အမှောင်စိတ်

img_0.10797086641256251.jpg

“သမီး မှတ်ထားနော် သူ့နာမည်ကဦးသက်နိုင်တဲ့”

“ဟုတ်ကဲ့၊ တွေ့ရတာ ဝမ်းသာပါတယ်ဦးဦး”

“ဖေဖေလို့ခေါ်လေ”

“တွေ့ရတာ ဝမ်းသာပါတယ်ဖေဖေ”

ကျမစိတ်ထဲမှာ သူစိမ်းတစ်ဦးကို ဖေဖေခေါ်လိုက်လို့ စိတ်ထဲ မနှစ်ခြိုက်ပေမယ့် မေမေမျက်နှာကို ကြည့်လိုက်တော့ ခေါ်စေချင်ပုံ ပေါ်သဖြင့်သာ ခေါ်လိုက်ရသည်။ မေမေနှင့် နှစ်ဦးတည်း ဆိုလျှင် မေးစရာတွေရှိပေမယ့် ဖေဖေဆိုသောသူနှင့် ကောင်လေးတစ်ဦး ရှိနေသောကြောင့် မမေးဖြစ်တော့ပဲ လုပ်လက်စ အိမ်စာများကို ဆက်လုပ်နေလိုက်သည်။

ထိုကောင်လေးကို ကြည့်ရသည်မှာ ကျမထက်ငယ်ပေမယ့် မျက်နှာက ဂျစ်ကန်ကန်နှင့်မို့ ကျမစိတ်ထဲ တွေ့တွေ့ချင်း အမြင်ကပ်သွားသည်။ သူ့ပုံစံကလည်း ဘယ်သူ့မှ ဂရုမစိုက်တဲ့ပုံ။ မေမေက ထိုသားအဖနှစ်ယောက်ကိုခေါ်ပြီး အိမ်ကို လှည့်ပတ် ပြနေသည်။ ခဏနေတော့ သူတို့တစ်တွေ ကျမဆီကို ပြန်ရောက် လာကြသည်။

မေမေ့အပြောကြောင့် ကစားကွင်းကို သွားကြမှာကို နားလည်လိုက်သည်။ ကျမလည်း ကစားကွင်းကို လိုက်ချင်သည်။ သို့ပေမယ့် မေမေက ကျမကို ခေါ်သွားဖို့ အစီအစဉ်ရှိပုံမရပေ။ ကျမလည်း လိုက်ချင်သဖြင့် အရဲစွန့်ပြီး ပြောမိသည်။

“မေမေသမီးလည်း ကစားကွင်းကို လိုက်ချင်တယ်”

“အင်…သမီးက အိမ်စာတွေ ပြီးလို့လား။ မပြီးသေးဘူးမလား။ စာပဲလုပ်နေခဲ့နော်။ အပြန်မှ မေမေမုန့်ဝယ်ခဲ့မယ်”

မေမေ မခေါ်မှာကို စိတ်ထဲကသိနေပေမယ့် အရဲစွန့်ပြောလိုက်တာ အလကားဖြစ်သွားသည်။ ဒီတိုင်းပဲ…မေမေ့က ကျမကို ဘယ်တော့မှ သူနဲ့အတူခေါ်ဖို့ စိတ်မဝင်စားပေ။ ပြောလိုက်ရင် သမီးက လိမ္မာတယ်။ အလိုက်သိတတ်တယ်။ အရိပ်အကဲနားလည်တယ် ဆိုတဲ့ စကားတွေနှင့် ကျမကို ချည်နှောင်ထားတတ်သည်။

ကျမကလည်း မေမေ့စကားအတိုင်းညီညွတ်အောင် နေရင်း ကြာလာ တော့ ကိုယ့်ဆန္ဒကို ချုပ်တည်းတတ်လာသည်။ တစ်ခါတစ်ခါ တော့လည်း စိတ်ရှိတိုင်းနေထိုင်ပြောဆိုပစ်ချင်သည်။ ဘဝမှာ တစ်ခါလောက်တော့ သမီးမိုက်လုပ်ကြည့်ချင်မိသည်။

မေမေက ကစားကွင်း မသွာမီ ထုံးစံအတိုင်းကျမကိုမှာသည်။

“လူစိမ်းတွေကိုတံခါးဖွင့်မပေးရဘူး။ အိမ်ပြင်မထွက်ရဘူး။ လျှပ်စစ်နဲ့ပတ်သက်တာတွေမကိုင်ရဘူး။ အန္တရာယ်ရှိတာတွေ မလုပ်ရဘူး မှန်တယ်မလားမေမေ”

“ဟုတ်ပြီ။ သမီးကမှတ်မိတယ်။ အဲ့ဒါတွေ မမေ့နဲ့နော်၊ လိမ်လိမ်မာမာနေခဲ့။”

“ကစားကွင်းက ဒီနေ့သွားရအုံးမှာလား။ စိတ်မရှည်တော့ဘူး”

“ငြိမ်းရေ၊ ကစားကွင်းသွားဖို့ နောက်ကျနေမယ်။ သွားရအောင်လေ နော်”

မေတ္တာတုံးလေးဆီမှ စောင့်ရတာစိတ်မရှည်ကြောင်း ညီးညူသံ ထွက်လာတော့ ကမန်းကတမ်းနှင့် မေမေထွက်သွားသည်။

သွားကြပြီ။ သူတို့သွားကြပြီ။ ကျမမပါဘဲ ကစားကွင်းကို သူတို့ချည်းပဲ သွားကြပြီ။ စိတ်ထဲမှာတော့ ဝမ်းနည်းမိသည်။ ဟိုလူကြီးရဲ့သားတောင်ခေါ်သွားပြီး ငါ့ကျခေါ်လို့မရဘူးလား…။

နောက်တစ်ပိုင်းကျန်ပါသေးတယ်ရှင်
@nweoomon
18-1-2022

H2
H3
H4
3 columns
2 columns
1 column
11 Comments
Ecency