အားနာမိပါသည်

img_2afbef50bf9740388de60fa35afaabf0_v_1.jpg

ယနေ့ ကျမတို့ရပ်ကွက်ကို မီတာခဆောင်မဆောင် လာစစ်ကြ သည်။ လာစစ်သူတွေက အရပ်ဝတ်နှင့် စစ်သားများဖြစ်ကြသည်။ တစ်အိမ်တက်ဆင်းလိုက်စစ်ပြီး တချို့မီတာခမဆောင်သော အိမ် များကို တခါတည်းမီးကြိုးများ ဖြတ်သွားသည်။ မီတာခများ ဆောင်မဆောင် လိုက်စစ်နေသည်ဟု အိမ်နီးချင်းတစ်ဉီးကလာသတင်းပေးကတည်းက တူမလုပ်သူက အိမ်ရှေ့မှာထိုင်စောင့်နေသည်။

စစ်သည့်အဖွဲ့ရောက်လာတော့ မီတာခမဆောင်ရသေးဆိုသဖြင့် အိမ်ကို မီးဖြတ်ဖို့ သူ့အဖွဲ့သားတွေကို ပြောရင်း နောက်တစ်အိမ် ကူးသွားသည်။ ထိုအခါမှ အိမ်တော်တော်များများ မီတာခသွား ဆောင်ကြသည်။ နှစ်အိမ်ကျော်မှ ဦးလေးကြီးကတော့ မီတာခ ဆောင်မည်လားမေးရာ မဆောင်ဘူး၊ မီးဖြတ်သွားဆိုပြီး ပြောသဖြင့် ဓာတ်တိုင်ပေါ်ချက်ချင်းတက်ဖြတ်သွားတာ မြင်လိုက်ရသည်။

မီးမလာတာအကြောင်းမဟုတ်သော်လည်း ရေအတွက်ကျ စိတ်ညစ် ရသည်။ မတတ်နိုင်။ မီတာခသာ သွားဆောင်ရတော့သည်။ မီတာရုံး မှာလူတွေ အများကြီးတန်းစီနေကြသည်။ တချို့က ဒီတိုင်းမီတာ လာဆောင်ကြခြင်းဖြစ်သည်။ ထိုသူများကို တိုကင်နှင့် တန်းစီပြီး အလှည့်ကျဆောင်စေရသည်။ ထိုသို့ဆောင်သောသူများက ကိုယ် ဆောင်ပြီးသည့်လမှ တစ်လ၊ နှစ်လစသဖြင့် ဖြတ်ဆောင်လို့ရသည်။

ကျမတို့လို မီးဖြတ်ထားလို့ မီတာခလာဆောင်ရသည့် သူများက ထိုလူတွေလို တန်းစီစရာ မလို။ သို့သော် လချန်ပြီးဆောင်လို့မရ။ အကုန်လုံးဆောင်ရသည်။ မီတာခများက ရှေ့ငါးလလောက်က ခန့်မှန်းပြီး တွက်ထားသည်ပုံဖြင့် အဆမတန်ကျနေသည်။ ထိုသို့ ပိုကောက်ထားကြောင်း ပြောတော့ ရုံးဖွင့်ချိန်မှ မီတာဘောက်ကို ဓာတ်ပုံရိုက်ပြီး မီတာဖတ်သူကို ပြောပြလို့ရကြောင်း၊ မှန်ကန်လျှင် ပိုကောက်ထားသော မီတာခများ ပြန်ပေးမည်ဆိုသဖြင့် အကုန် အကြေပေးဆောင်ခဲ့ရသည်။ နို့မို့ဆိုလျှင် ယနေ့ည မီးပြန်ရမှာ မဟုတ်။

ကျမတို့နည်းတူ မီတာခလာဆောင်သောသူတစ်ဦးလည်း ထိုသို့ တွက်ထား၍ထင်သည်။ မီတာခက (၁၀)သိန်းကျော်နေသည်။ သူ့ အိမ်လည်း ထိုသို့မီးဖြတ်သွား၍ထင်ပါသည်။ မီတာခဆောင်ရန် ငွေမရှိ၍ ဆွဲကြိုးလေးကိုရောင်းပြီး လာဆောင်ရသည်ဆို၍ စိတ် မကောင်းဖြစ်ရသည်။ ထိုသို့သောသူတွေ ဘယ်နှဦးရှိနေပြီလဲ။

ယခုနောက်ထပ် အမိန့်တစ်ခုထုတ်လာပြန်ပြီ။ ဖေ့ဘုတ်ကို VPN ခံသုံးလျှင် ထောင်သုံးနှစ်တဲ့။ ဒါတင်မကသေး။ တခြားဉပဒေများ လည်းပါသေးသည်။ တဖြည်းဖြည်းနှင့် မိမိတို့၏ အခွင့်အရေးများ တစတစ ချုပ်ကိုင်ခြင်းခံလာရပြီ။ အမြန်ဆုံး အဆုံးသတ်မှသာ လူကို လူလိုဆက်ဆံသော အစိုးရနှင့် လူနှင့်တူသော လူ့ဘဝကို ပြန်ရမှာ ဖြစ်သည်။

အမြန်ဆုံး ရချင်ပါပြီ။

@nweoomon
23-1-2022

H2
H3
H4
3 columns
2 columns
1 column
12 Comments
Ecency