ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း ( ၁၉ - ၂၀ ) ( Henry Aung )

111.jpeg

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း - ( ၁၉ ) ( Henry Aung )

မင်္ဂလာပါ။ ယခင် ဆောင်းပါးတွင် ကျွန်တော်တို့ သင်္ဘောကျင်းအလုပ်သမားတို့ ပြောကြသော broken English အကြောင်းအား ဖေါ်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခုဆောင်းပါးတွင် ကျွန်တော်တို့ ငြမ်းအလုပ်သမား များ ၏ ဝင်ငွေ အခြေအနေနှင့် ပါတ်သက်သော အကြောင်းအရာများအား ဖေါ်ပြပေးလိုပါသည်။

ကျွန်တော်တို့ စင်္ကပူ စရောက်ကာစတွင် အရင်ရောက်နှင့် နေကြသော မြန်မာ အကို ကြီးများက မိမိတို့တွင် အိမ်ထောင်ကျပြီး သူများ ပါသလော နှင့် တရပ်ကွက်တည်း အိမ်နီးချင်း သူငယ်ချင်းများ ပါသလော မေးကြပါသည်။ ထို့နောက် ထို senior အကိုကြီးများက " ညီလေးတို့ ရတဲ့ လစာကို ချင့်ချိန်ပြီး ပို့ကြ အရမ်း မပို့ကြနှင့် " ဟူ၍ သတိပေးပါသည်။

ထိုအချိန်တုန်းကတော့ ကျွန်တော်တို့လည်း အဘယ့်ကြောင့် ထိုသို့ သတိပေးကြသည်ကို နားမလည်ခဲ့ကြပါ။ အလုပ်လုပ်၍ ၆ လ ၁ နှစ်ကြာသော အခါမှ သဘောပေါက်လာကြပါသည်။ ကျွန်တော်တို့ ငြမ်းသမား များ အကြောင်းဆက်ပါအုံးမည်။ သင်္ဘောကျင်းတွင် ငြမ်းဆင်ကြသော အလုပ်သမားတို့ မှာ အခြားသော အလုပ်သမားများနှင့် လစာရပုံ ခြင်းမတူညီကြပါ။

အခြား အလုပ်သမားများမှာ အခြေခံလစာများ ပေးထားကြပြီး အပို ဝင်ငွေဟူ၍ အချိန်ပို over time ဆင်းရသော ဝင်ငွေများရှိပါသည်။ ကျွန်တော်တို့ ငြမ်းအလုပ်သမားများမှာ ထိုသို့ မဟုတ်ပါ။ မိမိ တို့ professional ဖြစ်ပါပြီ ဆိုကတည်းက ကုမ္ပဏီ နှင့် စာချုပ်ချုပ်ရပါသည်။ ထိုစာချုပ်မှာ မိမိတို့သည် အခြေခံလစာ ပေါ်တွင် ပိုက်ဆံမရပဲ မိမိတို့ တပ်ဆင်သော ငြမ်းပျဉ်ပြား အချပ် အရေအတွက်ပေါ်တွင် မူတည်၍ ပိုက်ဆံရယူပါမည် ဟူသော သဘောတူစာချုပ်ဖြစ်ပါသည်။

ဆိုလိုသည်မှာ ကျွန်တော်တို့ ငြမ်းဆင်၍ ပျဉ်ပြား ခင်းလိုက်လျင် ပျဉ်ပြား တပြားအား တပ်ဆင်ခ အဖြစ် 4$ ရရှိမည် ဖြစ်သလို ထိုငြမ်း ပြန်ဖျက်လျင် ဖျက်ခ အတွက် ပျဉ်ပြား တပြားလျင် 2$ ရရှိမည် ဖြစ်ပါသည်။ အကယ်၍ ကျွန်တော်တို့ အဖွဲ့သည် တနေ့လုံး ငြမ်းဆင်ထားသော ပျဉ်ပြား အရေအတွက် ၁၀ ပြားသာ ရှိလျင် ဒေါ်လာ 40$ ရရှိမည် ဖြစ်၍ ထို 40$ အား အဖွဲ့ဝင် ရှိသလောက် ခွဲဝေယူရမည် ဖြစ်ပါသည်။ ငြမ်းအဖွဲ့ တဖွဲ့လျင် အနည်းဆုံး လူ ၅ ယောက်မှ အများဆုံး ၁၀ ယောက်ခန့်ရှိပါသည်။

ထိုအချိန်တုန်းကတော့ ကျွန်တော့အဖွဲ့တွင် ၈ ယောက်ဖြစ်ပါသည်။ ငြမ်ဆင်ပြီးလျင် ငြမ်းဆင်ပြီး ကြောင်း form ဖြည့်၍ ထိုငြမ်းတွင် ပျဉ်ပြား မည်မျှ ရှိကြောင်း ဘယ်အဖွဲ့ မှ တပ်ဆင်ကြောင်း သင်္ဘောကျင်း နှင့် သင်္ဘော အမည် ၊ ငြမ်းဆင်သော နေရာ စသည်တို့ကို ဖြည့်သွင်းရပါသည်။ တာဝန်ခံ supervisor မှ ထိုငြမ်းအား စစ်ဆေးပြီး မှန်ကန်ကြောင်း လက်မှတ်ထိုး၍ ရုံးချုပ်သို့ စာရင်းတင်ပေးပါသည်။

ဤသို့ ကျွန်တော်တို့ နေ့စဉ် လုပ်ရသော ငြမ်း order form များအား ရုံးချုပ်မှ တွက်ချက်၍ မိမိတို့အား ၁၅ ရက်တကြိမ် လစာအနေဖြင့် ငွေပေးချေပါသည်။ ကျွန်တော်၏ ယခင် ဆောင်းပါးများတွင် ဖေါ်ပြခဲ့ပြီး ဖြစ်သည့် အတိုင်း အဖွဲ့တွင် လူညီ ၍ အားလုံး ကြိုးကြိုးစား စား လုပ်လျင် အလုပ်ပြီးသလောက် ပျဉ်ပြားပိုရ၍ ဝင်ငွေလည်း ပိုရနိုင်ပါသည်။

ထိုသို့ မဟုတ်ပဲ အလုပ်ခိုကပ်သူ များပါလာပါက အလုပ်မပြီး ရရှိသော ပျဉ်ပြားနည်း၍ ပိုက်ဆံခွဲဝေယူသော အခါ အားလုံး တန်းတူ ရကြသည် ဖြစ်သောကြောင့် အလုပ်လုပ်နိုင်သူကလည်း မြင်လာကြပါသည်။ အကြောင်းမှာ ခိုကပ်သူကလည်း ဒီလောက်ရ တကယ်ပင်ပင်ပန်းပန်း လုပ်ရသူကလည်း ဒီလောက်ပဲရ သည်ဟူ၍ အလုပ်ကြိုးစားလို စိတ်များ ပျောက်သွားတတ်ပါသည်။

အဖွဲ့ တဖွဲ့တွင် အလုပ်ခို ကပ်သူ ၄ ယောက်ခန့်ပါလာလျင် သေချာပေါက် ထိုအဖွဲ့မှာ အချိန်ပြည့် ရန် ဖြစ်နေကြရမည် ဖြစ်သော အဖွဲ့ ဖြစ်ပါသည်။ ကျွန်တော်တို့ အဖွဲ့ တွင်လည်း ထို အတိုင်းသာ ဖြစ်ပါသည်။ အဖွဲ့တွင် လုပ်သား ၈ ယောက်ရှိသော်လည်း တကယ် အလုပ်ကြမ်းလုပ်နိုင်ကြသူများမှာ ၄ ယောက်ခန့်သာရှိပါသည်။ ကျန်၂ ယောက်မှာ သာမန်သာ ဖြစ်၍ အခြား ၂ ယောက်မှာ ယောင် ခြောက်ဆယ်ဖြစ်ပါသည်။

အလုပ်တကယ် လုပ်တော့မည် ဆိုလျင် အိမ်သာ သွားတက်နေသူ ၊ ရေသွားခပ်နေသူ အခြားသူများ ပစ္စည်း သယ်ယူပြီး ငြမ်းဆင်တော့မည် ဆိုမှ ဟိုနား နည်းနည်း ဒီနား နည်းနည်း ဝင်ယောင် စသည်ဖြင့် အခြားအဖွဲ့သားများကလည်း ရန်ဖြစ်မည် စိုးသောကြောင့် ခေါင်းဆောင် ဖြစ်သော ကျွန်တော့အားသာ ဘုတောကြပါတော့သည်။

ကျွန်တော်ကလည်း နဂို ကတည်းက ဂျစ်တီးဂျစ်ကန် နှင့် ပြောစရာရှိလျင် နာ အောင် ပြောတတ်သောကြောင့် ထို့ အလုပ်ကပ်သူများ ဖြင့် အမြဲ တမ်း တကျက်ကျက် ရန် ဖြစ်နေရလေ့ရှိပါသည်။ ဒေါသထွက် လွန်းမက ထွက်လာလျင်တော့ ကိုယ်ထိ လက်ရောက်ထိုးကြိတ်ကြပါတော့သည်။ သို့သော်လည်း ဤသို့ ထိုးကြိတ်ရန် ဖြစ်တိုင်း မည်သူမျှ ရုံးချုပ်သို့ မတိုင်ကြပါ။ အကြောင်းမှာ နှစ်ယောက်စလုံး ပြန်ပို့ ခံရမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။

ဤသည်မှာ ငြမ်းအဖွဲ့သားများ၏ လစာပေးပုံ ကို အကြမ်းဖျင်း ဖေါ်ပြပေးရခြင်း ဖြစ်ပါသည်။ ဆိုခဲ့သည့်အတိုင်း ကျွန်တော်တို့ ငြမ်း သင်တန်း ဆင်း၍ သင်္ဘောကျင်း များတွင် ပထမ ၃ လ training သဘောအနေဖြင့် ငြမ်းဆင် ငြမ်းဖျက် လုပ်ကြရပါသည်။ ထို training ကာလတွင် အခြေခံလစာ $500 ပေးထားသည် ဖြစ်၍ ငြမ်းအား ဖြေးဖြေးဆင် ဖြေးဖြေးဖျက် လည်း ကိစ္စမရှိသလို ခိုကပ်သူများအားလည်း သိပ်ပြီး ဂရုမစိုက်ကြပါ။

အချိန်တန်လျင် လစာ ရမည် ဖြစ်သော ကြောင့် ဖြစ်ပါသည်။ သို့သော် ထို training ကာလ လွန်ပြီး၍ ငြမ်း professional စာချုပ်ချုပ်ပြီးလျင်တော့ မိမိတို့ လုပ်အားကိုသာ အားကိုးရတော့မည် ဖြစ်ပါသည်။ မှတ်မိပါသေးသည်။ ကျွန်တော်တို့ အဖွဲ့ စာချုပ်ချုပ် ကြသော အချိန်တွင် ကျွန်တော်တို့ မှာ သင်္ဘောကျင်း အသေးလေးတခုတွင် ငြမ်းဆင်နေကြသော အချိန်ဖြစ်ပါသည်။

ရုံးချုပ်မှ HR ရောက်လာ၍ စာချုပ်များပြ၍ မိမိတို့ professional စာချုပ်ချုပ်ရတော့ မည် ဖြစ်ကြောင်း ပြောပြပါသည်။ ထိုအချိန်တွင် ကျွန်တော်မှတ်မိသလောက် ကရင်လေး ၊ မွန်းလေး ၊ ဇမ်ကြီး ( ချင်း တိုင်းရင်းသား ) တို့က ကျွန်တော့အား သတိပေးပါသည်။ ကျွန်တော်တို့ အဖွဲ့တွင် အညာသား တယောက်နှင့် ရန်ကုန်သား ၃ ယောက်ပါပါသည်။

ဇမ်ကြီးတို့က ထိုရန်ကုန်သား အလုပ်ကပ်သူများ ဖြင့် တဖွဲ့တည်း မလုပ်လို မိမိတို့ သီးခြား အဖွဲ့ ဖွဲ့ မည် ဖြစ်လာပါသည်။ ထို အချိန်တုန်းက ကျွန်တော်တို့မှာ လူသစ်များ ဖြစ်၍ အနည်းဆုံး ငြမ်းလုပ်သား ၈ ယောက်ပြည့် မှ အဖွဲ့ ဖွဲ့ခွင့် ပေးပါသည်။ ၅ ယောက်နှင့် အဖွဲ့ ဖွဲ့ မရပါ။ အကြောင်းမှာ အဖွဲ့ မှ ထုတ်ခံရသူသည် အခြားမည်သည့် အဖွဲ့မှ မလို ချင်သဖြင့် ရုံးချုပ်မှ သူတို့ အတွက် သီးခြား အလုပ်ရှာ မပေးနိုင်သော ကြောင့် ဖြစ်ပါသည်။ ဤတွင် ထို ရန်ကုန်သားများကလည်း မင်းတို့က ဘယ်လောက်လုပ်နိုင်လို့လဲ နှင့် စကားများကြပါတော့သည်။

HR ကလည်း ရုံးချုပ်သို့ ဖုန်းဆက်၍ မန်နေဂျာ အား ကျွန်တော်တို့ အဖွဲ့ မဖွဲ့လိုကြောင်းနှင့် ရန်ဖြစ် နေကြကြောင်း တိုင်ပါတော့သည်။ ထို့နောက် HR မှ ကျွန်တော့အား ဖုန်းပေး၍ မန်နေဂျာက စကားပြောလို ကြောင်း ပြောပါသည်။ ကျွန်တော် နားထောင်လိုက် သည်နှင့် တဖက်မှ မန်နေဂျာ ပြောသည်မှာ " မင်းတို့ အဖွဲ့ စာချုပ်မှာ လက်မှတ် မထိုးချင်ရင် ရုံးချုပ်ကို လာပြီး လေယျဉ်လက်မှတ်လာယူ မြန်မာပြည် ပြန်ဖို့ လုပ်တော့ " ဟူ၍ ပြောပြီး ဖုန်းချသွားပါသည်။

ကျွန်တော်လည်း အဖွဲ့သားများအား ရှင်းပြရပါတော့သည်။ " မြန်မာပြည်ပြန်မည်လော အဖွဲ့ ဖွဲ့၍ အလုပ်လုပ်ကြမည်လော"။ မည်သူမျှ မပြောသာတော့ပါ။ အားလုံး အောင့်သက်သက်နှင့် လက်မှတ်ထိုးကြရပါတော့သည်။ မှတ်မိပါသေးသည် ကျွန်တော် တို့ အဖွဲ့မှ ဇမ်ကြီးကတော့ သူလက်မှတ် ထိုးမည့် နေရာတွင် လက်မှတ် မထိုးပဲ မြန်မာလို ( -ီးပဲ ) ဟူ၍ ထိုးပေးလိုက်ပါသည်။ ထို့ နောက် HR မှ စာချုပ်များယူပြီး ပြန်သွားပါတော့သည်။ ထိုနေ့မှ စပြီး မိမိတို့လည်း စင်္ကပူ ငြမ်းလုပ်သားဘဝဖြင့် မိမိတို့ ပိုက်ဆံကို ချွေးနှင့် ရင်း၍ ရှာကြရပါတော့သည်။

ကျွန်တော်တို့ အဖွဲ့ ၏ ပထမဆုံး professional လစာမှာ တယောက်ကို 120$ သာရရှိခဲ့ကြပါသည်။ ဤသို့ ဖြင့် ရန်ဖြစ်လိုက် ငြမ်းဆင်လိုက် ပြသနာတက်လိုက် ဖြင့်သင်္ဘောကျင်း တကာသို့ သွား၍ ငြမ်းဆင်ခဲ့ရပါသည်။ ဤတွင် ကြုံ၍ အထက်တွင် senior အကိုကြီးများ များပြောသော ပိုက်ဆံ အရမ်း ပြန်မပို့ကြနဲ့ ဟူသော အကြောင်းကို ရှင်းပြလိုပါသည်။

ဆိုခဲ့သည့် အတိုင်း ကျွန်တော်တို့ အဖွဲ့မှာ လိမ်ဖယ်လိမ်ဖယ်ဖြင့် တလကို ငြမ်းဆင် ခ လစာ 400$ ခန့် ရရှိချိန်တွင် အခြားသော လူညီ သော အဖွဲ့များမှာ 700$ 800$ စသည်ဖြင့် ရရှိနေကြပါသည်။ အခြားအဖွဲ့မှ ကရင် တယောက်နှင့် ကျွန်တော့ အဖွဲ့မှ ကရင်လေး မှာ သူငယ်ချင်း ဖြစ်သည့် အပြင် အိမ်နီးချင်းလည်း ဖြစ်ကြပါသည်။

ထိုကရင်က တလလျင် ၁၀ သိန်း ပို့နိုင်သော အခါ ကျွန်တော်တို့ အဖွဲ့မှ ကရင်လေးက ၅ သိန်းသာ ပို့နိုင်ပါသည်။ ပိုက်ဆံ ပို့တိုင်းလည်း ကရင်လေးက သူ့အိမ်နှင့် ပြသနာ ဖြစ်ရပါသည်။ အကြောင်းမှာ စင်္ကပူ ကို တရက်တည်း အတူတူ သွားကြသည် ကုပ္မဏီ တခုတည်းတွင် အတူ လုပ်နေကြရသည် လုပ်နေသော အလုပ်ကလည်း ငြမ်းအလုပ်ချင်းလည်း တူကြသော်လည်း အခြားသူက ၁၀ သိန်း ပို့ နိုင်၍ သူကတော့ ၅ သိန်းသာ ပို့နိုင်သောကြောင့် ဖြစ်ပါသည်။

မြန်မာပြည်တွင် ရှိနေသူများက ဤအခြေအနေကို နားလည်ကြမည် မဟုတ်ပါ။ ကုမ္ပဏီ တူ အလုပ်တူ လျင် တန်းတူရကြမည်ဟုသာ ထင်ကြမည် ဖြစ်ပါသည်။ မိန်းမ ရှိသူများကလည်း ဤအတိုင်းသာ ဖြစ်ပါသည်။ ပထမ သုံး လေး လ တွင် အလုပ်ကောင်း၍ ပိုက်ဆံများများ ပို့နိုင်သောအခါ ပို့ထားကြသော်လည်း အလုပ်မကောင်း၍ ပိုက်ဆံပို့ နည်းလာလျင် အသုံး အဖြုန်း ကြီးလာသည် ၊ စင်္ကပူ တွင် အငယ်အနှောင်း ရှိနေပြီ လော စသည်ဖြင့် ရန်ဖြစ်ကြရပါတော့သည်။

အကြောင်းမှာ ကျွန်တော်တို့ ငြမ်းအလုပ်သမားများ၏ လစာမှာ အခြားသူများကဲ့သို့ ပုံမှန် ပုံမှန် အခြေခံလစာမရှိသောကြောင့် ဖြစ်ပါသည်။ အချို့ကတော့ အလုပ်ကောင်း၍ ပိုက်ဆံများများရ သဖြင့် အသုံးအဖြုံန်းကြီးလာကြသူများ ရှိသလို ရသမျှ ပိုက်ဆံ ကျစ်ကျစ်ပါအောင်စု ကြသူများလည်း ရှိကြပါသည်။ ဤ ငြမ်းအလုပ်သမားများတွင် ထက်အောင်ကျော်ဟူသော အလုပ်သမားလေး အကြောင်းကို ဖေါ်ပြပေးချင်ပါသည်။

ကျွန်တော် Supervisor ဖြစ်လာ၍ သင်္ဘောကျင်း တခုအား စီမံအုပ်ချုပ်ရသောအချိန်တွင် သူနှင့် တွေ့ကြခြင်း ဖြစ်ပါသည်။ ထက်အောင်ကျော်မှာ စင်္ကပူ တွင် ငြမ်းအလုပ်သမား အဖြစ် အလုပ်လုပ်နေသော်လည်း စင်္ကပူ နိုင်ငံ ဘယ်နေရာမှ မရောက်ဘူးပါ။ အလည်အပတ်လည်း မထွက်ပါ။ သူသွားတတ်သော နေရာမှာ စင်္ကပူရှိ မြန်မာပြည်သို့ ပိုက်ဆံလွဲပို့သော နေရာ တနေရာသာရှိပါသည်။ ကျန်အချိန်မှာ အလုပ်နှင့် အဆောင် အတွင်းသာရှိပါသည်။

အလုပ်ပိတ်ရက် ဖြစ်၍ အခြားသူများ လျှောက်လည်ကြလျင်လည်း ဘယ်မှ လိုက်မသွားပါ။ ဆေးလိပ် ကွမ်းယာ လည်း မသောက်မစားသလို အပို အဖြစ် မုန့်ပဲ သရေစာပင် ဝယ်မစားပါ။ အဆောင်မှ ပေးသော ထမင်းဟင်းသာ စားပါသည်။ ဆိုခဲ့သည့် အတိုင်း ရသမျှ ပိုက်ဆံ ကျစ်ကျစ်ပါအောင်စု၍ သုံးနှစ်ခန့် စင်္ကပူတွင် အပင်ပန်းခံ အလုပ်လုပ်သွားပါသည်။

သူပြန်ခါနီး ကျွန်တော့အား နှုတ်ဆက်သောအခါ စင်္ကပူလာတာ ပိုက်ဆံရှာ ဖို့သာ ဖြစ်၍ ယခု သူ့တွင် လယ်ဧက တော်တော်များ များ ဝယ်ထားသည့် အပြင် နွား အကောင် ၂၀ ကျော်လည်း ဝယ်ထားနိုင်ပြီ ဖြစ်သောကြောင့် မြန်မာပြည် ပြန်၍ တောင်သူ လုပ်တော့မည့် အကြောင်း ပြောပြပါသည်။

ကျွန်တော်ပြန်လာလျင် သူ့ထံလာလည်ပါမည့် အကြောင်း ပြော၍ နှုတ်ဆက်ပြန်သွားခဲ့ပါသည်။ ကျွန်တော် စင်္ကပူ တွင် အလုပ်လုပ်နေစဉ် ထက်အောင်ကျော်ကဲ့သို့ ပိုက်ဆံကြိုးစားစုသူ များ တွေ့ဘူးသလို ရသမျှ သုံးဖြုန်း လိုက်သဖြင့် လက်ဗလာဖြင့် အိမ်ပြန်သွားရသူ အများအပြားလည်း တွေ့ဘူးပါသည်။

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း - (၂၀ ) ( Henry Aung )

မင်္ဂလာပါ။ ကျွန်တော်၏ မပြီး ပြတ်သေးသော စင်္ကပူ ငြမ်းလုပ်သားများ ဘဝ အကြောင်းကို ဆက်ပါအုံးမည်။ ယခင် ဆောင်းပါးတွင် ကျွန်တော်တို့ ငြမ်းလုပ်သားများ ၏ ဝင်ငွေရရှိပုံ အကြောင်းအား ဖေါ်ပြပေးခဲ့ပြီ ဖြစ်၍ ယခုဆောင်းပါးတွင် ကျွန်တော်တို့ကဲ့သို့သော ရပ်ခြားမြေခြားသို့ ရောက်နေသူတို့ မိမိတို့ရရှိသော ဝင်ငွေအား မည်သို့ အသုံးချကြပုံကို ဖေါ်ပြပေးလိုပါသည်။

ကျွန်တော်၏ ယခင်ဆောင်းပါးများတွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်သည့်အတိုင်း ရပ်ခြားမြေခြားတွင် မိမိကိုယ်ကို ထိန်းကျောင်း ရသည် ဖြစ်သည့်အတွက် လွတ်လပ်စွာ ပျက်စီးနေကြသူများ ရှိသလို ရသမျှ အချိန် တွင် ပိုက်ဆံကြိုးစားရှာကြသူများကိုလည်း အများအပြားတွေ့ဘူးပါသည်။ ဆိုခဲ့သည့် အတိုင်း ကျွန်တော် supervisor ဖြစ်လာပြီး နောက်ပိုင်း ကျွန်တော့ အလုပ်သမားများ ပြန်သွားကြလျင် ကျွန်တော့အား နှုတ်ဆက်သွားကြသည်ချည်း ဖြစ်ပါသည်။

အချို့က " ကို ကချင် ကျွန်တော် ပြန်တော့မယ် ၊ သိန်း ၄၀၀ လောက်စုမိပြီး ဆိုင်ကယ် ဝယ်ရောင်းနဲ့ တနိုင်တပိုင် ဆိုင်ကယ် workshop လေး ဖွင့်တော့မယ် " ဟူ၍ ပြောပြကြသလို အချို့ကလည်း " ကျွန်တော် ပို့ထားတဲ့ ပိုက်ဆံနဲ့ မိန်းမက အိမ်ဆိုင်လေး ဖွင့်ထားတာ အခု မနိုင်မနင်း ဖြစ်လာလို့ ကျွန်တော် ပြန်ဦး စီး မှ ဖြစ်တော့မှာမို့ ၊ ကျွန်တော် အိမ်ဆောက်ပစ္စည်း ကုန်မာဆိုင်ဖွင့်ဖို့ အရင်းအနှီး ရပြီ " စသည်စသည် ဖြင့် ပြောပြကြပါသည်။

ထို့ကဲ့သို့ မိမိတို့ ရည်မှန်း ချက် ပြည့်၍ အိမ်ပြန် မျက်နှာပန်းလှသူများ ရှိသလို " အစ်ကိုရာ ကျွန်တော် ဒီတခေါက် အိမ်ပြန်တာ အိမ်မှာ ဘားမှ မရှိတော့ဘူး ကျွန်တော်ပို့ သမျှ မိန်းမက ၂ လုံး ၃ လုံး ထိုးပြစ်တာ ၊ ခုဒီတခေါက်ပြန်လာတာ အလုပ်လုပ်ဖို့တောင် စိတ်မပါဘူး " ဟူသော အသံများလည်း အများ အပြား ကြားရပါသည်။

ဆိုခဲ့သည့် အတိုင်း တိုင်းခြားတွင် အလုပ်လုပ်၍ ပိုက်ဆံပို့ နေကြသော်လည်း မြန်မာပြည် တွင် ကျန်နေကြသော မိဘ ၊ ညီအစ်ကို ၊ မိသားစုများ ၏ စီမံ ခန့်ခွဲမှုကလည်း များစွာ အရေးပါပါသည်။ ကျွန်တော့ အမြင် တမျိုးတည်း ဖြင့် ပြောရလျင် အများအားဖြင့်တော့ မိသားစုများက နိုင်ငံခြားမှ ပို့လာမည့် ဝင်ငွေကိုသာ မျှော်၍ ရပ်တည်နေကြသော မိသားစုများပါသည်။

ကျွန်တော်တို့ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်နေကြသူများမှာ တချိန်မဟုတ် တချိန် မိမိနိုင်ငံသို့ ပြန်လာကြရမည် ဖြစ်သောကြောင့် မိမိတို့ ရရှိလာသော ဝင်ငွေအား မစီမံတတ်လျင် လက်ဗလာဖြင့် ပြန်သွားရသော အခြေ အနေကို ကြုံနိုင်ပါသည်။

ထို လက်ဗလာ ဖြင့် ပြန်သွားရသူများ အကြောင်းကို အနည်းငယ် ဖေါ်ပြပေးချင်ပါသည်။ ဆိုခဲ့သည့်အတိုင်း မိမိပို့ သမျှ အိမ်တွင် ကျန်ရစ်သူများက သုံး ဖြုန်း လိုက်လျင် မိမိပြန်သော အချိန် လက်ဗလာ ဖြစ်မည်ကတော့ သေချာပါသည်။ ဤ သည်မှာ ကျန်ရစ်သူ မိသားစု နှင့် ဇနီးမယားတို့ အပေါ်အများကြီး မူတည်ပါသည်။ အခြားသော လက်ဗလာဖြင့် ပြန်ရသူများမှာ လောင်းကစားမက်သူများ နှင့် နှာမွန်သူများ ( မိန်းမကိစ္စ မကင်းသူ များ ) ဖြစ်ပါသည်။

လောင်းကစားမက်သူများကတော့ အထူးပြောစရာမလိုပါ။ ကျွန်တော့ ယခင် ဆောင်းပါးများတွင် ဖေါ်ပြပေးခဲ့ ပြီး ဖြစ်သည့်အတိုင်း ကျွန်တော်တို့ နေသောအ ဆောင်တွင် တခန်းမဟုတ် တခန်းတော့ ဖဲဝိုင်းရှိပါသည်။ ထို့ အပြင် လကုန်ရက် လစာထုတ်ရက်များ တွင် အဆောင် ပတ်ဝန်းကျင်တွင် ထိုင်းတို့ လောင်းကစားသော လေးကောင်ဂျင် ၊ ရှစ်ကောင်ဂျင် များလည်း လောင်းကစားနိုင်သလို မြန်မာတို့ ဦးဆောင်သော ရှမ်းကိုးမီးဝိုင်းကလည်း စင်္ကပူဒေါ်လာများ ပလူပျံလေ့ရှိပါသည်။

ဤငွေအားလုံး မှာ မိမိတို့ တပင်တပန်း ရှာထားကြရသော ဝင်ငွေများ ဖြစ်ပါသည်။ ဤသို့ လောင်းကစားလုပ်၍ နိုင်လျင် ကိစ္စမရှိသော်လည်း ရှုံး လျင် ရှုံးမဲမဲ ကြပါတော့သည်။ တချို့ကလည်း "ငါ့ကို ပိုက်ဆံချေး ရော့ ငါ့ bank card နဲ့ password ယူထား နောက်လစာ ဝင်တာနဲ့ တခါတည်း ထုတ်ယူလိုက် " စသည်ဖြင့် နောက်လစာ ပင် မထွက်သေး ထိုလစာမှာ ဖဲရိုက်၍ ပြောင် နေပြီ ဖြစ်ပါသည်။

ငွေမျော ငွေနှင့် လိုက်ဆို သော်လည်း လိုက်လို့ မဆုံးသူများသာ ဖြစ်ကြပါသည်။ ဤသို့ ဖဲ ရိုက် ကြွေးတင် ကြွေးဆပ်ဖြင့် လုံးခြာလည် လိုက်နေသူများလည်း အများ အပြား တွေ့ဘူးပါသည်။

ဤသို့ လုံးခြာလည် လိုက်နေစဉ် ကုမ္ပဏီက မိမိတို့ အလုပ်သမား ကဒ်အား သက်တမ်း မတိုးပေးတော့ ဘူး ဆိုသော အခါ ပြာယာခတ်ကြရပါတော့သည်။ အလုပ်ရှင်ကလည်း အလုပ်နည်းလာလျင် လုပ်သား လျှော့ချ မည်သာ ဖြစ်ပါသည်။

ထိုအခါကြမှ " ကိုကချင် လုပ်ပါအုံး မန်နေဂျာကို တနှစ်လောက် သက်တမ်း ထပ်တိုးပေးဖို့ ပြောပေးပါအုံး " စသည်ဖြင့် အကူအညီ တောင်းလာကြပါတော့သည်။ မိမိလည်း တတ်နိုင်သည့် ကိစ္စ မဟုတ်၍ စိတ်မကောင်းရုံသာ။ ဤနည်းဖြင့် နောက်တကြိမ် စင်္ကပူ လာဖို့ရန် အေးဂျင့် fee ပင် မတတ်နိုင်တော့၍ လက်ဗလာ ဖြင့် ပြန်သွားကြရပါသည်။

ကျွန်တော်တို့ နိုင်ငံရပ်ခြား တွင် အလုပ်လုပ်နေကြသူများမှာ ၆ လခန့် အလုပ်လုပ်လိုက်လျင် အနည်း ဆုံး လက်ကိုင်ဖုန်း တလုံးတော့ ဝယ်ကိုင်နိုင်ကြပြီ ဖြစ်ပါသည်။ ဤလက်ကိုင်ဖုန်း တလုံးရသည်နှင့် ရည်းစားတယောက်ရ ရန် အလွန်လွယ်ကူသွားကြပြီ ဖြစ်ပါသည်။ ရည်း စားရှိပြီး သူများကလည်း မရှိသေးသူများအား သူတို့ သူငယ်ချင်း များ ၏ ဖုန်းနံပါတ်များ ပေးကြ ခြင်းဖြင့် အစကတော့ ကောင်မလေး တယောက် ဖုန်း ခေါ်သည်။

ထို့ နောက် နေ့စဉ် ရက်ဆက် အားသည် နှင့် ဖုန်းခေါ်ကြမည် စကားပြောကြမည်။ ထို့ နောက် အပြင်တွင် ချိန်းတွေ့ကြမည်။ ဤသည်မှာ ပုံသေနည်း ဖြစ်ပါသည်။ အားလုံး ထိုနည်း အတိုင်သာ ။ များသောအား ဖြင့် ကျွန်တော်တို့ အလုပ်ကြမ်း သမားများနှင့် ချစ်ကြိုက်ကြသော ချစ်သူ ကောင်မလေးတို့မှာ အင်ဒိုနီးရှား အိမ်ဖေါ်များ နှင့် ဖိလစ်ပိုင် အိမ်ဖေါ်များ ဖြစ်ကြပါသည်။

မည်သည့် စင်္ကပူ နိုင်ငံသူမှ သင်္ဘောကျင်း အလုပ်ကြမ်းသမားအား မကြိုက်ပါ။ အနားပင် မကပ်ကြပါ။ သူဌေး သမီး နှင့် စောင်း သမား ညားကြသော ပုံပြင်မှာ မြန်မာ တွင်သာရှိပါသည်။ စင်္ကပူတွင် ထိုကဲ့သို့သော ပုံပြင်မရှိပါ။

ကျွန်တော်တို့ ပြောလေ့ရှိသည်မှာ no money , no honey ( ပိုက်ဆံ မရှိရင် အချစ်လည်း မရှိနိုင်ပါ ) ဟုပြောကြသော်လည်း စင်္ကပူ နိုင်ငံသူ အမျိုးသမီး တို့ ပြောသည်မှာ no money , no talk ( ပိုက်ဆံ မရှိလျင် စကားပင် လာမပြောနှင့် ) ဖြစ်ပါသည်။ ကျွန်တော်တို့ သင်္ဘောကျင်း အလုပ်သမားတယောက်၏ ဝင်ငွေ မှာ သူတို့ အတွက် တော့ မိတ်ကပ်ဖိုး သို့မဟုတ် အဆင့်တန်းရှိသော လက်ကိုင်အိတ် တအိတ် ဝယ်ရန်ပင် မလောက်ပါ။

ဆက်ပါအုံး မည် ။ ဤသို့ အိမ်ဖေါ် များနှင့် ရည်းစား ဖြစ်သွားလျင် သူတို့ နှင့် အတူ တပါတ်တခါ တနင်္ဂနွေ နေ့ တရက် hotel တွင် အတူ အိပ်ရဖို့ အရေး ပိုးကြေး ပန်းကြေး ပေးရ ၊ ဖုန်း ဝယ် ပေး ရ ၊ အဝတ်အစား ဝယ်ပေးရဖြင့် မိမိတို့ ရှာ ထားသော ပိုက်ဆံ အိမ်ပြန် ပို့ရန် အသာထား မိမိတို့ ရည်း စားအတွက်ပင် မလောက်ပါ။

အထူးသဖြင့် ဖိလစ်ပိုင် အိမ်ဖေါ်တို့မှာ ချောမောလှ ပကြသည့် အပြင် လည် လည် ဝယ်ဝယ်လည်း ရှိကြသဖြင့် မြန်မာ ကောင်လေးများထံမှ ပို၍ ခြူစားနိုင်ကြပါသည်။ မြန်မာပြည် တွင် ရည်းစား မရှိဘူးခဲ့သူကလည်း စင်္ကပူ တွင် ရည်းစား ထည်လည် တွဲ နိုင်ကြပါသည်။ ပိုက်ဆံ သုံးဖြုန်းနိုင်ရန်သာလိုပါသည်။

ထိုထက် ပို၍ မစိတ် မွန်းလာသူ နွားကျ သူကတော့ သူတို့ bank card အား ရည်းစား ကို ပေးထား၍ လခ မှန်သမျှ ရည်းစားက ထုတ်ယူ သူတို့ မှာ ရည်းစားပေးသမျှ သာ သုံး စွဲရ ပါသည်။

ဤသို့ bankcard ပေး ထားခြင်း၏ အကျိုး အမြတ်အနေဖြင့် ထိုသူတို့မှာ တပါတ်လျင် တခါ သူတို့ ရည်းစားနှင့် hotel တွင် အတူ အိပ်နိုင်သော မဟာအခွင့်အရေး ရကြပါသည်။ ဤသို့ အလုပ်ပင်ပင်ပန်းပန်းလုပ် ကိုယ်ထမင်းကိုယ်စား ပြီး တဏှာ အတွက် ကျွန်ခံ နေကြသူများလည်း တွေ့ဘူးပါသည်။

ဤတွင် ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ကျွန်ခံတာ ဘာဖြစ်လဲ ဟူ၍ ပြောစရာရှိပါသည်။ ဟုတ်ကဲ့ ဘားမှ မဖြစ်ပါ။ ကျွန်တော်ကလည်း ကောင်းသည် ဆိုးသည် ဝင်မပြောပါ။ သို့သော် ဒုက္ခရောက်လာလျင် ပြသနာမှာ ကျွန်တော့ ဆီ ဦးတည်လာလေ့ရှိပါသည်။ အကြောင်းမှာ " ကိုကချင် ကျွန်တော့ ကောင်မလေးက ဟိုဟာမလာတာ ၂ လရှိပြီ ပြောတယ်။ ကိုယ်ဝန်ရှိနေပြီလားမသိဘူး။ ကောင်မလေးက ဖျက်ချဖို့ အတွက် $၂၀၀၀ လောက်လိုတယ် ပြောနေလို့ ကူညီပါအုံး" ဟူ၍ အကူအညီတောင်းလာကြပါတော့သည်။

ဤတွင် ကျွန်တော့ထံ အကူအညီ တောင်းရခြင်းမှာ ကျွန်တော် ချမ်းသာ၍ မဟုတ်ပါ။ ကျွန်တော်လည်း အလုပ်သမားသာ ဖြစ်ပါသည်။ သို့သော် supervisor အာမခံဖြင့် ရုံးချုပ်မှ ပိုက်ဆံ ချေးလို၍ ဖြစ်ပါသည်။

ကျွန်တော်လည်း အခြားသော ကိုယ်ရေးကိုယ်တာ ပြသနာများ ဖြစ်သော မိခင်ဖခင် ဆေးရုံ တက်နေရလို့ ၊ ညီမလေး ၁၀ တန်း ဘော်ဒါ ကောင်းကောင်း ထားချင်လို့ စသည် ကိစ္စများအတွက် ဆိုလျင်တော့ အာမခံ၍ ပိုက်ဆံ လိုက်ချေးပေးပါသည်။ သို့သော် ထိုကဲ့သို့ ရည်းစားထား၍ သရမ်းပြီး ပြသနာတက်လာလျင်တော့ ဝမ်းနည်းပါသည်ဟုသာ ပြောလွတ်ပါသည်။

သူတို့ ကောင်မလေးက ရည်းစား ဘယ်နှစ်ယောက်ရှိသည် မသိ ၊ ကိုယ်နှင့် ရသော ကိုယ်ဝန်လား အခြားသူနှင့်ရသော ကိုယ်ဝန်မှန်းမသိ ။ ကောင်မလေးက ရဲတိုင်လိုက်လျင် ဒုက္ခ ရောက်ရမည် ဖြစ်၍ သူတို့ ကောင်မလေးများ တောင်းသော ပိုက်ဆံကို ချေးငှား၍ ရှာပေးရ ၊ ရသော လစာမှာ အကြွေးများ ဆပ်ရင်းသာ လုံးခြာလည် လိုက်နေသူများလည်း ရှိကြပါသည်။

စင်္ကပူတွင် အိမ်ဖေါ် လုပ်နေသော အမျိုးသမီး များသည် ကိုယ်ဝန် ဆောင်ခွင့် မရှိပါ။ ခြောက်လ တကြိမ် ဆေး စစ်ရ၍ ဆေးမအောင်လျင် ချက်ချင်း ပြန်ပို့ပါသည်။ စင်္ကပူရှိ မည်သည့် ဆရာဝန်များကလည်း ဤကဲ့သို့ မှုခင်းနှင့် မကင်းသော ကိုယ်ဝန် ဖျက်ချမှုအား မလုပ်ကြပါ။ မိလျင် ရာသက်ပန် လိုင်စင်ဆုံး ရှုံး ရမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။

ဤကဲ့သို့ အချိန်တန်လျင် သူလည်း သူ့ နိုင်ငံ ပြန်ရမည် ဖြစ်သလို ကိုယ်လည်း ကိုယ့် နိုင်ငံ ပြန်ရမည် သိနေသော် လည်း အခိုက်အတန့်သော ပျော်ရွှင်မှု အတွက် ဒုက္ခရောက်သွားကြသူများလည်း ရှိကြပါသည်။ ဤသည်မှာ ကျွန်တော်တို့ နိုင်ငံရပ်ခြားတွင် ဖြစ်ပျက်နေကြသော အခြေအနေများကို ဗဟုသုတ ရစေရန် အလို့ငှာ ရေးပြရခြင်းသာဖြစ်၍ အခြားသော စာဖြင့်ရေးပြရန် မသင့်သော အကြောင်းအရာတော်တော်များများအား ချန်ထားခဲ့ပါသည်။

ဆက်လက်ဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

H1.jpeg

H2
H3
H4
3 columns
2 columns
1 column
2 Comments
Ecency