ကျွန်တော်ပြောသော စင်္ကပူ - အပိုင်း ( ၃၄ ) ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ယခုတလော Cryptocurrency များကလည်း ကျဆင်းနေပြီး ကျွန်တော်တို့ Hive ကလည်း ပြား ၇၀ ကျော်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ပါသည်။ ယနေ့နံနက်ကတော့ ပြား ၈၀ သို့ ပြန်လည် ဦးမော့လာခဲ့ရာ ဈေးပြန်တက်လာပြီဟု ဝမ်းသာမည်မှ မကြံသေး ညနေဘက်တွင် ပြား ၇၀ ပြန်ဖြစ်လို့ နေပါတော့သည်။ အခြားသော အကြောင်း အရာများအားလည်း ရေးသားရန် စိတ်မပါရသေးကာ ကျွန်တော်၏ မပြီးပြတ်သေးသော စင်္ကပူ အကြောင်းသာ ဆက်ကြပါအုံးစို့။

ယမန်နေ့မှ ဆောင်းပါးတွင် ကျွန်တော်တို့ Inbound ဌာန မှ စာအုပ်စင်များ သို့ မည်သို့ စာရင်းသွင်းသည့် အကြောင်း ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ ဤ တွင် စာရှုသူ မိတ်ဆွေအနေဖြင့် စဉ်းစားမိမည်မှာ စာအုပ်တွန်းလှည်း လေးတွန်းကာ စာအုပ်စင်များကြားတွင် Scanner တလက်နှင့် အေးအေးဆေးဆေး အချောင်ခိုကာ လှည်း တစီးလျင် တနာရီခန့် မျှ အချိန်ယူ နိုင်သည်ဟု စဉ်းစားမိပါလိမ့်မည်။ ဟုတ်ပါသည်။

မိမိအနေဖြင့် စာအုပ် တွန်းလှည်း တစီးအား တစ်နာရီ အချိန်ယူ စာရင်း သွင်း နေလည်း မည်သူမျှ သတိမထားမိနိုင်ပါ။ အဘယ့်ကြောင့် ဆိုသော် စာအုပ် စင်များ ကြီးမား ကျယ်ပြန့် လွန်းသည်ဖြစ်သည့် အပြင် လူတိုင်းက မိမိအလုပ်သာ အာရုံစိုက်နေရသော ကြောင့် အခြားသူများ ဘာလုပ်​နေသည် လိုက်မကြည့်အားပါ။ ဆိုတော့ မိမိကြိုက်သလို အလုပ်လုပ်နိုင်ပါသည်။

အချိန်တန်တော့လည်း မိမိအချောင်ခိုသူ ဖြစ်ကြောင်း အလိုလို ပေါ်လွင်လာပါသည်။ ကျွန်တော်တို့ စာအုပ်စာရင်း သွင်းရာတွင် မိမိ Scanner အား မိမိသာ ကိုင်ရပါသည်။ Scanner 01 သည် Supervisor/ Scanner 02 သည် မည်သူမည်ဝါ Scanner 03 သည် မည်သူ စသည်ဖြင့် နေ့စဉ် မိမိကိုင်နေကျ Scanner သာ မိမိကိုင်ရပါသည်။

တပတ်ပြည့် ၍ စာရင်း ချုပ်လျင် 01 Scanner သည် လွန်ခဲ့သော တပတ်တွင် စာအုပ်ရေ ၅ သိန်း Scan ဖတ်ခဲ့သည်။ Scanner 02 က စာအုပ်ရေ ၅၅၀၀၀၀ Scan ဖတ်ခဲ့သည်။ scanner 03 က စာအုပ်ရေ ၅၂၀၀၀၀ scan ဖတ်ခဲ့သည် scanner 04 ကတော့ စာအုပ်ရေ ၃ သိန်းသာ Scan ဖတ်ခဲ့သည်ဟူ သော AS400 System report ထွက်လာပါသည်။

အခြား Scanner အားလုံး စာအုပ် ၅ သိန်းကျော် Scan ဖတ်ထားခဲ့ချိန် မိမိ Scanner က ၃ သိန်းသာ စာအုပ်စာရင်းသွင်းခဲ့သည် ဟူသော သဘော ဖြစ်ကာ မိမိသည် အချောင်ခိုနေသူ အဖြစ် အလိုလို သိနိုင်ပါသည်။ တန်းတူ အလုပ်လုပ် ပါက ကွာလွန်းလှလျင် ၂ သောင်း ၃ သောင်း သာဖြစ်ပါသည်။

ဤ ကဲ့သို့ အလွန်ကွာလျင်တော့ သိသာလွန်းပါသည်။ ဤသည်ကို KPI ( Key Performance Indicator ) ဟုခေါ်ပါသည်။ ပထမတပတ်တွင် သူများ နောက်ပြတ်ကျန်ခဲ့သည် ဒုတိယပတ်တွင်လည်း သူများနောက် ပြတ်ကျန်ခဲ့သည် တတိယပတ်တွင်လည်း တိုးတက်မလာ လကုန်၍ နောက်ထပ် ထွက်လာသည် KPI အား ပေါင်းကြည့်၍ ထို Scanner သည် တိုးတက်မှုမရှိဟု ယူဆကာ ထိုအလုပ်သမား အား Pansing က ဆက်မငှားတော့ပါ။

ထို့ကြောင့် မိမိ အချောင်ခိုသည်အား မည်သူမျှ မသိဆိုသော်လည်း မိမိ အလုပ်လုပ်သော Scanner နှင့် AS400 Computer System ကသိပါသည်။ ထို့ကြောင့် မိမိ KPI ပိုတက်စေရန် မည်သူမျှ ရိုက်ခိုင်းရန် မလိုပဲ ခပ်သွက်သွက် အလုပ် လုပ်ကြပါတော့သည်။ တခါတရံ လည်း အလုပ်ခိုင်းသော Supervisor က မျှမျှတတ ရှိရန်လည်း လိုပါသည်။

တခါတရံတွင် အလွန်ရောင်းကောင်းသော စာအုပ်မျိုး များ အုပ်ရေ သိန်းနှင့် ချီပြီး ရောက်လာလေ့ ရှိပါသည်။ ဥပမာ ဟယ်ရီပေါ်တာ စာအုပ်နှင့် Dan Brown ၏ စာအုပ်များမှာ တခေါက်တခေါက် ရောက်လာလျင် အုပ်ရေ သိန်းနှင့်ချီပြီး ရောက်လာလေ့ရှိပါသည်။

စာရေးဆရာ Dan Brown မှာ Da Vinci Code အားရေးသားသော စာရေးဆရာ ဖြစ်ကာ သူရေးသားသော ( ထိုအချိန်က ) Angels and Demon မှာ အကြီးအကျယ် ပေါက် နေချိန် ဖြစ်ပါသည်။ ဤသို့ ရုပ်ရှင်ဖြင့် နာမည် ကြီးနေသော စာအုပ်များ ရောက်လာလျင် အုပ်ရေ တသိန်း နှစ်သိန်းဟူ၍ ရောက်လာတတ်ပါသည်။

ဤသို့သော Shipment အား Bulk Order ဟု ခေါ်ကာ ထိုကဲ့သို့သော စာအုပ်များအား စာအုပ်စင်သို့ မပို့တော့ပါ။ S1 ဟူသော နေရာတနေရာ သပ်သပ်တွင် သည်အတိုင်း ကတ္ထူပုံး Pallet အလိုက် စီထားလိုက်ပါသည်။ Scan ဖတ်လျင်တော့ scanner ရှိသမျှ လူများအား မျှမျှတတ ဖြစ်အောင် တယောက်လျင် အုပ်ရေ မည်မျှ ဟူ၍ ဖတ်ခိုင်းရပါသည်။ မဟုတ်လျင် Scanner တယောက်တည်းမှ scan ဖတ်လိုက်လျင် အုပ်ရေ တသိန်းကျော် KPI တယောက်တည်း ရသွားတော့မည် ဖြစ်ပါသည်။

ဤ Inbound တွင် နေ့စဉ် ရေကြောင်း လေကြောင်း Shipment များစွာ ဝင်နေသည် ဖြစ်ရာ ညနေ ၄ နာရီကျော်မှ ရောက်လာသော Shipments များသည် နောက်တနေ့ စာရင်း တွင် ပါဝင်သွားပြီ ဖြစ်ပါသည်။ နံနက် ၈ နာရီနှင့် ညနေ ၄ နာရီ မထိုးခင် ဝင်လာသော Shipment များ အားလုံး တရက်တည်း အပြီး စာရင်းသွင်းရမည် ဖြစ်ပါသည်။

အကြောင်း ကြောင်းကြောင့် တနေ့တာစာရင်း မပိတ်နိုင်ခဲ့ ပါက ကျန်ရှိနေသော စာအုပ်အလိုက် တအုပ်လျင်မည်မျှ ဟူ၍ ကျွန်တော်တို့က ပြန်လျော်ရမည် ဖြစ်ပါသည်။ သို့သော် တခါမှ စာရင်း မပိတ်နိုင်သည့် အဖြစ်မျိုး မရှိခဲ့ပါ။

အဘယ်ကြောင့် ဆိုသော် အခြားသူငှာများ ညနေ ၅ နာရီ အလုပ်ပြန်ချိန်တွင် ကျွန်တော်တို့က ည ၇ နာရီ အထိ အလုပ်လုပ်နေရသော ကြောင့် ဖြစ်ပါသည်။ ဤ စာအုပ် warehouse တွင် လုပ်လုပ် ရသည်မှာ အစပိုင်းတွင် အခက်အခဲ အနည်းငယ်ရှိသော်လည်း System အား နားလည် သွားသည်နှင့် ထမင်းစားရေသောက် တာမှဖြင့် ထမင်း နင် နိုင်ပါသေးသည်။ ဆိုခဲ့ပြီးပါပြီကော။ Warehouse သည် ကျွန်​တော့ အတွက်တော Comfort Zone သာ ဖြစ်ပါသည်။

ဤ မျှလောက် ဖေါ်ပြရလျင် စာအုပ်များ စာရင်းသွင်းရသော Inbound ၏ အလုပ်အား အတန် အသင့်နားလည် မည်ဟု ထင်ပါသည်။ ယခု စာအုပ်များ ပြင်ဆင် ထုပ်ပိုးသော Outbound အကြောင်း အနည်းငယ်ရှင်း ပြပါမည်။ Outbound တွင်လည်း သူ့ Supervisor နှင့် သူရှိပါသည်။

Outbound Supervisor မှာ Adam ဟူသော မလေးလူမျိုး အစ်ကိုကြီးတယောက် ဖြစ်ပါသည်။ အတော်လေး သဘောကောင်းသော Supervisor ဖြစ်ကာ အမြဲတမ်း ပြုံးနေတတ်သူ ဖြစ်ပါသည်။ Outbound တွင် ပထမဆုံး လုပ်ရသည့် အလုပ်မှာ Printer မှ ထွက်လာသော Order စာရွက်များ ရယူခြင်း ဖြစ်ပါသည်။

Outbound ဌာနာ တွင် Printer ကြီး နှစ်လုံး ရှိပါသည်။ ဤ Printer မှာ Pensing ရုံးချုပ်မှ Computer နှင့် ချိတ်ဆက်ထားပြီး Ordered စာရွက်များ အတွဲ လိုက် ထွက်ကျ နေပါသည်။ စက်ကလည်း တတီတီ မြည်နေကာ Order စာရွက်များ Auto ရိုက်ထုတ်နေပါသည်။

Printer တလုံး မှာ စင်္ကပူ အတွက် ဖြစ်ပြီး နောက်တလုံးမှာ မလေးရှား Order အတွက် ဖြစ်ပါသည်။ ဤ Printer များမှ ထွက်လာသော Order စာရွက်များတွင် စာအုပ်အမည် / ISBN barcode နှင့် အုပ်ရေ မည်မျှ ဟူ၍ စာရွက်တွင် ပါပါသည်။ စာရွက် အပေါ်ဆုံးတွင် Order Number ပါပါသည်။

Order တခုလျင် စာအုပ် အမျိုးအစား အနည်းဆုံး ၅ ခုမှ ၁၀ ခုအထိ ပါဝင်ပါသည်။ တခါတရံ ထိုထက်ပိုများလျင် Order နံပတ် တခုတည်းကပင် 1 / 2 ဟူ၍ ထွက်လာလေ့ရှိပါသည်။ ဤသို့ Order paper များ ထွက်လာလျင် Outbound မှ လူများ Order စာရွက် ကိုယ်စီကိုင်ကာ စာအုပ်လိုက်ကောက်ရပါသည်။

Order စာရွက်တွင် ပါသော စာအုပ် ဘားကုတ်များအား Scan ဖတ်လိုက်လျင် ထိုစာအုပ်၏ Location ကို ပြသည်ဖြစ်ရာ ထိုlocation သို့ ရောက်အောင်သွား Location အား scan ဖတ် စာအုပ် ဘယ်နှစ်အုပ် ရိုက်ထည့် Enter ခေါက်လိုက်လျင် Systems အတွင်းမှ စာအုပ်လျော့ သွားမည် ဖြစ်သလို မိမိကလည်း လိုအပ် သော စာအုပ် အရေအတွက် ကောက်ယူလာခဲ့။

အမှန်တော့ Inbound မှ စာအုပ်သွင်းသကဲ့သို့ သာ ဖြစ်ပါသည်။ သူတို့လည်း ကိုယ်ပိုင် Scanner နှင့် ဖြစ်ပါသည်။ သို့သော် သူတို့က တွန်းလှည်း အပြင် ခြင်းတောင်း ပါပါသေးသည်။ Order တခုခြင်း စီအတွက် ခြင်းတောင်း တခုစီ ဖြစ်ပါသည်။

ဤ သို့ Order တခု ကောက်ပြီးသွားလျင် ခြင်းတောင်း အတွင်းသို့ Order စာရွက်ထည့်ကာ Packing ( ထုပ်ပိုး ) ဌာနသို့ သွားပို့ရပါသည်။ ဤ နေရာတွင် Packing Supervisor က ခြင်းတောင်း တခုစီကို အကြမ်းဖျဉ်း စစ်ဆေးရပါသည်။ Order စာရွက် စာရင်း နှင့် ကောက်လာသည့် စာအုပ်အရေအတွက် ကိုက်မကိုက် စစ်ဆေးရပါသည်။ ထို့နောက်တော့ ထုပ်ပိုးမည့် အလုပ်သမား လက်များထဲသို့ ထည့်ပေး လိုက်ပါတော့သည်။

ဆက်လက်ဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

24/01/2022 - Monday - 18;36 Pm

H2
H3
H4
3 columns
2 columns
1 column
26 Comments
Ecency