မမျှော်လင့်ဘဲ သွားခဲ့မိသော ခရီးစဉ်လေးတစ်ခု

တစ်နေ့က မမျှော်လင့်ဘဲ စစ်ကိုင်းအနီးမှ မိဘများ၏မွေးရပ်မြေကို မရည်ရွယ်ဘဲ ရောက်သွားခဲ့သည်။ ရွာကအဒေါ်နှစ်ယောက်ကို အတူနေသားနှင့် ချွေးမဖြစ်သူတို့က မကြည့်ရှုသဖြင့် ရပ်ရွာက စောင့်ရှောက်ပေးနေရသည်ဟုကြားရချိန်၊ ပြီးတော့ ကျမတို့ကျောင်းအလှူကို အကျွေးအမွေးဖြင့် ထပ်မံလှူချင်သော တတိယအမက နေပြည်တော်ရှိအမကို လှမ်းတိုင်ပင်ရာက ရွာသွားရန်အကြောင်းဖန်လာသည်။

img_0.17303214038591774.jpg

သို့နှင့် ပြီးခဲ့တဲ့သောကြာနေ့ကတော့ ရွာကဆရာတော်ထံ အဒေါ်နှစ်ဦးလည်း သက်ရှိထင်ရှားရှိနေချိန် နေပြည်တော်ကဒုတိယအမကလည်း မန္တလေးကိုရောက်လာချိန်ဖြစ်၍ ရွာက ကျောင်းရေစက်ချတွင် အကျွေးအမွေးနှင့် ထပ်၍ ကုသိုလ်ယူချင်သည် ဟုဖုန်းဆက်လျှောက်လိုက်ရာ ကျောင်းထိုင် ဆရာတော်က ရွာတွင် နှမ်းရိတ်ချိန်ဖြစ်၍ တစ်ရွာလုံးမအားလပ်သောကြောင့် အလှူမလုပ်သေးရန် ပြန်ပြောလာသည်။ သို့ဖြင့် အလှူမလုပ်ဖြစ်သေးပေ။

img_0.16447619237313854.jpg

ထိုအခါ ဒုတိယအမက အလှူမလုပ်ဖြစ်လဲ သူရောက်နေစဉ် ရွာကို အလည်သွားချင်သည် ပြောသောကြောင့် ညီအမတသိုက်ကားလေးဖြင့် ရွာသို့ သွားခဲ့ကြသည်။ လမ်းတွင် စစ်ကိုင်းဈေးသို့ဝင်၍ အဒေါ်နှစ်ဦးအား ကန်တော့ရန် ဟင်းအခြောက်အခြမ်းများဝယ်ယူပြီး ရွာသို့ခရီးဆက်ခဲ့ကြသည်။ ဆရာတော်ထံ ဦးစွာဝင်ကန်တော့၍ အဒေါ်တို့အိမ်သို့ ထွက်လာခဲ့ကြသည်။ ဪ... အဒေါ် နှစ်ဦးကို ကြည့်ရတာ တစ်ခေါက်နှင့် တစ်ခေါက် တော်တော်အိုစာသွားပါလား။ ကျမတို့ညီအမတစ်စုကို မြင်သောအခါ ဝမ်းနည်းဝမ်းသာဖြစ်ပြီး ငိုပါလေတော့သည်။

img_0.8376843987121924.jpg

အဒေါ်ကြီးမှာ အသက်အရွယ်အားဖြင့် (၇၀)နားနီးနေပြီး ရံဖန်ရံခါမှတ်ဉာဏ် ချို့ယွင်းနေတတ်သည်။ ရောဂါကြောင့်ရော အသက်ကြောင့်ပါဖြစ်နိုင်ပါ သည်။ သူမေ့တတ်ပုံကလည်း သနားစရာ။ ရေချိုးပြီး မှန်းမသိ၊ ထမင်းစားပြီးမှန်းမသိ အိမ်ထဲတစ်နေကုန်ထိုင်နေတတ်ပြီး လမ်းလျှောက်သောအခါ လဲကျမှာစိုးသလို တရွေ့ရွေ့ လေးလျှောက်တတ်သည်။ ကျန်းမာစဉ်က ဒီလိုမဟုတ်ပေ။ အဒေါ်နှစ်ယောက်လုံး ပါးပါးလျလျဖြင့် သွက်လက်ကြသည်။

img_0.9887337927737807.jpg

အဒေါ်ငယ်ကအပျိုကြီး။ အမကို ချက်ပြီးသားခူးခပ်ကျွေးယုံကလွဲပြီး အဒေါ်ကြီးကို သန့်ရှင်းစေရန် မလုပ်တတ်။ အိမ်စောင့်။ ထမင်းချက် သာရသည်။ သားနှင့် ချွေးမကလည်း အဒေါ်နှစ်ဦးအသက်ကြီးသည် ကိုအကြောင်းပြပြီး အိမ်၌သာနေစေတော့သည်။ သားနှင့် ချွေးမ ကလည်း တစ်နေကုန် တောအလုပ်နှင့်ရှုပ်။ အဒေါ်နှစ်ဦးနှင့်လည်း စကားမပြောတော့ သူမတို့၏ ဝေယျာ ဝစ္စကို လုပ်မပေးပေ။ မြေးတွေမှာလည်း ယောင်္ကျားလေးများသာဖြစ်သော ကြောင့် ဆော့ကစားရန်သာသိသည်။

img_0.3288852181891591.jpg

အဒေါ်နှစ်ယောက်မှာ တောသူဘာဝရိုး,အပြီး နှမြောတတ်သော အကျင့်ရှိသည်။ ယခင်အခေါက်ရွာရောက်စဉ်က ကျမတို့ညီအမ များစုပေါင်းကန်တော့သောငွေကိုလည်း မစားရက်မသောက်ရက် စုထားပြီး မြေအငယ်ကောင်ကသုံးသည်ဟုကြားရသောကြောင့် စိတ်မကောင်းဖြစ်မိသည်။ သို့ကြောင့်လည်း ယခုတစ်ခေါက်တော့ ငွေမကန်တော့တော့ပဲ ဟင်းအခြောက် အခြမ်းများသာ ဝယ်ကန်တော့ခဲ့သည်။

img_0.6482418995660167.jpg

အဒေါ်တို့အားကန်တော့ပြီး ဆရာတော်ထံပြန်မည့်အကြောင်း ဝင်လျှောက်တော့ ဆရာတော်မှ ကျောင်းတွင်စိုက်ပျိုးထားသော ငှက်ပျောဖီးများနှင့် နွားနို့များကို လက်ဆောင်ပြန်ပေးလိုက်သေးသည်။ ရွာမှအပြန် ဒုတိယအမက
စဉ့်ကိုင်ခြံမရောက်ဖူးသေးဟုဆိုသဖြင့် စစ်ကိုင်းလမ်းခွဲမှတဆင့် စဉ့်ကိုင်ခြံသို့ ဝင်ခဲ့ကြသေးသည်။

img_0.31590620626253696.jpg

စဉ့်ကိုင်ခြံမှ ငါးကန်မှာ တာဘောင်ပြိုသောကြောင့် ဒုဌဝတီမြစ်ထဲ ငါးကန်မှ ငါးများမျောပါသွားမှာစိုးသဖြင့် ရေစုပ်ထုတ်ထား၍ ရေသိပ်မရှိပေ။ ကန်ထဲက ငါးများမှာလည်း တစ်ကြိမ်ဖော်ထားသောကြောင့် သိပ်မရှိ။ တစ်ရက်ကအိမ်ယူလာသောကြောင့် ကြော်စားဖြစ်ကြသေးသည်။ သူများအသက်မို့သိပ်မပြောချင်သော်လည်း တီလားဗီးယားငါးကြော် လေးမှာ မွှေး၍ချိုနေသည်။ ဈေးထဲကဝယ်သောငါးများလို ဒိုက်စော်မနံပေ။

သံပုရာခြံထဲရောက်၍ သံပုရာသီးခူးမည်ကြံသေးသည်။ အသီးက သိပ်မရှိသေးသောကြောင့် မခူးဖြစ်ခဲ့ပေ။ တူလေးက ငါးများကို အစာကျွေးသည်ကိုသာ ထိုင်ကြည့်ပြီး ညနေလေးနာရီလောက်မှ ပြန်လာကြသည်။ အမ
နှစ်ယောက်ကို သူတို့အိမ်ပြန်ပို့ပြီး အိမ်ပြန်လာရာ တူလေးကဟော့ပေါ့ဝယ်ကျွေးသဖြင့် စားလိုက်ရသေးသည်။ ညရောက်တော့ ညီအမလေးယောက် စကားတွေဖောင်ဖွဲ့ပြောဆိုပြီး ညဉ့်နက်မှ အိပ်ရာဝင်ခဲ့ကြသည်။

အခုတော့ အရာအားလုံးပုံမှန်နေသားတကျဖြစ်သွားပါပြီ။ ရွာက အဒေါ်နှစ်ယောက်ကိုလည်း အိမ်နီးချင်းများထံအပ်ခဲ့ပြီး နေ့စဉ် ဖုန်းဆက်၍ အခြေ အနေကိုမေးမြန်းနေရသည်။ အဒေါ်ကြီး၏ ကျန်းမာရေးကို သိပ်အားမရပေ။ နေပြည်တော်ကအမလည်း ပြန်သွားပြီဖြစ်လို့ သူ့မြေးနှင့်အတူ မူကြိုတက် နေပေရော့မည်။ ဪ…မိဘနှစ်ပါးလုံးဆုံးပါးသွားတဲ့အချိန် အသက်တွေကြီးလာတော့ ကျမတို့ညီအမတွေ ဖွင့်မပြောပေမယ့် တစ်ဦးနှင့်တစ်ဦး သံယောဇဉ်တွေ ပိုတွယ်တာမိလာတာ သဘာဝပဲလား။

@nweoomon
2-12-2021

H2
H3
H4
3 columns
2 columns
1 column
15 Comments
Ecency