ကျွန်တော်ပြောသော စင်္ကပူ - အပိုင်း ( ၃၀ ) ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ကျွန်တော်၏ မပြီးပြတ်သေးသော စင်္ကပူ အကြောင်း ဆက်ပါအုံးမည်။ ကျွန်တော့ အနေဖြင့် ၂၀၀၈ ကုန်ပြီး ၂၀၀၉ နှစ်ဆန်း ပိုင်းတွင် စင်္ကပူ သွား၍ ထပ်မံအလုပ်လုပ်ရန် ကြိုးစားရပါတော့သည်။ ဤ တကြိမ်တော့ ယခင်လို အလုပ်ရှာသည့် အေဂျင်စီမှ ရှာယူခြင်း မဟုတ်ပါ။

စင်္ကပူ အလုပ်ရှာသော website ဖြစ်သည့် JobStreet မှ ရှာယူခဲ့ခြင်း ဖြစ်ပါသည်။ ဖုန်းဖြင့် အင်တာဗျူးရခြင်း ဖြစ်ပြီ မိမိ၏ personal data များအား email မှ ပေးပို့ရခြင်း ဖြစ်ပါသည်။ ထို အချိန်တုန်က ကျွန်တော့ တွင် ကွန်ပြူတာ မရှိသေးပါ။ သို့သော် Internet cafe များခေတ်စားနေချိန် ဖြစ်ရာ အရာ ရာ အဆင်ပြေပါသည်။

ဤ သို့ဖြင့် နှစ်ပတ်ကြာသော အခါ အလုပ်ခေါ်စာ ရပါသည်။ ထို့နောက်တော့ လေယျဉ် လက်မှတ် ဝယ်ပြီး စင်္ကပူ သွားရုံသာ ဖြစ်ပါသည်။ ထို ဒုတိယအကြိမ် စင်္ကပူ သွားပြီး အလုပ်လုပ်သည်မှာ ကျွန်တော့ တွင် အကြံအစည် ရှိပါသည်။ အေဂျင်စီ အပ်၍ အလုပ်ရှာလျင် Agent Fee ပေးရမည် ဖြစ်သလို နောက် တခေါက် Work Permit ဖြင့် အလုပ်လုပ်နေရအုံးမည် ဖြစ်ပါသည်။

ထိုအချိန်က စင်္ကပူ အစိုးရအနေဖြင့် အလုပ်သမားကဒ် သုံးမျိုးချထားပေးပါသည်။ Work Permit ( WP ) မှာ အခြေခံအလုပ်သမား များ အတွက် ဖြစ်ပါသည်။ သင်္ဘောကျင်း အလုပ်သမား များ / ဆောက်လုပ်ရေး လုပ်သားများ အထူးသဖြင့် 3D အလုပ်လုပ်သူများ ( Dangerous / Difficult / Dirty ) မှာ WP ကဒ်ဖြင့် အလုပ်လုပ်ရပါသည်။

WP card Holder များ အတွက် စင်္ကပူတွင် အလုပ်ရွေးချယ်ခွင့် မရှိ။ မိမိသူဌေး ခိုင်းသော အလုပ်လုပ်ရမည် ဖြစ်သလို အလုပ် ကုမ္ပဏီ ပြောင်း ခွင့်မရှိ။ ထို အလုပ်မလုပ်ချင်လျင် စင်္ကပူမှ ပြန် ရန်သာ ရှိပါသည်။ ထို့ကြောင့် Work Permit Card ကိုင်ဆောင်သူ အလုပ်သမားတို့မှာ အကန့် အသတ်များ ရှိပါသည်။

Work Permit Card ကိုင်ဆောင်ထားသူတို့သည် အလုပ်ရှင် မှ ချမှတ်ပေးထားသော အလုပ်သမား အဆောင်များ တွင်သာ နေခွင့် ရှိပါသည်။ ပြင်ပရှိ လူနေတိုက်ခန်းများတွင် ငှားနေခွင့် မရှိပါ။ ဤသည်တို့မှာ Work Permit Card ကိုင်ဆောင်ထားသူတို့၏ ကန့်သတ်ချက် များ ဖြစ်ပါသည်။

အလုပ်သမား ကဒ်နောက်တမျိုးမှာ Skills Pass ( S-Pass Card ) ဖြစ်ပါသည်။ ဤ S pass Card ကိုင်ဆောင်ထားသူတို့မှာ ကျွမ်းကျင် လုပ်သား တနည်းအား ဖြင့် English စကား အတော်အသင့် ပြောနိုင် ရေးနိုင် သူများ / အသက်မွေး ဝမ်းကြောင်း ပညာ တမျိုးမျိုး ( ဥပမာ အင်ဂျင်နီယာ / AutoCad / Management ) တတ်မြောက်ထားသူများအား ထုတ်ပေးခြင်း ဖြစ်ပါသည်။

S pass Card ကိုင်ထားသူ၏ အကျိုးကျေးဇူးမှာ စင်္ကပူမှ ပြန်ထွက်ရန် မလိုပဲ အလုပ်ပြောင်း နိုင်ခြင်း ဖြစ်ပါသည်။ လစာ နှုန်းထားကလည်း General Workers ( WP card ) အတွက် 1000$ ဆိုလျင် S pass ကိုင်ဆောင်ထားသူအတွက် $ 1800 ( ထိုအချိန်က နှုန်းထား ) ဖြစ်ပါသည်။

S pass card ကိုင်ဆောင်ထားသူတို့မှာ ပြင်ပ လူနေအိမ်များတွင် ငှားနေနိုင်ပါသည်။ စင်္ကပူ တွင် ရှိသော နောက်ထပ်ကဒ် တမျိုးမှာ PR ( Permanent Resident) card ဖြစ်ပါသည်။ စင်္ကပူတွင် တရားဝင် နေထိုင်ခွင့် ကဒ်ဖြစ်ပါသည်။ ဤ PR card ကိုင်ဆောင်ထားသူသည် စင်္ကပူ မှ ကြိုက်သည့် အချိန် ထွက်သွား နိုင်သလို ကြိုက်သည့် အချိန် ပြန်ဝင်လာနိုင်ပါသည်။

စင်္ကပူတွင် စီးပွားရေး လုပ်နိုင်သလို အိုးအိမ် တိုက်တာ များ ကားများ ဝယ်ယူ နိုင်ပါသည်။ S pass card ကိုင်ဆောင်သူတို့ သုံးနှစ်ပြည့်လျင် ဤ PR card ကို လျှောက်ထားနိုင်ပါသည်။Work Permit ကဒ် ကိုင်ဆောင်ထားသူတို့ ဤ PR ကဒ် လျှောက်ထားခွင့် မရှိပါ။

ဤသို့ ဆိုလျင် မိတ်ဆွေ အနေဖြင့် မေးစရာရှိသည်မှာ စင်္ကပူ နိုင်ငံတွင် ရောက်သည်နှင့် PR card ရရန် မဖြစ်နိုင်ဘူးလား ဟူသော မေးခွန်း ဖြစ်ပါသည်။ ရနိုင်ပါသည်။ သို့သော် မိတ်ဆွေအနေဖြင့် အလွန်တော်သော သိပ္ပံ ပညာရှင် / ခွဲစိတ်ဆရာဝန် / နိုင်ငံခြား တက္ကသိုလ် ကျောင်းဆရာ / တနည်းအား ဖြင့် စင်္ကပူ နိုင်ငံအား အကျိုးပြုမည့်သူ ဖြစ်ပါက PR card ရနိုင်ပါသည်။

သို့ မဟုတ် မိတ်ဆွေအနေဖြင့် မြန်မာပြည်တွင် ပိုက်ဆံ ထားစရာ နေရာ မရှိတော့၍ စင်္ကပူ ဘဏ်များတွင် ဒေါ်လာ သန်းနှင့် ချီသော ပိုက်ဆံများ အပ်ထားလိုပါသည် ဆိုလျင်လည်း PR ရကောင်း ရနိုင်ပါသည်။ သို့ မဟုတ်လျင်တော့ S pass အလျင်ရယူကာ PR ကဒ်ရအောင် လျှောက်ယူရမည် ဖြစ်ပါသည်။

တနည်းအား ဖြင့် ပြောရလျင် ကျွန်တော် ကျွန်မအနေဖြင့် စင်္ကပူ တွင် မည်သို့သော ပညာရပ်ဖြင့် အလုပ်လုပ်နေရင်း စင်္ကပူ နိုင်ငံအား မည်သို့ အကျိုးပြုနေပါကြောင်း ထို့ကြောင့် အမြဲတမ်းနေထိုင်ခွင့် PR ရလိုပါကြောင်း အထောက်အထားများ ပြနိုင်ရမည် ဖြစ်ပါသည်။

ယခုတော့ ကျွန်တော်တို့ မြန်မာလူမျိုးများ စင်္ကပူ တွင် PR ကဒ် ရရန် အလွန် ခဲယျဉ်းသွားပြီ ဖြစ်ပါသည်။ ( အလျဉ်သင့်လျင် အကျယ်တဝင့် ဖေါ်ပြပေးပါမည်)

ဆိုခဲ့သည့် အတိုင်း ကျွန်တော် စင်္ကပူသို့ ဒုတိယအကြိမ် အလုပ်သွားလုပ်ခြင်း မှာ ဤ SP card လိုချင်သော ကြောင့် သင်္ဘောကျင်း လုပ်သား ဘဝကတည်းက ကြိုတင်ပြင်ဆင် နေခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော် အား SPass ဖြင့် အလုပ်ပေးခဲ့သော ကုမ္ပဏီ မှာ အမှန်တော့ Logistics Company အမည်ခံထားသော်လည်း အဓိက အလုပ်မှာ အလုပ်သမား ငှားစားသော ကုမ္ပဏီ သာ ဖြစ်ပါသည်။

ကုမ္ပဏီ အမည် မဖေါ်ပြလိုသော ကြောင့် ABC company ဟုသာ ဆိုကြပါဆို့။ စင်္ကပူ အစိုးရ၏ ဥပဒေများအား မလိမ့်တပတ် လုပ်ကာ မည်သို့ အလုပ်သမား ငှားစားသည့် အကြောင်း မနက်ဖြန် ဆောင်းပါးတွင် ဖေါ်ပြပေးပါမည်။

ဆက်လက်ဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

20/01/2022 - Thursday - 17;45 Pm

H2
H3
H4
3 columns
2 columns
1 column
12 Comments
Ecency