲမဟုတ်၊ ဈေးသည်မိသားစုဖြစ်၍လာပါတော့သည်။
ကောင်းပါပီ နိဒါန်းအစာကို ပြန်သွားရလျှင် ဒီလိုမိသားစုများတွင် ရင်နှစ်သည်းချာ သားသမီးရတနာများ မုချရှိသည်ကတော့ ဘုံတူသော အရာဖြစ်သည်။ ထိုသားသမီးလေးများတို့အား ကိုယ်စီတတ်နိုင်သော အထောက်အပံ့များဖြင့် အသိဉာဏ်ပညာမြင့်မားလာစေရန် ပညာရွှေအိုးတို့အား အပ်နှင်းပေးတတ်ကြသည်။
ယခုသော်ကား တနှစ်ဆိုသော အချိန်သည် ကုန်လွန်သွားချေပီ။ ကျွန်တော်တို့ သားသားမီးမီးတို့ စာမသင်နိုင်သည်မှာ နှစ်ပေါက်၍လာပီဖြစ်သည်။ တစ်ချို့သော တတ်နိုင်သည့် မိသားစု အသိုင်းအဝိုင်းတွင် အွန်လိုင်းစာသင်ခန်းဆိုသည်ကို အင်တာနက်၊ ဝိုင်ဖိုင်များထောင်ကာ ကွန်ပျူတာများဖြင့် သားသမီးတို့အား အွန်လိုင်းမှ စာသင်ပေးနေကြသည်။ အားကျစရာပါပေ။ သို့သော် ထိုသို့ အွန်လိုင်းစာသင်သူအရေအတွက်မှာ ကျွန်တော်တို့ရပ်ကွက်တွင်ပင် လက်ချိုးရေလို့ရသည်။ အိမ်ထောင်စု ၁၀၀ တွင် ၁စုလောက်သာ ထိုသို့ စာသင်ပေးနိုင်သည်။ ကျန်သည့် အစုတို့ကား ပိုနေမြဲ ကျားနေမြဲသာ။
ဒါတွေတွေးမိတော့ ကျွန်တော့်အတွေးတို့သည် လက်လှမ်းမမှီသော အရာကို အတင်းဇွတ်တွေးယူနေရသလိုဖြစ်၍ စိတ်ပင်ပမ်းလှပါသည်။
ဒီလိုပုံနဲ့ မိုးချုပ်သွားလျှင်တော့ ---