တချိန်က အစွမ်းထက်ခဲ့ကြသူများ ( Henry Aung )

111.jpeg

မင်္ဂလာပါ။ မနေ့ကသရော်စာ အဆက်လေးပဲ ဆက်လက် အားပေးလိုက်ပါအုံး ခင်ဗျာ။

အမည်ကာ @kyi တလုံးတည်း ဖြစ်၏။ ခင်မင်ရင်းနှီးသူတို့ကာ မယ်ကြည်ဟု ခေါ်ကြ၏။ ထိုထက်ထူးခြား၍ ခေါ်လိုသူတို့ကာ 3 in 1 မယ်ကြည်ဟု ခေါ်ကြကုန်၏။ အဘယ်သို့ကြောင့် ဤသို့ အမည်နာမ များရသနည်း။ ရှင်းပြပါမည်။ မယ်ကြည်ကာ steemit ကျေးရွာတွင်တခုသာရှိသော ရက်ကန်းရုံပိုင်ရှင် ဖြစ်၍ မယ်ကြည်ကာ အကြံပိုင်သူဖြစ်၏။

ယခင်က သူ၏ ရက်ကန်း ရုံမှ ထွက်သော ထဘီ အသစ်အဆန်းအား ဈေးကွက် ဖေါက်လိုသောကြောင့် ရွာခံလူမိုက် ကျားသက်ဇော် ၊ ငွေတိုးချေးစားသူ ပြည့်စုံခင်ခင် တို့ နှင့် ပူးပေါင်း ကြံစည်ခြင်း ဖြစ်၏။

အမှန်မှာ ပူးပေါင်း ကြံစည်သည် ဆိုသော်လည်း အကြံပေးသူမှာ မယ်ကြည်တယောက်တည်းသာ ဖြစ်၏။ မယ်ကြည်၏ အကြံကာ " ငါတို့သည် ကိုဒွန်ပေါင်ထားသော ထဘီစုတ်အား တန်းဖိုးကြီးသယောင် သတင်းလွင့်ကြံကုန်အံ့။ ဤသို့ သတင်းကြီးလာလျင် ထဘီဟောင်း ဈေးကွက် ပေါ်လာလတံ့။ ရွာရှိ ထဘီဟောင်း တို့ အပေါင်ဆိုင် ရောက်ကုန်လျင် ငါတို့ ICO ( Initial Coin Offering ) ခေါ်ထားသော ထဘီ အသစ်များ ဈေးတက်ကုန် လတံ့။ " စသည်ဖြင့် မယ်ကြည်မှာ အခါပေးသောဟူ၏။

ပြည့်စုံခင်ခင်မှလည်း မယ်ကြည်၏ ထဘီသစ် ICO တွင် LG coin ( Lon Gyi Coin ) အတော်များများ ဝယ်ထားသူဖြစ်ရာ ထဘီဟောင်း ဈေးကွက် ပို၍ အုတ်အော် သောင်းနှင်း ဖြစ်စေရန် ရွာခံလူမိုက် သက်ကိုဇော်အား ဘီယာတိုက်၍ အေးမိုမို အပေါင်ဆိုင်မှ ဆရာဒွန် ပေါင်ထားသော တမာရွက် ပြုတ်နံ့ သင်းနေသည့် ထဘီအား ခိုးယူရန် ခိုင်းလေတော့၏။

အကြံပေးသူ မယ်ကြည်၊ အသွားစေခိုင်းသူ ပြည်စုံ ၊ ထဘီခိုးသူ သက်ကိုဇော် ဤ သုံးဦးတွင် သူ့အကြံနှင့်သူ ကိုယ်စီရှိကြ၏။ အစတွင် သက်ကိုဇော်မှ လူမိုက်ဂုဏ် ပျက်သည် ထဘီမခိုးနိုင်ဟု ငြင်းသေး၏။ သို့ သော်မယ်ကြည်မှ သူ၏ အသစ်ထွက်လာမည် ဖြစ်သော ထဘီ တွင် ခေါ်ထားသော ICO မှ LG coin 5000 အား air drop ဖြင့် ချပေးမည်ဆိုမှ သဘောတူလေတော့၏။

ဤသို့ ဖြင့် steemit ရွာတွင် ထဘီဟောင်း ဈေးကွက် အုတ်အော် သောင်းနှင်း ဖြစ်၍ မယ်ကြည်လည်း တချီတည်းဖြင့် အတော်ထောသွားသည်ဟူ၏။ ဤသို့ အကြံပိုင်သော မယ်ကြည် ဖြစ်၏။

ကျွန်ုပ်လည်း မယ်ကြည်အကြောင်း တွေးရင်း ဖြင့် ရွာစွန်တွင် ဖွင့်ထားသော@suhlaing စုလှိုင်၏ ထမင်းဆိုင်သို့ မြန်းလေတော့၏။ စုလှိုင်၏ ထမင်းဆိုင်မှာ steemit ကျေးရွာတွင် အတော် နာမည်ကြီးသော ထမင်းဆိုင်ဖြစ်၏။ အချက်အပြုတ်ကောင်းသော ကြောင့်လော။ မဟုတ်ပါ။ ခွက်ပုန်းလည်း ရသောကြောင့်ဖြစ်၏။

ငပိရည်တို့စရာနှင့် ဝက်သားနှပ် တို့ဖြင့် ထမင်းစားပြီးနောက် တိုင်တွင် ချိတ်ထားသော လက်သုတ်ပဝါ ဖြင့် လက်သုတ် မှ ဆိုင်၏ အပြင် အဆင်ကို သတိထားမိတော့၏။ ထမင်းဆိုင်မှာ သပ်သပ်ရပ်ရပ် နှင့် စားပွဲများတွင်လည်း စာပွဲခင်းများ ဖြင့် သပ်သပ်ရပ်ရပ် ရှိ၏။ စားပွဲခင်း အားလုံးတို့မှာ တရောင်တည်း ဖြစ်၍ အနက်ရောင် ပိတ်စဖြင့် အနားကွပ်ထားသလို ရှိ၍ ထူးဆန်းနေ၏။

စူစမ်းလိုစိတ်တို့ကာ တားမရနိုင် ဖြစ်လာ၍ @suhlaing စုလှိုင်အား မေးရတော့၏။ စုလှိုင်ကာ ရှင်းပြလေပြီ။ " ဪ..... " ဟူ၍ အစချီပြီးလျင် " ကိုဟင် မသိသေးဘူးလား... အဲဒီ စားပွဲခင်းတွေက မယ်ကြည့် ရက်ကန်းရုံက အသစ်ထွက် တဲ့ 3 in 1 ပိတ်စတွေလေ"။ ကျွနုပ်လည်း နားရှုပ်သွား၍ အဘယ်သို့သော 3 in 1 ဖြစ်ကြောင်း ပြန်မေးရ၏။ စုလှိုင်ရှင်းပြမှ မယ်ကြည့် အစွမ်းအား အံ့သြ ဘနန်းဖြစ်ရ၏။

" ဒီလို ကိုဟင်ရဲ့.. ဒီပိတ်စတွေက စားပွဲခင်းလည်း လုပ်လို့ရတယ် ၊ လက်သုတ်ပုဝါ လည်းလုပ်လို့ရတယ် ၊ ထဘီ အဖြစ်လည်း ဝတ်လို့ရတယ်" ဟူလို။ ဆက်၍ ရှင်းပြသည်မှာ " အခု ကိုဟင် လက်သုတ် လိုက်တဲ့ ဟာက မနေ့က ကျွန်မ ဝတ်ထားတဲ့ ထဘီလေ.... ဟော... အခုကျွန်မ ဝတ်ထားတဲ့ ထဘီ ညစ်ပတ် သွား ရင် စာပွဲခင်း တခု ကောက် ဝတ်လိုက်ရုံပဲ .... အဆင်ပြေချက်တော့"။ မြတ်စွာဘုရား .... steemit ကျေးရွာ၏ တိုးတက်မှုကာ အံ့မခန်း ရှိချေတော့၏။ အဘယ်သို့သော တိုးတက်ခြင်းနည်း။ စုလှိုင်ရှင်းပြသည်ကို နားထောင်ပါလော့ မိတ်ဆွေ။

" အခုလို လက်သုတ်ပုဝါ တွေ စားပွဲခင်း တွေ ထည်လည် သုံးရတော့ တစ်ရှုးတွေ ဝယ်စရာမလိုတော့ဘူး။ ဟော တစ်ရှုးတွေ အသုံးမလိုတော့ရင် သစ်ပင်ခုတ်ပြီး တစ်ရှုးလုပ်တာတွေ သက်သာသွားမယ်။ သစ်တောပြုန်းတီးမှုတွေ နည်းလာမယ်။ သစ်တော ပြုန်းတီးမှု နည်းသွားရင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကနေ ကာကွယ်ပြီးသား ဖြစ်သွားတာပေါ့။ ဒါကြောင့် စာပွဲခင်းလည်း လုပ်၊ လက်သုတ်လို့လည်းရ ထဘီအဖြစ်လည်း ဝတ်နိုင်တဲ့ 3 in 1 အထည်ကို ကျွန်မတို့ steemit တရွာလုံးက သုံးနေကြပြီလေ" ဟူလို။

သဘာဝပတ်ဝန်းကျင်လည်း ကာကွယ်ပြီးသာပေါ့။ ကျွန်ုပ်ကာ ဤ မျှ အစွမ်းထက်သော မယ်ကြည် တယောက် steemit ကျေးရွာတွင် ရှိနေသည်ကို ဂုဏ်ယူမဆုံး ရှိချေတော့၏။ နိုင်ငံတကာ သိပ္ပံပညာရှင် များ အဖြေမရှာနိုင်သေးသော သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအား အထည်တမျိုးတည်းဖြင့် ဖြေရှင်းနိုင်သော မယ်ကြည်အားလည်း အလွန်လေးစားမိ၏။

ကျွနုပ်အနေဖြင့် ဤ 3 in 1 အထည်စ အား နော်ဝေး နိုင်ငံ အော်စလို မြို့ရှိ နိုဘယ်ဆု ချီးမြှင့်ရေး ကော်မတီတို့ ပို့ရန်လည်း ရည်ရွယ်ထား၏။ အဘယ့်ကြောင့်နည်း။ ဤမျှ အစွမ်းထက်သော မယ်ကြည် နိုဘယ်ဆု ရထိုက်သည် မဟုတ်လော မိတ်ဆွေ။ကျွန်ုပ်လည်း မယ်ကြည့် အကြောင်းစိတ်ဝင်စားလွန်းရကာ သူ၏ ရက်ကန်းရုံသို့ သွားကြည့်ရန် စိတ်အားထက်သန်မိ၏။

@suhlaing စုလှိုင်၏ ထမင်း ဆိုင်မှ ထွက်လာပြီးနောက် မယ်ကြည်၏ ရက်ကန်းရုံသို့ ခြေစကြာဖြန့်လေတော့၏။ ရောက်ပါလေပြီ။ ရက်ကန်း ခတ်သံတို့ကာ အဝေးမှကြားရ၏။ ရက်ကန်းရုံ အဝင်ဝတွင် ကြီးမားသော ဆိုင်းဘုတ် ထောင်ထား၏။ ရှုလော မိတ်ဆွေ။ ဆိုင်းဘုတ်၌ ရေးထားသည်ကာ

" မယ်ကြည့် အစွမ်း ကမ္ဘာ ကိုလွမ်း စေရမည် " ဟူသတတ်။

" မယ်ကြည့် အစွမ်း ကမ္ဘာကိုလွမ်းစေရမည်" ကျွန်ုပ်လည်း ဆိုင်းဘုတ်အား ကြည့်ကာ အတန်ကြာအောင် တွေးတောနေမိ၏။ ထိုစဉ် ချိုသာသော အသံ တခုထွက်ပေါ်လာ၏။ အဘယ်သို့သော ချိုသာ ခြင်းနည်း။ ရှင်းပြပါအံ့။ ဆေးသကြား ၊ ကြံသကာ ၊ ပျားရည် ၊ ထန်းညှက် တို့အား ရောကြိုထားသည့် အချိုရည်အား cocacola အတွင်း ထည့်သောက်ရသကဲ့သို့ ရှိ၏။

ဤသို့ ချိုသာသော နှုတ်ထွက်စကားတို့ကို ပြုသူ မှာ အသူနည်း။ မယ်ကြည်ဖြစ်၏။ " ဪ... ကိုဟင် ရောက်နေတာကိုး၊ အထဲကို ဝင်ခဲ့လေ.... နေပူထဲကလာတာ ပင်ပန်းနေရောပေါ့ ။" စသည်ဖြင့် ဧည့်ဝတ်ပြု၏။ ကျွ်နုပ်လည်း အလည်သက်သက်သာ ဖြစ်ကြောင်း မယ်ကြည့် 3 in 1 အထည်စများအား စပ်စုလို၍ သာ လာရောက်ကြောင်း ရှင်းပြရ၏။

ရက်ကန်းရုံ အတွင်း၌ကာ အရည်အသွေးစုံလင်သော ပိတ်အဝတ်များ ရက်လုပ်နေကြ၏။ မယ်ကြည်လည်း ကျွ်နုပ်အား ရှင်းပြပါ၏။ မယ်ကြည်မှာ အကြံပိုင်ရုံသာမက ခေတ်မှီသော မယ်ကြည်လည်း ဖြစ်သောကြောင့် သူရှင်းပြသည်များကို နားလည် သည်လည်း ရှိ၏ ။ နားမလည်သည်က သာ၍ များ၏။ " လူဒိုင်း လူဒိုင်းမှာ ဒီဇိုင်းကာလာ ဘာညာ အနေအထား ဆိုတာရှိတယ် ကိုဟင်ရဲ့ " ဟုအစချီကာ သူ၏ 3 in 1 အထည်စတို့အား ချီးမွမ်းခန်း ဖွင့်၏။

ထို့နောက် အမျိုးသမီးများ အတွက်သာမက အမျိုးသားများအတွက်လည်း နောက်ဆုံးပေါ် ဒီဇိုင်း ပုဆိုး အသစ် ထွင်ထားကြောင်းလည်း ပြောပြ၏။ မိမိအားလည်း ထိုနောက်ဆုံးပေါ် ပုဆိုး တထည် လက်ဆောင်ပေး၏။ ကျွ်နုပ်ကာ ဝမ်းသာမဆုံးရှိချေပြီ။ ကျွ်နုပ်လည်း သူပေးသော ပုဆိုးအား ဖြန့်ကြည့်လိုက်သောအခါ ဘုရားတရလေတော့၏။ ရှု့လော မိတ်ဆွေ။ ပုဆိုးမှာ တထည်လုံး ကျပ်ဝိုင်း နီးပါးခန့်ရှိသော အပေါက်များ ဖေါ်က်ထား၏။

ကျွ်နုပ်လည်း မေးရလေတော့၏။ " မယ်ကြည် .... ညည်းပုဆိုးက တထည်လုံး အပေါက်တွေချည်းပဲကော" ကျွ်နုပ် အမေးအဆုံး ၌ကာ မယ်ကြည်၏ မျက်စောင်းထိုးခြင်းကို ခံရ၏။ ခေတ်နောက်ကျရန်ကော ဟူသော အကြည့်ဖြင့် ကြည့်ခံရ၏။ မယ်ကြည်၏ ဖြေရှင်းချက်အား နားထောင်ပါလော့ မိတ်ဆွေ။ ခေတ်အမြင်ရှိသော မယ်ကြည် ၊ တီထွင် ကြံဆ ညာဏ်ရှိသော မယ်ကြည် ဖြစ်ကြောင်း သက်သေပြပါအံ့။

" ကိုဟင် ...ဒီပုဆိုး တထည်ကို 50 SBD နဲ့ရောင်းတာ ။ ကိုဟင်တို့ ယောက်ျားလေးတွေ ဂျင်းပန်တောင် တမင်ဖြဲ ပြီး ဝတ်သေးတာပဲ။ ခေတ်... ကိုဟင်ရဲ့ .. ခေတ်။ ဘယ်သူမှ မထွင်ခင် မယ်ကြည် အရင် ထွင် လိုက်တာ... ပုဆိုးမှာ အပေါက်ပါတော့ လေဝင်လေထွက်ကောင်း တယ်။ လေဝင်လေထွက် ကောင်းတော့ ကျန်းမာရေးနဲ့ ညီညွတ်တာပေါ့။ ခုနောက်ပိုင်းဆို ရာသီဥတု ပူလာပြီ မလား...နောက်ပြီး ကိုဟင်တို့ ရှူရှူး ပေါက်ရင် ကရိကထ မများတော့ဘူးပေါ့။ " ဤသို့ ရှင်းပြပြီး သကာလ " ကိုဟင်တို့များ ခေတ်အမြင်ကို မရှိဘူး " ဟုလည်း အငေါ်တူးလိုက်သေး၏။

ဟုတ်ကဲ့.... ကျွ်နုပ်လည်း ဟုတ်ကဲ့ဟုသာ ပြန်ဖြေနိုင်လေတော့၏။ ကျွ်နုပ်ကာ ခေတ်နှင့်အညီ မလိုက်နိုင်သူပါတည်း။ ကျွ်နုပ်လည်း အနှီး SBD 50 တန်သော ခေတ်မှီ ပုဆိုးအား ဝတ်နိုင်ရန် အတော်ပင်ကြိုးစားရမည်ဖြစ် ကြောင်းလည်း သဘောပေါက်မိ၏။ ရှိစေတော့ ။ မိမိကာ ဘိုးတော်ဘုရား လေးဖက်ထောက် ခေတ်တွင်ကျန်နေခဲ့သူ ဖြစ်၏။

ကျွ်နုပ်လည်း မယ်ကြည်အား နုတ်ဆက်၍ သူ၏ ရက်ကန်းရုံမှ အမြန်ထွက်လာရ၏။ မထွက်လို့ကလည်း မဖြစ်။ မတော် " ကိုဟင် ကျွန်မလက်ဆောင်ပေးတဲ့ ပုဆိုးလေး ဝတ်ကြည့်စမ်းပါ ။ ကိုဟင်နဲ့ လိုက်မလိုက် ကြည့်ချင်လို့ " ဆိုလျင် ခက်ရချည်သေး။ ကျွ်နုပ်လည်း ခေတ်မှီသော မယ်ကြည် အကြံပိုင်သော မယ်ကြည် အပြောချိုသော မယ်ကြည်ထံမှ ပြန်လာသော် ရွာလည် လမ်းမတွင် မြန်မာ steemit ရွာ၏ တဦးတည်းသော ကန်ထရိုက်တာ @yuzana ယုဇန ( ဘုရင့် တဘဲ့ ) ဖြင့် တွေ့လေ၏။

ယုဇန ( ဘုရင့်တဘဲ့) ကာ အဘယ်သို့သော ကန်ထရိုက်တာနည်း။ ရှင်းပြပါအံ့။ အဆောက်အဦး ၊ လမ်း ၊ တံတား ဆောက်သော ကန်ထရိုက်တာလော။ မဟုတ်ပါ။ မြန်မာ steemit ရွာ တခုလုံး၏ အိမ်သာ ဆောက်လုပ်ရေးအား ကန်ထရိုက်ယူ၍ ဆောက်လုပ်ပေးနေသော အိမ်သာ ကန်ထရိုက်တာဖြစ်၏။

ဤသို့ဆိုလျင် ယုဇန ( ဘုရင့်တဘဲ့ ) ဟူသောအမည်မည်သို့ရလာသနည်း။ သူ၏ ကုမ္ပဏီ ဆိုင်းဘုတ်မှာ အင်္ဂလိပ်လို ရေးထားခြင်း ဖြစ်၏။ Yuzana ( Bring the Best ) ။ ဆိုလိုသည်မှာ ယုဇန မှ အကောင်းဆုံးကို ယူဆောင်ပေးသည် ဟူ၍ အဓိပ္ပါယ် ထွက် စေရန် ဖြစ်သော်လည်း bring the best ဟူသော အင်္ဂလိပ်အသံထွက်အား မြန်မာ steemit ရွာသားတို့ မြန်မာမှုပြုလိုက်သည်မှာ ယုဇန ( ဘုရင့်တဘဲ့) ဟူ၍ ဖြစ်ရရှာလေတော့၏။ ရှိစေတော့ ။ ယုဇန ( ဘုရင့်တဘဲ့ ) ကာ တော်ရုံ ဓနိမိုး ထရံကာ အိမ်သာဆောက်သူ မဟုတ်ပါ။ နောက်ဆုံးပေါ် ခေတ်မှီ အိမ်သာဆောက်သူဖြစ်၏။ အဘယ်သို့သော ခေတ်မှီခြင်းနည်း။ ရှင်းပြပါအံ့။

သာမန်လူတို့ အိမ်သာတက်လျင် အနည်း ဆုံး ၃ မိနစ်ခန့်ကြာ၏။ လူတယောက် ၃ မိနစ် တရက်လျင် ၂ ကြိမ်တက် ၆ မိနစ်။ လူ၁၀ ယောက်လျင် တရက် မိနစ် ၆၀ ။ တပါတ် လျင် ဘယ်လောက် တလလျင် ဘယ်လောက်ဟူ၍ တွက်ချက်ကြည့်ရာ steemit ရွာသားတို့မှာ အိမ်သာတက်ရင်း အချိန်ကုန်ရသကဲ့သို့ ဖြစ်နေသောကြောင့် အိမ်သာတက်သော အချိန်တို့ မဆုံးရှုံးရအံ့ငါ မြန်မာ steemit ရွာသူရွာသားများအတွက် ခေတ်မှီ အိမ်သားများ ဆောက်လုပ်ပေးနေခြင်း ဖြစ်၏။

သိုင်းဆရာ @domelay အတွက် အိမ်သာတက်ရင်း အချိန်မကုန်ရအံ့ငှာ အများတူငှာနှင့်မတူသော အိမ်သာဆောက်ပေး၏။ အိမ်သာတက်ရင်း သိုင်းကျင့်နိုင်၏။ အခြာသူများ၏ အိမ်သာတွင် အလေးစွန့်ရန် အပေါက် တခုသာ ပါသော်လည်း @domelay ၏ အိမ်သာတွင် အပေါက်သုံးခုပါ၏။ ထိုအပေါက်များမှာလည်း အမြဲတစေ ရွေ့လျားနေကြသည် ဖြစ်၍ ဒိုမီလေးမှာ အပေါက်တည့်အောင် လိုက်ချိန်ရင်း ကိစ္စပြီးရသဖြင့် သိုင်းကျင့် ပြီးသား ဖြစ်နေခြင်း ဖြစ်၏။

ဟုတ်သား။ အပေါက်တွေက ရွေ့နေမှ ဖြင့် ဖင်တရမ်း ရမ်း နှင့် ဆိုတော့ သိုင်းကျင့်သည်နှင့် တပုံစံတည်း ဖြစ်၏။ အခုနောက်ပိုင်းတော့ ဒိုမီလေးလည်း အပေါက်ချိန်စရာ မလိုတော့ဟုကြားရ၏။ သမာဓိ အားကောင်းလာသည် ဖြစ်တန်ရာ၏။ အီလက်ထရောနှစ် ပြင်ဆရာ @komoezaw မိုးဇော် အတွက် ဆောက်ထားပေးသော အိမ်သာမှာ အလွန်ခမ်းနား၏။

အဲကွန်းလည်း ပါ၏။ အိမ်သာတက်ရင် လျပ်စစ်ပစ္စည်းများ ပြင်နိုင်၏။ တခုသာပြသနာရှိ၏။ မိုးဇော်မှာ မေ့တတ်သူဖြစ်သောကြောင့် ကိစ္စပြီးလျင် ခဲဆော်သော ဂေါက်အား ရေပိုက်နှင့် မှား ပြီး ထိုးသဖြင့် မကြာခဏ အပူလောင်ရသော ပြသာနာတခုသာရှိ၏။

အပျိုကြီး @eieikhing ၏ အိမ်သာမှာ အထူးဆန်းဆုံး ဖြစ်၏။ အိမ်သာတခုလုံးအား ကြည့်မှန်များ တပ်ထားပေး၏။ အိမ်သာတက်လျင် တကိုယ်လုံး မြင်နိုင်၏။ အိအိခိုင်ကလည်း အလွန်သဘောကျလေ၏။ အဘယ်ကြောင့်နည်း ။ အိမ်သာတက်ရင်း အလှပြင်နိုင်သောကြောင့် ဖြစ်၏။

ထို့အတူ သူ့အိမ်သာထဲတွင် အလှပြင်ပစ္စည်း အစုံလည်း ရှိ၏။ အလှအပ ကြိုက်သူတို့ အပျိုကြီး အိအိခိုင်၏ အိမ်သာတို့ သွားတက်ကြပါကုန်။ ရွာခံလူမိုက် @thatkozaw သက်ကိုဇော်၏ အိမ်သာမှာ သူတယောက်တည်းမှလွဲ ပြီး မည်သူမျှ တက်၍ မရသော အိမ်သာ ဖြစ်၏။

ယုဇန ( ဘုရင့်တဘဲ့) မှ ခေတ်မှီ နည်းပညာ sensors များထည့်၍ ဆောက်ပေးထားသောကြောင့် ဖြစ်၏။ အဘယ်သို့ကြောင့် sensor များထည့်ထားရပါသနည်း ဟုဆိုသော် သက်ကိုဇော်မှာ လိပ်ခေါင်း ဝေဒနာခံစားနေရကာ အိမ်သာတက်၍ လိပ်ခေါင်း ထွက်လာသည်နှင့် sensor မှ သိရှိပြီး ချက်ချင်း သာရေကွင်းနှင့် ပစ်သော စနစ်ထည့်သွင်းထားပေးခြင်းဖြင့် လိမ်ခေါင်း ဝေဒနာအား ကုစားပေး၏။ အလွန်ခေတ်မှီ အဆင့်မြှင့်သော အိမ်သာဖြစ်၏။

ထို့ အပြင် ယုဇန ( ဘုရင့်တဘဲ့ ) မှာ မြန်မာ steemit တရွာလုံးရှိ အိမ်သာများအား စာတန်းတခုပါသော စတစ်ကာ ကပ်ပေး၏။ သန့်ရှင်းပါ ဟူသော စတစ်ကာလော။ မဟုတ်ပါ။ ကိစ္စပြီးလျင် ရေလောင်းပါ ဟူသောစတစ်ကာ လော။ မဟုတ်ပါ။ သူကပ်ထားပေးသော စတစ်ကာမှာ " အိမ်သာတက်၍ လုပ်စရာမရှိလျင် steemit သုံးပါ " ဟူတသတ်။ ဤ စတစ်ကာ ၏ အကျိုးဆက်မှာ အံ့ဖွယ် ဖြစ်၏။ စတစ်ကာ မကပ်ခင်က မြန်မာ steemit ၏ promotion post များ ၅ ခု ၆ ခု ခန့်သာ ရှိရာမှ ထို စတစ်ကာ ကပ်ပြီး နောက်ပိုင်းတွင် တရက်လျင် post ၂၀ ခန့်မျှ တဟုန်ထိုး တက်သွားသောဟူ၏။ ကျေးဇူးကြီးမားပေစွ။

ဟုတ်ကဲ့။ " အိမ်သာတက်၍ လုပ်စရာမရှိလျင် steemit သုံးပါ။

ပုံ / ယုဇန ( ဘုရင့်တဘဲ့ )

( ဘုရင့် တပည့် ဟုရေးရမည် ဖြစ်သော်လည်း အသံထွက်အတိုင်း ဘုရင့်တဘဲ့ ဟူ၍ ရေးသားထားသည်ကို ခွင့်လွတ်ကြပါကုန်။)

Henry Aung ( Kachin )

21/12/2021 - Tuesday - 19;12 Pm

H2
H3
H4
3 columns
2 columns
1 column
36 Comments
Ecency