လျပ်စစ်မီးနှင့် သန်းခေါင်ယံ ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ယမန်နေ့ကတော့ မီတာမဆောင်သောကြောင့် မီတာပုံး အဖြုတ်ခံရကာ တနေ့နှင့်တည မှောင်မှောင် မဲမဲထဲ ငုတ်တုတ်မေ့နေခဲ့ရပါသည်။ လျပ်စစ်မီး ဖြတ်ခံရသည်က တလမ်းလုံး ဖြစ်ပါသည်။ အချို့က မီတာတဝက် ဆောင်ထားသည်ဟုပြောလည်း မီးဖြတ်သွားသည်ပင် ဖြစ်ပါသည်။

တယောက်စကား တယောက်နားဖြင့် သိလိုက်ကြရသည်မှာ အိမ်တိုင်း အခန်းတိုင်း မီတာကြွေးကျန် အနည်းဆုံး တသိန်းကျော် မှ ၃ သိန်း အထိ ရှိကြပါသည်။ ကျွန်တော့ ဆိုင်ခန်းကတော့ ရေခဲသေတ္တာ ၂ လုံး / အဝတ်လျှော်စက် တလုံး / Aircon တလုံး / ချက်ပြုတ်စားသည်ကလည်း လျပ်စစ်မီးနှင့်ဆိုတော့ ၂၀၂၁ ဇန်နဝါရီလမှ ၂၀၂၂ ဧပြီလအထိ ၆ သိန်းကျော် သွားပါတော့သည်။

ဤအတောအတွင်း Covid ကာလ ကျွန်တော့ မိခင် အသည်းအသန်ဖြစ်စဉ် ၄ လခန့် ဆိုင်ပိတ်ထားလိုက်ရပါသေးသည်။ ကျွန်တော်လည်း မဆောင်၍ နေလို့ရသေးသမျှ မီတာမမဆောင်ပဲ ပေကပ် နေခဲ့ပါသည်။ ယမန်နေ့ကတော့ မီတာ ကြွေးကျန် ရှိသည့် အိမ် အားလုံး မီးဖြတ် ခံရသလို အကြွေး ၅ သိန်း အထက်ကျော်သူများကတော့ မီတာပုံး ဖြုတ်သိမ်း ခံရပါတော့သည်။

ဆိုတော့ မြို့နယ် လျပ်စစ်ရုံးသို့ မီတာဆောင်ရန် ပြေးရတော့သည်ပေါ့။ တလမ်းလုံး တရပ်ကွက်လုံး နီးပါး မီတာရုံးတွင် တန်း စီနေသည်ကို တွေ့ရပါတော့သည်။ ပထမဆုံး မီတာကြွေးဆောင် ထို့နောက် ရုံးပေါ်တက် ကြွေးကျန် မရှိကြောင်း လျှောက်လွှာတင် ငွေ ၂၀၀၀ ပေးရပါသည်။

ထို့နောက် ထို ကြွေးကျန် မရှိကြောင်း ပြေစာအပြင် နောက် နှောင်တွင် လစဉ် မီတာ အပြည့်ဆောင်ပါမည်ဟူသော ခံဝန်ချက် လက်မှတ်ထိုး ထားသည့် စာရွက်ဖြင့် မိမိမီတာပုံး ပြန်ရရန် လျှောက်လွှာတင် ... အတော်လေး အလုပ်ရှုပ်ခဲ့ရပါသည်။ မီတာရုံး ရှိ စာရေးမများ သောက်ခွက်များကတော့ ချေလိုက်သည် ဖြစ်ခြင်း။

မီးဖြတ်သွားပြီဆိုတော့ လမ်းထဲရှိ လူအများ ပျာယာခတ် ကြရပါပြီ။ အချို့ လက်လုပ်လက်စား များကတော့ ချက်ချင်း ငွေ ၂ သိန်း ၃ သိန်း ဘယ်ကသွားရှာ နိုင်မည်နည်း။ ရက်ကလည်း ကြားရက် ဖြစ်သော ပြတ်တုန်း ငတ်တုန်း ၂၃။

အချို့ ကလည်း နောက်ထပ်ကြွေးကျန်အား တဝက် ထပ်မံသွင်းရမည် ဆိုသည့်တိုင်အောင် ၈ သောင်း တသိန်း လက်ငင်းရှာကြရပါတော့သည်။ အချို့ကလည်း ရှိသည့် ရွှေတိုငွေစများ ပေါင်နှံရောင်းချကြရသလို အချို့ကလည်း ငွေတိုးပေးသူများထံ အပူကပ်ကြရပါတော့သည်။ ဆိုးလိုက်သည့် ဘဝများနှယ်။

အချို့ အိမ်ရှင် အိမ်ငှားပြသနာများကလည်း မသေးပါ။ အရင် အိမ်ငှားများက ၆ လလောက်နေပြီး မီတာမဆောင်ပဲ ပြောင်းသွား နောက်အိမ်ငှားထပ်တင် မီတာမဆောင်ပဲ ၃ လလောက်နှင့် ထပ်ပြောင်းသွား နောက်ထပ် အိမ်ငှား ထပ်တင် ။ ယခင် တနှစ်ကျော်ကတော့ မည်သူမျှ မီတာမဆောင်ကြဆိုတော့ အိမ်ရှင်များကလည်း နောက်အိမ်ငှား အလျင်အမြန်ရလျင် ပြီးရော ဖာသိဖာသာ နေနေခဲ့ကြပါသည်။

ယခု မီးဖြတ်ပြီဆိုတော့ လျက်ရှိနေနေသော အိမ်ငှားက သူနေထိုင်ခဲ့သည့် လများ အတွက်သာ ဆောင်ရမည် ဖြစ်သော်လည်း ကြွေးကျန် များကြောင့် အိမ်ရှင် နှင့် စကားပြောရပါတော့သည်။ အိမ်ရှင်ကလည်း တာဝန်ယူဖြေရှင်းပေရမည့် တာဝန် ရှိသော်လည်း ကြွေးကျန် ၂ သိန်း ၃ သိန်းအား လုံးခနဲ ပေးလိုဟန်မရှိ။

မဖြေရှင်း၍ကလည်း မဖြစ်။ လောလောဆယ် မီးဖြတ်ထားပြီဆိုတော့။ ရန်ကုန် တိုက်ခန်းတွင်နေသူတို့ မီးမလာလျင် သေးပင် ရဲရဲ မပေါက်ဝံ့။ တောရွာများလို ခြုံတိုး၍ ကိစ္စပြီးနိုင်သည်မဟုတ်။ပွဲစားများရောက်လာကာ အိမ်ရှင် အိမ်ငှား ပွဲစားများ ဖြင့် အော်ကြဟစ်ကြ ။

အချို့ကလည်း ကြားခံမီတာ ဆောင်ပေးသည့် ပွဲစားများက ပိုက်ဆံလှည့် ထားသောကြောင့် မီးဖြတ်ခံရသဖြင့် ကြွေးပြန်တောင်းကြ။ ခက်ခဲသော ကာလအား ဖြတ်သန်းနေကြရသဖြင့် ဤကဲ့သို့ အရေးပေါ်အချိန်တွင် ငွေ ၁၀၀ / ၁၀၀၀ မည်သူမျှ အပို မထွက်လိုကြပါ။ ကြံဖန် ရှာကြံ၍ အသက်မွှေးနေကြရသူများဆိုတော့ မည်သူမျှ အပွန်းအပဲ့ မခံနိုင်ကြပါ။

အချို့ကလည်း မီတာခ ကြွေးကျန် ရှိသလောက် ပိုက်ဆံရှာလာကြပါသည်။ မီတာ လာဆောင် သောအခါ မီတာ မဆောင်သည့် အတွက် ဒါဏ်ကြေး မည်ရွေ့မည်မျှ ပေးပါဆိုတော့ အပို အလို ပိုက်ဆံပါမလာကြ။ လှည့်ပတ်ချေးရန်ကြည့်လိုက်တော့လည်း သူလိုကိုယ်လို တွေချည်းသာဆိုတော့ ဇောချွေးများပင်ပြန်လို့။ ညဘက်ရောက်တော့ အချို့တိုက်ခန်းများက မီးလင်းပြီး အများစုကတော့ မှောင်မဲ၍ နေပါတော့သည်။

ရန်ကုန်တွင် မီးမလာ၍ အမှောင်ထဲ ငုတ်တုတ် ထိုင်နေ၍ ရသော်လည်း အချို့ဒေသများတွင်တော့ ငုတ်တုတ် ထိုင်နေစရာ အိမ်ပင်မရှိကြတော့သည့် အဖြစ်။ ဒီတခေါက် သန်းခေါင်ယံ ကတော့ ကြာလွန်းလှပါသည်။

Henry Aung ( Kachin )

24/05/2022 - Tuesday - 17;46 Pm

H2
H3
H4
3 columns
2 columns
1 column
9 Comments
Ecency