တစ်နေ့က ရွာက ဘုန်းဘုန်းက ဘုန်းကြီးကျောင်းရဲ့ အရှေ့ဘက်က လမ်းကို ကွန်ကရစ်လမ်းလေးခင်းချင်တယ်ဆိုပြီး အမဆီကို ဖုန်း ဆက်ပြီး အလှူခံတယ်။ အမကလည်း ကိုယ်ထိလက်ရောက် လှူချင်တော့ ကျမတို့တစ်တွေ အမေ့ဇာတိရွာကို တစ်ခေါက်ရောက် ခဲ့ရပြန်တယ်။ မနေ့ကခရစ္စမတ်နေ့မှာသွားလှူတာဆိုတော့ အလှူက အမှတ်တရပါပဲ။
(ဘုန်းဘုန်းဧည့်ခံတဲ့ အချိုပွဲများ)
(စားနေတုန်း နောက်ထပ် မုန့်ပေါင်းရောက်လာတာ)
ခါတိုင်းဆို အိမ်ကတူက အလုပ်ကတရစပ်များနေတာ။ မနေ့က သွားဖို့ကို လွန်ခဲ့တဲ့သုံးလေးရက်လောက်ကတည်းက ဘွတ်ကင်လုပ် ထားရတာ။ နို့မို့ သူ့အလုပ်က ခန့်မှန်းမရဘူး။ ခုတော့ အေးအေးဆေးဆေးလေးအိမ်ကထွက်ရတယ်။ မနက်ကိုးခွဲလောက်မှ အိမ်က ထွက်ပြီး နယူးပဲရစ္စ်မှာ မနက်စာစားပြီးတဲ့အခါကျ မနက်ဆယ်နာရီကျော်ပြီ။ ရွာရောက်တော့ (၁၁:၀၀)နာရီ။
(ဗိုက်ချောင်အောင်မို့ ရွာလမ်းခင်းတာ လိုက်ကြည့်ကြတာ)
ရွာလမ်းကုသိုလ်အတွက် အမက ငွေ(၁၀) သိန်း မတည်ပေးတယ်။ ဘုန်းဘုန်းက (၅) သိန်း၊ ရွာသူရွာသားတွေ ဆီက ကောက်ခံရသမျှ က ခုတော့ ငါးသိန်းကျော်ပေါ့။ အလှူငွေ ကောက်နေတာတော့ မပြီး သေးဘူး။ အဲ့လမ်းက မိုးရွာရင် ရွံ့တွေ၊ ဗွက်တွေနဲ့သွားမရဘူး။ ပြောလို့သာပြောရတာပါ။ ရွာတစ်ခေါက်သွားရင် မျောက်ဖြူပဲ။ ကောင်းမှုတော်မရောက်ခင် ရွာကိုဝင်တဲ့ လမ်းကတည်းက မြေလမ်းဆိုတော့ ကားတစ်စီးလောက်ဖြတ်သွားရင် ဖုန်တွေချည်းပဲ။ အဲ့တာကြောင့် ရွာသွားရင် ဖုန်ကာဖို့ သဘက်တစ်ထည်ကို သပ်သပ်ဆောင်ထားရတယ်။ အခုအမလှူတာက အဲ့လမ်းမဟုတ်ပါဘူး။ ရွာထိပ်ကနေ ဘုန်းကြီးကျောင်းထိ မြေလမ်းကို ကွန်ကရစ်ခင်းတဲ့လမ်းပါ။
(ဒါက ရွာပြန်တဲ့ ဒီဇိုင်း)
(ဖုန်တွေ များလွန်းလို့ အဲ့လိုကာကွယ်ရတာ)
ဘုန်းဘုန်းက ကျမတို့ရွာလာတိုင်း ဧည့်ဝတ်အလွန်ကျေတယ်။ ဒါ့ကြောင့် ရွာရောက်ရင် ဘုန်းဘုန်းကျောင်းကို အရင်ဦးဆုံးဝင် ကန်တော့တာ။ အမေတို့ရှိတုန်းကတော့ ဘုန်းဘုန်းနဲ့ သိပ်မရင်းနှီး သေးဘူး။ အမေဆုံးပြီး ညီအမတစ်စု ဘုန်းဘုန်းကျောင်းမှာ ကျောင်း ဆောင်လှူတော့မှ ဘုန်းဘုန်းနဲ့ပိုရင်းနှီးသွားတာ။ ပြောရရင် ဘုန်းဘုန်းနဲ့ကျမတို့ကလည်း အမျိုးတော်တယ်။
ကျမတို့ရောက်တော့ ဘုန်းဘုန်းကမရှိဘူး။ လမ်းခင်းဖို့ ဘိလပ်မြေ ကားရောက်နေလို့ ငွေသွားချေတာတဲ့။ ဒါနဲ့ ကျမတို့တွေလည်း ဘုန်းဘုန်းမယ်တော်ကြီးဧည့်ခံတဲ့ အချိုပွဲတွေကို စားရင်းစောင့်နေ ကြတာပေါ့။ တအောင့်နေတော့ ဘုန်းဘုန်းက ရောက်လာတယ်။ စကားစမြည်အနည်းငယ်ပြောပြီးတော့ အမက ဝတ္ထုငွေကပ်လိုက် တယ်။ ရွာသူရွာသားတွေကလည်း တချို့က အလှူငွေထည့်ကြပြီး တချို့ကျတော့ လမ်းခင်းတဲ့အလုပ်သမားတွေစားဖို့ ကြာဇံကြော်၊ ကောက်ညှင်းပေါင်း စသဖြင့် သူတို့တတ်နိုင်သလောက် ကုသိုလ် ပါဝင်ကြတာမြင်ရတော့ ကြည်နူးမိတယ်။
ဘုန်းဘုန်းဧည့်ခံတဲ့ အချိုပွဲက အစုံပဲ။ သာကူမျှင်၊ လက်ဖက်သုပ်၊ သခွပ်ပွင့်သုပ်၊ မုန့်ဆီကြော်၊ ငါးမုန့်ကြော်၊ ပေါင်မုန့်နို့ဆမ်း၊ မုန့်ကျွဲ သဲ၊ စိန်ဖေကြီးနဲ့ ပဲမြစ်ပြုတ်။ အမလေး မုန့်တွေမြင်ပြီး အများကြီး မစားနိုင်ကြဘူး။ ဟိုနည်းနည်း၊ ဒီနည်းနည်းလောက်ပဲ စားနိုင်တယ်။ ခဏနေကျ ကျမနွားနို့ကြိုက်တတ်လို့ဆိုပြီး နွားနို့အိုးကြီးနဲ့ သကြား ပုလင်း လာချပေးတယ်။ မသောက်နိုင်ကြဘူး။
မနက်စာတောင် ၁၀နာရီလောက်မှစားရတာ။ စားပြီးရွာကို တန်း ထွက်လာကြတော့ ခုအချိုပွဲတွေ မစားနိုင်ကြဘူး။ ဒါနဲ့ ဘုန်းဘုန်း က ဗိုက်ချောင်အောင်မို့ ရွာလမ်းခင်းနေတာ လိုက်ကြည့်ကြဆိုတာ နဲ့ တပြုံတမကြီး လိုက်သွားကြတယ်။ ဘုန်းဘုန်းကျောင်း အရှေ့ ပေါက်ကနေ ရွာထိပ်ထိဆိုတော့ လမ်းကအရှည်ကြီးပဲ။ ကျမတို့တွေ လည်း လမ်းအဆုံးထိ လိုက်ကြည့်ကြတာပေါ့။ အပြန်ကျအမျိုး အိမ်က ခေါ်လို့ အလည်ဝင်လိုက်သေးတယ်။ ပြောရရင် တစ်ရွာလုံး အမျိုးချည်းပါပဲ။ ဘယ်လိုတော်စပ်တယ်ဆိုတာသာ ကိုယ်တွေက မသိတာ။ အမေတို့ကတော့သိမှာပေါ့လေ။
(ရွာထဲအိမ်က ဧည့်ခံတဲ့ အချိုပွဲ)
ဪ…ရွာမှာ တပိုင်တနိုင်စီးပွားအနေနဲ့ ကွမ်းသီးစိတ်ကြတာတဲ့။ မမြင်ဖူးလို့ မှတ်တမ်းတင်ခဲ့သေးတယ်။ ကွမ်းသီးစိတ်တာဘယ်လိုရ လဲ လို့မေးကြည့်တော့ တစ်ပိဿာကို(၃၅ဝိ/-)ရတယ်တဲ့။ ကျွမ်းကျင် ရင် တစ်နေကုန်ကို အချိန်(၂၀) (၇၀၀ဝိ/-) လောက်ရတယ်တဲ့။ အဲ့အိမ်က ဧည့်ခံတဲ့ မြေပဲလှော်ပူပူလေးစားပြီး ကျောင်းကို ပြန်ခဲ့ကြ တယ်။
(ကွမ်းသီးစိတ်နေတာကို မှတ်တမ်းတင်လာတာ)
ကျောင်းရောက်တော့ ကျောင်းဝိုင်းထဲမှာ ပေါက်နေတဲ့ သံပုရာပင်၊ မာလကာပင်က အသီးတွေ ဘုန်းဘုန်းကခြွေခိုင်းလို့ ခြွေယူခဲ့ကြ သေးတယ်။ အဲ့အချိန် တော်တော်ဗိုက်ချောင်နေပြီ။ ထမင်းဝိုင်းပြင် ပြီးတော့ ထမင်းစားကြတော့ ထုံးစံအတိုင်းဟင်းတွေက အစုံ။ ကျမ ကတော့ ထွေလီကာလီတွေ သိပ်မစားတတ်တော့ ချဉ်ရေဟင်းနဲ့ ကြက်သားဟင်းလောက်ပဲ နှိုက်တယ်။ တူနဲ့ တူမတွေကတော သူတို့ စားတာကြည့်ပြီး ကိုယ်တောင်စားရင်းနဲ့ဗိုက်ဆာတယ်။
(ကျောင်းပြန်ရောက်တော့ မာလကာသီးနဲ့ သံပုရာသီးတွေ ကိုယ်တိုင်ဆွတ်ကြတာများ တံချူတံထိပ်ဖျား ကျွတ်ထွက်သွားအောင် ချူကြတာ တော်ချက်)
ထမင်းစားပြီးလို့ ခဏတဖြုတ်နားပြီး ပြန်ဖို့ဟန်ပြင်တော့ ကျက်သရေခန်းထဲက ငှက်ပျောသီးတွေ တောင်းကြီးနဲ့ သယ်ခိုင်း လာတယ်။ ငှက်ပျောသီးတွေက ကျမတို့လာမယ်ဆိုတော့မှ ခူးခိုင်းထားတာ။ အများကြီးပဲ။ တစ်ခေါက်သွားရင် လေးငါးဆယ်ဖီး အမြဲပါတယ်။ ကျမတို့ကလည်း ကိုယ်စားနိုင်သလောက်ပဲ ချန်ပြီး ကျန်တာအကုန် အိမ်နီးချင်းတွေကို ဝေငှပေးတာ။
(ဘုန်းဘုန်းကျောင်းက ငှက်ပျောသီးတွေ နောက်ထပ် နွေပဲသီးတို့ ပဲတို့ ကျန်သေးတယ်)
(ငှက်ပျောပင်တွေ များကြီးပဲ)
ညနေအိမ်ပြန်ရောက်တော့ အားလုံးဖလက်ပြနေကြပြီ။ မီးကပျက် သွားတော့ ညစာဟင်းအတွက် ခက်ပြီ။ နေ့လည်က ဘုန်းဘုန်း ကျောင်းမှာ ရှယ်တွယ်ခဲ့သမျှ ညနေစာကျ ကြက်ဉကြော်၊ လက်ဖက်သုပ်နဲ့ သံပုရာချဉ်၊ ငါးခြောက်ကြော်လေးနဲ့ ဖြစ်သလိုပဲ စားလိုက်ရင်း မနေ့က ပိုစ့်မတင်လိုက်ရလို့ စောစောစီးစီးလေး ပိုစ့်တင်လိုက်ပါတယ်။
@nweoomon
26-12-2021