ဝါသနာနှင့် ကျန်းမာရေး

လွန်ခဲ့သော ငါးနှစ်ကျော်လောက်က ကျန်းမာရေးအတွက် ကျုံးဘေးမှာ နေ့စဉ်လမ်းလျှောက်ဖြစ်သည်။ အမှန်တကယ်က တကယ်ကျန်းမာရေးလိုက်စားချင်လို့လျှောက်ခြင်းမဟုတ်။ သူငယ်ချင်းက ကျမကျန်းမာရေးကို စိတ်ပူပြီးသူနဲ့အတူ အတင်းလျှောက်ခိုင်းလို့သာ လျှောက်ခြင်းဖြစ်သည်။

img_0.6921006760249434.jpg

လျှောက်နေကျမဟုတ်တော့ စ၍လျှောက်သည့်နေ့မှာ အရမ်း ညောင်းပြီး ညကျ တချိုးတည်းအိပ်ပျော်သွားသည်။ နောက်တစ်နေ့ ကျ ခြေထောက်တွေ နာနေသဖြင့် ဆက်လျှောက်ဖို့ လက်တွန့်မိသည်။ ကျမကလမ်းလျှောက်လျှင် နှေးနှေးလျှောက်တတ်သူ၊ သူငယ်ချင်းက မြန်မြန်လျှောက်တတ်သူ ဖြစ်သဖြင့် သူ့ခြေလှမ်းကို မှီအောင် အပြေးတပိုင်းလေးလျှောက်ရသဖြင့် မောလဲမော၍ မလျှောက်ချင်ခြင်းဖြစ်သည်။

သို့ပေမယ် နောက်ရက်များကျ သူကစောင့်ခေါ်ပါသည်။ ကျမလည်း ကျန်းမာရေးလက်ဆောင်ပေးနေခြင်းကို နားလည်သည့်အတွက် ကြိုးစားပြီးလျှောက်ပါသည်။ ဒါတောင် တခါတလေ ရုံးအလုပ်တွေ အိမ်ပါလာလျှင်ဖြစ်စေ၊ ကျမကိုယ်ရေးကိုယ်တာတွေ အကြောင်းပြ၍ဖြစ်စေ တရက်တလေ လမ်းလျှောက်ပျက်တတ်သည်။

img_0.9831376931477102.jpg

နောက်ရက်တွေကျ ကျုံးဘေးကို လမ်းလျှောက်ရင်း အပြန်တွင် ဆုတောင်း ပြည့်ဘုရားကို နေ့စဉ်ဝင်၍ဖူးကြသည်။ ဆောင်းရာသီလို နေဝင်စောသောကာလများတွင်တော့ အိမ်ကိုတန်းပြန်ကြသည်။ လမ်းလျှောက်သည့် ကာလတလျှောက် နွေမိုးဆောင် ဉတုအလီလီပြောင်းသလို ကျုံးမြို့ရိုး၏ အလှကလည်း တစ်ရာသီနှင့် တစ်ရာသီမတူညီပေ။ ထို့ကြောင့် ကျုံးရှုခင်းကို ခဏခဏ ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ဖြစ်သည်။

၂၀၁၉ ခုနှစ်လောက်ကတော့ ရုံးကအမတစ်ယောက်က ကျုံးဘေးမှာလမ်းလျှောက်ရင်း ကျန်းမာရေးအကတစ်ခုမှာ ဝင်ကစားဖြစ်သည်။ သူမကစား၍ တစ်ပတ်လောက်နေတော့ ကျမကိုပါ လိုက်ကရန် အဖော်စပ်သည်။ သူငယ်ချင်းနှင့် လမ်းလျှောက်နေစဉ်ကာလမှာ ကျုံးအတွင်းမှဆောင်းဘောက် နှင့် သီချင်းများဖွင့်၍ ကျန်းမာရေးအက ကနေသည်ကို မြင်ပြီး စိတ်ဝင်စားသော်လည်း ဝင်ရောက်ကကြည့်ရန် စိတ်မကူးခဲ့ပေ။

img_0.38346061644155716.jpg

ယခုတော့ အဖော်ကောင်းသဖြင့် ကမည်ဟုပြောလိုက်သည်။ သို့နှင့် အတူလမ်းလျှောက်နေကျသူငယ်ချင်းနှင့် ကျုံးဘေးလိုက်လာပြီး ရုံးကအမနှင့်အတူ ကျန်းမာရေးအက ဝင်ကဖြစ်သွားသည်။ သူငယ်ချင်းကတော့ လမ်းပဲလျှောက်စေချင်သော်လည်း ကျမအိမ်မှာထိုင်ပြီး အညောင်းမိသည်ထက်စာလျှင် သင့်တော်သဖြင့် ဘာမှမပြောဘဲ လိုက်ပို့ပါသည်။

img_0.4081883931195455.jpg

ပထမတစ်ရက် စ ကသောနေ့တွင် ကကွက်များကို မမှတ်မိသော်လည်း ရက်ကြာလာသောအခါ တီးလုံးသံကြားသည်နှင့် ဘယ်ကကွက်လာမည်ဆိုသည်ကိုပါ ခန့်မှန်း မိလာသည်။ ကျမကလည်း ထိုအကကို စိတ်ဝင်စား ၍လည်းဖြစ်မည်။ ထိုသို့ က သည့်အတွက်အခကြေးငွေပေးစရာ မလိုပေ။ လာရောက်ကသူများမှာ မန္တလေးမြို့ နေရာစုံမှ အရွယ်စုံဖြစ်သည်။ ဦးဆောင်သင်ပေးသူက တရုတ်မဖြစ်၍ တရုတ်မတွေ များသည်။

ကျန်းမာရေးလေ့ကျင့်ခန်းပြီးသောအခါ ဇွန်းဘာအကကိုသင်ပေး သည်။ တစ်ခါတလေ Dancer သင်တန်းမှာ သင်တန်းဆရာ ကိုယ်တိုင်လာသင်ပေးလေ့ရှိသည်။ ကျမမှာ သူငယ်ချင်းက လမ်လျှောက်ခေါ်တုန်းက လမ်းမလျှောက်ချင်၍ ဆင်ခြေဆင်လက်များသလောက် ယခုကျန်းမာရေးအက ကပြီဆိုတော့မှ လမ်းလျှောက်သွားရန် စိတ်အားထက်သန်နေသဖြင့် သူငယ်ချင်းကတောင် ဝမ်းသာနေသည်။

၂၀၁၉ ဒီဇင်ဘာလရောက်တော့ ခရစ္စမတ်အတွက် ကကွက်အသစ် သင်ပေးသည်။ ထိုအချိန်တွင် တရုတ်နိုင်ငံ၌ ကိုဗစ်စတင်ကူးစက် နေချိန်ဖြစ်၍ သင်တန်းကို ခေတ္တနားလိုက်သည်။ နောက်တစ်လလောက်အကြာထပ်ဖွင့်ချိန်တွင် လူစုလူဝေးမစုရ အမိန့်များထွက်လာ၍ သင်တန်းကိုနားလိုက်ရသည်မှာ ယခုအချိန်ထိ ထပ်မဖွင့်တော့ပေ။

img_0.7011693270815803.jpg

ကျန်းမာရေးအတွက်ဆိုပေမယ့် ကိုယ်ဝါသနာပါသောကြောင့် ထိုအကကို လေးလေးစားစားသင်ယူခဲ့သည်။ သင်ယူခဲ့သလိုလည်း ထိုကာလများတွင် စားကောင်းအိပ်ကောင်းရှိခဲ့သည်။ အစပိုင်းတွင် သင်တန်းမှာ မကဖြစ်သော်လည်း အိမ်မှာလေ့ကျင့်ကြည့်သေးသည်။ နောက် အမအိမ်ရောက်တော့ မကဖြစ်တော့ပေ။ အမတို့အိမ်သို့ ကျမတို့ရောက်ပြီး သိပ်မကြာခင်မှာပင် လမ်းလျှောက်စက် ကလည်း ပျက်သွားသဖြင့် လမ်းလည်းမလျှောက်ရတော့ပေ။

သို့ပေမယ့် ကျန်းမာခြင်းဟာ ချမ်းသာခြင်းဆိုတာကို နားလည်သည့် အတွက် အပြင်ထွက်၍လမ်းမလျှောက်ဖြစ်သော်လည်း အိမ်ထဲ၌သာ လမ်းလျှောက်ဖြစ်သည်။ တစ်ရက်တစ်ရက် အိမ်အပေါ်ထပ်နှင့် အိမ်အောက်ထပ် လူးလားခေါက်တုံ့ခေါက်ပြန်လှေကား တက်ရသည်မှာ မှတ်ထားလျှင် ခြေလှမ်းငါးရာလောက်တော့ ရှိမည်။ ဒါတောင် အိမ်ရှေ့မှအိမ်နောက်သို့လျှောက်သောခြေလှမ်းတွေ မပါသေး။ ဘာပဲပြောပြော ထိုင်နေသည်ထက်စာလျှင် အိမ်ထဲမှာ လှုပ်လှုပ်ရှားရှားဖြင့် လမ်းလျှောက်နေသည်ကမှ တော်ပေသေးသည် မဟုတ်ပါလား။

@nweoomon
30-11-2021

H2
H3
H4
3 columns
2 columns
1 column
16 Comments
Ecency