အော်ပရေတာတွေ ဈေးတက်တော့မယ်တဲ့

img_0.3461215001694633.jpg

သတင်းကြားပြီးကြပြီလား။ ဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက် သုံးစွဲခတွေ မကြာခင်ပြောင်းလဲသွားမယ်လို့ ဆက်သွယ်ရေး အော်ပရေတာတွေကနေ စာပို့လာတယ်။ တချို့ကလည်း(၇) ရက်နေ့တဲ့၊ တချို့ကလည်းလာမယ့်အင်္ဂါနေ့ကစပြီး ပြောင်းလဲ ကောက်ခံမယ်တဲ့။ အရင်လို 1G-1000 မရတော့ဘူး။ 1000 ဆို 500MB လောက်ပဲ ရတော့မယ်။ ဒီတော့ ဈေးနှုန်းမပြောင်းဘဲ ရရှိတဲ့ ပမာဏကျ ထက်ဝက်လောက်လျော့သွားတာပေါ့။ ဖုန်းပြောခကတော့ တစ်မိနစ် ဘယ်လောက်ဖြစ်မယ်မသိ။

ပြောင်းလဲကောက်ခံတဲ့ရက်မရောက်ခင် ဝယ်ထားတဲ့ မိနစ်၊ ဒေတာတွေက လက်ရှိရရှိနေတဲ့ အကျိုးခံစားခွင့် အတိုင်း သက်တမ်းကုန်တဲ့အထိသုံးနိုင်တယ်ဆိုတော့ ကိုယ်သုံးနေကျ အော်ပရေတာဆီမှာ နိုင်သလောက်လေး ပိုဝယ်ထားဖို့ အကြံပြု ချင်ပါတယ်။

အရင်က(တယ်လီကွန်းကုမ္ပဏီတွေအနေနဲ့) Data Package တစ်ခုလုပ်မယ်ဆို ဈေးက 1MB ကို ၁ကျပ်အောက်ဆင်းလို့ မရဘူး။ အခုကျ 1MB ကို ၁.၈ ကျပ်အောက်ဆင်းလို့မရဘူးတဲ့။ ဒီနှုန်းထားတွေ ပြောင်းလဲကောက်ခိုင်းတာက ဟိုလူကြီးက ခိုင်းတာလေ။ အင်း…မေးချင်လိုက်ပါပေရဲ့။ ကိုယ်လုပ်မှ ကိုယ်စားရတယ်ဆိုတဲ့သူတွေ အခုတော့ အဆင်ပြေကြပါစလို့ လေ။ ပြည်သူအပေါ်စေတနာမထားတာ လုံးဝအသိသာကြီး။ ဒီကိစ္စမှမဟုတ်ပါဘူး။
မြင်တတ်၊ ကြားတတ်၊ ထမင်းစားပြီး ဦးနှောက်ရှိသူတိုင်း သိတယ်။

img_0.7394568445345757.jpg

ကဲပါလေ။ အဲ့အကြောင်းတွေ မရေးချင်ပါဘူး။ လောလောဆယ် တော့ Data တွေ ဖုန်းပြောခတွေ တက်မယ်ဆိုတော့ ဝယ်စရာ ရှိတာလေး ဝယ်ရတာပ။ ကိုယ်က ကတ်ပေါင်းစုံကိုင်ပေမယ့် တယ်လီနောအသုံးများသူ ဆိုတော့ တယ်လီနောပက်ကေ့ချ်ပဲ ဝယ်ရတာပေါ့။ ကိုယ်တင်ဝယ်လို့ အားမရသေးဘူး။ အိမ်မှာ ရှိတဲ့ တယ်လီနောကိုင်တဲ့သူမှန်သမျှ အကုန်ဝယ်ပေးတာ။

အိမ်မှာတယ်လီနောသုံးတဲ့ အိမ်သားသုံးယောက်က ဘာမှ မလုပ်တတ်ဘူးလေ။ ကျန်သူတွေက တခြားကတ်တွေသုံးတာ။ ဒီတော့ တယ်လီနောသုံးတဲ့ သုံးယောက်ရဲ့ ဖုန်းတွေယူ၊ ကိုယ်ကဘေလ်လည်းရောင်းတော့ ဘေလ်မရှိဘူး ဆိုရင် ကိုယ့်သဘောနဲ့ ကိုယ်ထည့်၊ ပြီးရင်ဘယ်လောက်ထည့်ပြီးပြီ ဆိုပြီး ပိုက်ဆံတောင်း။ ဇွတ်ကြီးနော်။ ဒါပေမယ့် စေတနာကို ကြည့်တတ်ရင် မြင်ပါတယ်။ ဝိုင်ဖိုင်ရှိတော့ အင်တာနက် အတွက်မလိုပေမယ် ဖုန်းပြောဖို့က သေချာပေါက်လိုတယ်လေ။

ဒီတော့ ဖုန်းပြောတဲ့ပက်ကေ့ချ်တွေ သင့်လျော်သလိုဝယ်ပေး။ ပြီးရင်
တယ်လီနောက လပ်ကီးတံတား ဂိမ်းလေးဆော့။ ဂိမ်းဆိုလို့ အာဏာမသိမ်းခင်က တယ်လီနော ဂိမ်းဆော့လို့ မဲပေါက်လိုက်ရင် 1GB, 10GB တွေ ခဏခဏ ပေါက်တာ။ အဲ့လိုပေါက်တာတွေကို သက်တမ်းတွေတိုး၊ တိုးတိုင်း ပေါက်ဆိုတော့ တယ်လီနောတစ်ကတ် 200GB ကျော် နှစ်ကတ်ဆိုတော့ 400GB ကျော်ရှိတယ်။

ဟိုလူကြီးက အင်တာနက်တွေ ဖြတ်ချလိုက်ချိန် ကိုယ့်ဆီမှာ လည်း ဝိုင်ဖိုင် မရှိသေးတော့ သက်တမ်းလွန်သွားတာ။ နှမြောလိုက်တာလေ။ ခုချိန်ဆို အရမ်းတန်ဖိုးရှိမှာ။ အဲတုန်းက Data တွေ သက်တမ်းမတိုးလိုက်ရလို့ နှမြောတယ်လို့ ငြီးမိတော့ သူငယ်ချင်းက ဒိထက်မက တန်ဖိုးရှိတဲ့ အရာတွေတောင် စွန့်လွှတ်လာပြီး ဘာမဟုတ်တဲ့ အင်တာနက်ဒေတာကျမှ နှမြောနေရသလားလို့ ပြောခံရဖူးတယ်။ သူပြောတာလည်း ဟုတ်တုတ်တုတ်ရယ်။ ဒါပေမယ့်လည်း နှမြောတာပေါ့နော်။ ဆင်းကတ်ကနှစ်ခုဆိုတော့ 400 GBကြီးများတောင်။ ခုကျ ဂိမ်းဆော့ရင် အများဆုံး 200 MB ပဲ ရတော့တယ်။ GB ရဖို့တော့ စိတ်တောင်မကူးရဲ။

ကိုယ်ကလူလည်လုပ်ထားတာလေး ပြောပြအုံးမယ်။ အိမ်ကလူတွေရယ်၊ ကိုယ့်ဆီကဘေလ်ဝယ် ပေမယ့် တယ်လီနောသုံးပြီး ပက်ကေ့ချ် မဝယ်တတ်တဲ့ တချို့မိတ်ဆွေတွေရယ်ကို သူတို့လိုသမျှ ပက်ကေချ့်တွေကို ကိုယ့်ဖုန်းကနေဝယ်ပြီး လက်ဆောင်အဖြစ်ပေးလိုက်တယ်။ ပြီးတော့မှ ကျသလောက်ရှင်းပေါ့။ ဒီတော့ ဝယ်သလောက် ကံစမ်းခွင့်လက်မှတ်ကိုယ်ရတယ်လေ။

တကယ်တော့ လူလည်လုပ်တယ်လို့ပြောမရပါဘူး။ သူတို့ကို အဲ့လိုလုပ်လို့ရကြောင်းပြောပေမယ့် ဘယ်သူမှ ကိုယ့်လို ဦးနှောက်ခြောက်မခံကြဘူး။ ညည်းဖာသာဝယ်ပေးဆို ပြီး ခိုင်းကြတာ။ ဒီတော့ ကိုယ့်ဆီမှာ ကံစမ်းခွင့်လက်မှတ်က အများကြီး။ ဂိမ်းပြီးအောင်ဆော့နိုင်ရင် 1GB လောက်က အသာ လေးရယ်။

img_0.133570859458414.jpg

အင်တာနက်တွေ ဈေးနှုန်းတက်မယ့် ကိစ္စနဲ့ပတ်သက်ပြီး ဖေ့စ်ဘုတ် က သူငယ်ချင်းတစ်ယောက် status တင်ထားတာ လေး အမှတ်ရလို့ပြောရအုံးမယ်။ အဲ့တစ်ယောက်က အာဏာ မသိမ်းခင်ကာလတွေတုန်းက ဖုန်းအင်တာနက် ပက်ကေချ့် တစ်ခါဝယ်ရင် 30GB/ 50GB ဝယ်တယ်တဲ့၊ အာဏာသိမ်းပြီး တဲ့အခါကျ တစ်ခါဝယ် 4GB/8GB ပဲဝယ်နိုင်ပြီး ဒီဇင်ဘာ (၇)ရက်နေ့နောက်ပိုင်းတော့ တစ်ခါဝယ် 1GB လောက်ပဲ ဝယ်နိုင်တော့မယ်ဆိုပြီး တင်ထားတယ်။ ဟုတ်ပါ့နော်။ စကစ လက်ထက် တိုးတက်မှုက အံ့မခန်းပဲ။

အင်တာနက်ဈေးတွေမြင့်တက်လာတဲ့ဒဏ်ကို သုံးစွဲသူ ပြည်သူအပေါင်း နီနီစိမ်းစိမ်းခံကြရမှာပါပဲ။ စကစရဲ့ဈေးနှုန်းတိုးမြှင့် ကောက်ခံခြင်းရည်ရွယ်ချက်ကို သိပေမယ့် အကျိုးဆက်က အခြေခံလူတန်းစားကိုပဲထိပါတယ်။ ဒီတော့သူဖြစ်စေချင်သလိုမဖြစ်အောင် ကိုယ်တွေက ကိုယ်တတ်နိုင်သလို ပိုကြိုးစားကြဖို့ပဲလိုပါတယ်လို့ ပြောချင်ပါတယ်။

@nweoomon
3-12-2021

H2
H3
H4
3 columns
2 columns
1 column
16 Comments
Ecency