This content was deleted by the author. You can see it from Blockchain History logs.

ဘဝအပြောင်းလဲနှင့်​ အတွေ့ကြုံသစ် (New Experience)

စာမရေးဖြစ်တာကြာပြီဖြစ်သောကြောင့် ဘယ်ကစရေးရမှန်းမသိတော့ပေ။
ယခု ၈ လပိုင်းကုန်ခါနီး ရက်ပိုင်းများသည် ကျွန်တော့်
ဘဝ အပြောင်းလဲ၏ အစဖြစ်သည်။ ၈ နှစ်လုံးလုံး
ဟိုတယ်ဝန်ထမ်းဘဝဖြင့် ဖြတ်သန်းလာခဲ့သော
ကျွန်တော်သည် ဘာမှ မသက်ဆိုင်သော စျေးရောင်း
သမားလေးဘဝကို ရောက်လာခဲ့ပါတော့သည်။

ထမင်းကြော် ရောင်းရင်းဖြင့် ယခုတော့ ဘဝကို ရပ်တည်နေရပါပြီ။ မိခင်၏ ရှမ်းခေါက်ဆွဲဆိုင်တွင်ပင်
မနက်စာ ထမင်းကြော်ကို တွဲရောင်းနေပါသည်။
အချိန်ကိုက် သွားလာလုပ်ရှားလာခဲ့သော ဝန်ထမ်းဘဝ
နှင့် အခု ကိုယ့်အလုပ်ကိုယ်လုပ်၊ စဥ်းစားကြံဆကာ
စျေးတွက်တွက် နေရသောဘဝ ကွာခြားမှုက
ကြီးမားလှပါသည်။

တကယ်ဆို ယခုလို ဝန်ထမ်းဘဝမှထွက်ကာ ကိုယ်ပိုင်
စျေးရောင်းဖို့ရာ ကျွန်တော်အရမ်းကြောက်နေခဲ့ပါ
သည်။ အဆင်မှ ပြေပါ့မလား။ စျေးရောင်းမကောင်း
ရင် ဘယ်လိုလုပ်မလဲ။ ဝန်ထမ်းဘဝက လကုန်ရင်ငွေ
ရဖို့က ကြိမ်း​သေသည်။ စျေးရောင်းလို့ လကုန်ရင်
ငါငွေရဖို့က သေချာပါ့မလား။ စသည်ဖြင့် မိမိကိုယ်ကို
ပြန်မေးရင်း တုန်လှုပ်နေမိသည်။ ဟိုတယ်ဝန်ထမ်း
ဘဝကို စွန့်ခဲ့ရခြင်း ၂ ချက်ရှိပါသည်။ ​ပြောင်းလဲလာသော် ဟိုတယ်၏
စီမံခန့်ခွဲမှုကို မနှစ်သက်တော့ခြင်း၊ အသက်ရွယ်ရှိတုန်း
နေသာသလို မနေတော့ပဲ အတွေ့ကြုံသစ် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်လိုခြင်းကြောင့် ယခုလို
ဝန်ထမ်းဘဝကို စွန့်ခွာခဲ့ခြင်းဖြစ်ပါသည်။

အတွေ့ကြုံသစ်။ ၃၀ရက် ၈လပိုင်း ၂၀၂၀ ခုနှစ်။

ထမင်းကြော်စရောင်းသည့်နေ့ကဖြစ်သည်။ မနက် ၄နာရီခွဲ အမှောင်တိဖုံးလွှမ်းချိန် အိမ်က ဖုန်းစက်နိုး၍
ဘုန်းကြီးကျောင်းမှ အိမ်သို့ ပြန်လာခဲ့သည်။ သည်နေ့
ထမင်းကြော် စရောင်းမည်ဟု အိမ်ကိုပြောထားသည်။
ပြင်ဆင်စရာများပြင်ဆင်ထားခဲ့သည်။ ပက်ဝန်းကျင်ကား ဘာမှ မမြင်ရပဲ အမှောင်အတိ။
လမ်းမှာလည်း လမ်းမီးက မရှိပေ။ ​မိမိ၏ ဆိုင်ကယ်ကလည်း မီးကမရ။ ထိုကြောင့် အလင်း
ရရန် ဖုန်းမီးဖွင့်ကာ ဆိုင်ကယ်မောင်းရသည်။ ဆိုင်ကယ်၏ရှေ့ ၄ပေ ခန့်​မှ လွဲ၍ ဘာမှ မမြင်ရပေ။
ဆိုင်ကယ်ကို ပုံမှန်ပဲ မောင်းလာသည်။ လူကလည်း
အိပ်ချင်မူးတူးမို့ လမ်းကို မြင်တစ်ချက် မမြင်တစ်ချက်။ သတိကတော့ ရှိသည်။ သို့သော် ရုတ်တရက် အနီးကပ် ရှေ့တည့်တည့်သို့ အကောင်ကြီး
တစ်ကောင် ဘွားခနဲပေါ်လာသည်။ ရှောင်ဖို့ ကြိုးစားပေမဲ့ မရတော့ပေ။ အကောင်ကြီးဝင်တိုက်ကာ
ဆိုင်ကယ်လှဲသွားတော့သည်။ မိမိမှာ ခန္ဓာကိုယ်သည် အတော်လေး နာကျင်နေသည်။ ဒူး၊ ခြေထောက်၊ ခါး
တစ်ဝိုက်က ပို၍နာသည်။ သတိရလို့ ပြန်ပြီးထကာ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်မှ ကျွဲတစ်ကောင် ဖြစ်နေ
သည်။ ပိုင်ရှင် ဖြစ်ဟန်တူသော လူတစ်ယောက်က
ညီလေး ရလားဟု မေးဖော်ရသည်။ ထိုလူကိုလည်း
သဲသဲကွဲကွဲ မမြင်ရ။ အဆင်ပြေပါတယ် ဟုသာ ပြန်ဖြေ လိုက်သည်။ သည်လိုနှင့် ဆိုင်ကယ်ပြန်ထူပြီး
အိမ်ကိုပြန်ခဲ့တော့သည်။ အိမ်ရောက်တော့လည်း
ဖယောင်းတိုင်မီးသာ ထွန်းထားပြီး မိခင်က စျေးထွက်ဖို့ ပြင်ရဆင်ရနှင့် အလုပ်ရှုပ်
နေသည်။ ဆိုလာမီး မဝင်၍ မီးမရဘူးဆိုကာ ပွစိပွစိ
ဖြင့် ညီးညူနေသည်။ ကျွန်တော့်မှာ ဆိုင်ကယ်လှထား
သောအရှိန်ကြောင့် နာကျင်နေသည်။ ထမင်းကြော်
ကလည်း ရောင်းမယ်ဟုသာ ပြောသည် ကိုယ်တိုင်
မကြော်တက်သေး။ ယောက်ဖက လာပြီး ကြော်ပြ၊
သင်ပြပေးမည်ဖြစ်သည်။ မိုးလင်းတော့မည်။ ယောက်ဖက ရောက်မလာသေး။ ထို့ကြောင့် ကိုယ်တိုင်
သွားပင့်ရသည်။

အရာရာဟာ ဘာမှ အဆင်မပြေပေမဲ့ ထိုနေ့တွက် ထမင်းကြော်လေး ရောင်းဖြစ်သွားသည်။ မဆိုးပါဘူး
အိမ်က စားပြီး၊ ၃ထောင်ကျော်လောက်မြတ်သည်။
အစမို့လို့ သိပ်မမြတ်ပေမဲ့ မရှုံးဘူးဟု တွေးကာ
ကျေနပ်ရပါသည်။ သည်အမြတ် ၃ ထောင်သည်လည်း
ဘာနှင့်မှ လှဲလို့မရအောင် တန်ဖိုးကြီးပေသည်။

IMG20200513132311.jpg

ကိုကိုမိုးဟိန်း
KoKoMoeHein

@myanmarkoko