ကျွန်တော်နှင့် ထက်ထက်မိုးဦး ( ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ခေါင်းစဉ် ဖတ်လိုက်သည်နှင့် ကိုဟင်တယောက်တော့ ယခင်က နာမည်ကြီး မင်းသမီး ထက်ထက်မိုးဦး နှင့် လူမသိသူမသိ ဘာညာ ကွိကွ ဇတ်လမ်းများ ရှိခဲ့ဘူးတယ် ထင်တယ် ဟု ယူဆနေလျင် အမှားကြီး မှားပေလိမ့်မည်။

ကျွန်တော့ အနေဖြင့် ထက်ထက်မိုးဦးအား အပြင် တွင် တခါမှ မတခါဘူးပါ .... အဲလေ... တခါမှ မမြင်ဘူးပါ။ ဤသို့ဆိုလျင် ဘဇာကြောင့် လက်ကမြင်းပြီး ထက်ထက်မိုးဦး ခေါင်းစဉ် တပ်ထားရသနည်း ။ ဟုတ်ကဲ့ ဤစာစု ဆုံးအောင်ဖတ်လျင် သိလာပါလိမ့်မည်။

တကယ်တော့ ဤဇတ်လမ်းသည် ကျွန်တော့ ငယ်သူငယ်ချင်း အစိုင်း ကြောင့် ဖြစ်လာရခြင်း ဖြစ်ပါသည်။ ( အစိုင်း အကြောင်းအား သိချင်လျင် ကျွန်တော်ရေးသားထားသော " အကူအညီ " ဟူသော စာစုအား ဖတ်ပါလေ ) တခုသော နွေရာသီ ကျောင်းပိတ်ရက် ( ကျွန်တော့ အထင် ၅ တန်း နှစ် ) တွင် အစိုင်း မှ သူ၏ ဦးလေးရှိရာ ရာဘာစိုက်ခင်း သို့ အလည် လိုက်ခဲ့ပါရန် ဖိတ်ခေါ် ခဲ့ပါသည်။

ထိုအချိန်က နဝတ ခေတ် ဖြစ်ပြီး ဆီအုန်း စိုက်ခြင်း ၊ ကြက်ဆူပင် စိုက်ခြင်း ၊ ရာဘာ စိုက်ခြင်း ဖြင့် အရူးထနေချိန် ဖြစ်ရာ ခရိုနီ ခရိုပြာ ခရိုဝါတို့က တောတောင် များ အပြတ်ရှင်းကာ ရာဘာစိုက်ကြချိန် ဖြစ်ပါသည်။

ရာဘာစိုက်ခြင်း ဖြင့် အောင်မြင်သလားတော့မသိ တတောလုံး တတောင်လုံးရှိ သစ်ပင်ကြီးငယ် တို့ကတော့ ပြောင်တလင်းခါ သွားပါတော့သည်။ ဆိုတော့ အစိုင်း၏ ဦးလေးသည် မြစ်ဆုံ မရောက်မီ တောင်ကြော တခုတွင်ရှိသော ရာဘာ စိုက်ခင်းအား ကြီးကြပ်ရသည့် မန်နေဂျာ ဖြစ်ပါသည်။

ကျွန်တော်လည်း မိဘများအား ခွင့်တောင်းသောအခါ လိုလိုလားလာပင် သွားခွင့်ပြုပါသည်။ ကျွန်တော်လိမ္မာလွန်းသော ကြောင့် သွားခွင့်ပြုခြင်း မဟုတ်ပါ။ နွေရာသီ ကျောင်းပိတ်တိုင်း အိမ်မကပ် ၊ အိမ်အလုပ်မှ ကူဖေါ်လောင်ဖက်မရပဲ မိုးလင်းမိုးချုပ် ဧရာဝတီ မြစ်အား အိမ်လုပ်နေသော ကျွန်တော့အား အမြင်ကပ်လာသော ကြောင့် သွားခွင့်ပြုလိုက်ခြင်း ဖြစ်ပါသည်။

( ကျွန်တော်မည်မျှ လောက် ဧရာဝတီ မြစ်ကြီးအား ချစ်သနည်းသိချင်လျင် " ကျွန်တော်နှင့် ဧရာဝတီ " ခန်းဆက် ဆောင်းပါးများရှာဖတ်ကြပါကုန် )

တကယ်တမ်းဆိုရလျင် အစိုင်း ဦးလေး၏ မျက်စိအောက်တွင် ရှိမည် ဆိုသောကြောင့် ခွင့်ပြုရခြင်းလည်း ဖြစ်ပါသည်။ ကျွန်တော် အစိုင်းနှင့် တောတောင်ထဲသို့ သွားလိုခြင်းမှာ အစိုင်းထံမှ မုဆိုးပညာများ သင်ယူလိုသော ကြောင့် ဖြစ်ပါသည်။

ဤသို့ဖြင့် အစိုင်းကောင်းမှုကြောင့် နောက်တနေ့တွင် ရာဘာစိုက်ပျိုးရေး စခန်းသို့ ရိက္ခာပို့သော ကားဖြင့် လိုက်သွား ကြပါတော့သည်။ ရာဘာ စိုက်ပျိုးရေး စခန်းကာ တောအတွင်းသို့ အတော်လေး မောင်းဝင်ရကာ ကားလမ်းဟူ၍ မယ်မယ်ရရမရှိ။ တောင်စွယ်တခုသို့ ရောက်သော အခါ ရုတ်တရက် ကြီးမားကျယ်ပြန့်သော ရာဘာ စိုက်ကွင်းကြီးအား ဘွားခနဲ့ တွေ့လိုက်ရပါတော့သည်။

ရာဘာစိုက်ပျိုးရေး စခန်းသည် ဝါတဲများဖြင့် ခိုင်ခိုင်ခံ့ခံ့ ဆောက်လုပ်ထားရာ စတိုခန်း ၊ နားနေဆောင် ၊ မီးဖိုဆောင် ၊ လူနေဆောင် စသည်ဖြင့် သပ်သပ်ရပ်ရပ် ဆောက်ထားခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ ရောက်သွားချိန်တွင် ထိုစခန်း၌ အလုပ်သမား အနည်းငယ်သာ ရှိပါသည်။

နွေရာသီ အလုပ်ပါးသော ကြောင့် အလုပ်သမား အချို့ အိမ်ပြန်သွားကြသည်ဟု ဆိုပါသည်။ သန်သန်မာမာ ယျောက်ျားသား ၅ ယောက် ခြေတဖက်မသန်သော ထမင်းချက် ဦးလေးကြီး နှင့် မန်နေဂျာ အစိုင်း၏ ဦးလေးကြီး ကျွန်တော်တို့ ၂ ယောက်နှင့် ပေါင်း စုစုပေါင်း ကိုးယောက်သာ ရှိပါသည်။ လုပ်ငန်း ပြန်စချိန်တွင် အလုပ်သမား အယောက် ၃၀ လောက်ရှိသည်ဟု ထင်ပါသည်။

ကျွန်တော်တို့ ရောက်သွားချိန်မှာ ညနေ ၃ နာရီထိုးပြီ ဖြစ်၍ စခန်းတခုလုံးရှိလူများ ညနေ ရေသွားချိုးရန် ပြင်ဆင်နေချိန် ဖြစ်ပါသည်။ ရေချိုးရန် နေရာကာ စခန်းမှ ၁၅ မိနှစ် ခန့်လမ်းလျှောက်သွားရသော စမ်းချောင်း လေးတွင် သွားချိုးကြခြင်း ဖြစ်ပါသည်။

ကျောက်တုံးများဖြင့် ပြည့်နေသော သဲချောင်းလေး ဖြစ်ပါသည်။ ရေလည်း လူကြီး ခါးစောင်းခန့်သာ နက်သည် ဖြစ်ရာ အတော်လေး ရေကူးလို့ကောင်းသော စမ်းချောင်းလေး ဖြစ်ပါသည်။

ရေအောက်ငုပ်လိုက်သည်နှင့် ကျောက်တုံး ကျောက်ခဲများကြားတွင် ကျောက်ငါးလူးများက ရေညှိများ စားနေကြသည်ကိုတွေ့ရပါသည်။ ကျွန်တော်နှင့် အစိုင်းကတော့ ဘာပြောကောင်းမလဲ ဖိုးကြိုင်းတုတ် ဖြစ်နေပါတော့သည်။ အဘယ့်ကြောင့် ဆိုသော် အစိုင်းတွင် မုဆိုးကိရိယာ တန်ဆာပလာ အစုံပါလာသော ကြောင့် ဖြစ်ပါသည်။

ရေချိုးကြပြီးနောက် စခန်း သို့ ပြန်ရောက်ချိန်တွင် ညနေ ၄ နာရီ ထိုးနေပြီ ဖြစ်ပါသည်။ တောတောင် ထူထပ်သော ဒေသ ဖြစ်သဖြင့် ညနေ နေရောင်ပျောက်သည်နှင့် ချမ်းစိမ့်လာသလို အမှောင်ကျသည်လည်း မြန်ပါသည်။

ညနေ ၅ နာရီတွင် စခန်းဝန်းတခါး ပိတ်လိုက်ကာ ၅:၃၀ ဆိုလျင်တော့ လုံးဝမှောင်သွားပြီ ဖြစ်ပါသည်။ ညနေ ၅ နာရီ လောက်တွင် အ အလုပ်သမားများက ဝိုင်းစုဖွဲ့ အရက်သောက်ကြကာ ၆ နာရီ ကျော်လျင် ညနေစာ ထမင်းစားသောက်ကြပါသည်။

ထမင်းစားပြီးနောက် ဆေးလိပ် သောက်သူက သောက် ကွမ်းစားသူကစား ည ၈ နာရီဆိုလျင် အားလုံးအိပ်သွားကြပြီ ဖြစ်ပါသည်။ ညမအိပ်ခင် အလုပ်သမားများက တောအကြောင်း တောင်အကြောင်း ရှင်းပြကြသလို ဆောင်ရန် ရှောင်ရန် များလည်း ပြောပြကြပါသည်။

အထူးသဖြင့် ယခု ကျွန်တော်တို့ရောက်နေသော တောင်သည် အလွန်ကြမ်းကြောင်း တောတောင် အတွင်းသို့ ရောက်နေစဉ် အမွေးရနံ့ တခုခုရလာလျင် လက်အုပ်ချီ၍ အမိုက်အမဲ များအား ခွင့်လွတ် ပေးပါရန် တောင်းပန်ရကြောင်း အကယ်၍ အီတောက်နေသော စပယ်ရနံ့ ရလာလျင်တော့ သေချာပေါက် တောခြောက် ခံရပြီ ဖြစ်ကြောင်း ရှင်းပြပါသည်။

ဤသို့ စပယ်ရနံ့ရလာလျင် ချောမောလှပသော အမျိုးသမီး တယောက်ပေါ်လာကာ မိမိအား စားသောက်ဖွယ်ရာများ လာပေးတတ်ကြောင်း စားမိသူသည် တကယ်တော့ မြေကြီးများ ကောက်ယူစားမိကာ စပိုးနင့် ပြီး သေသွားတတ်ကြကြောင်းရှင်းပြကြပါသည်။

ဤသို့ အမွှေးရနံ့ များရလာ၍ အမျိုးသမီးတယောက်အားတွေ့လျင် ပြစ်ပြစ်နှစ်နှစ် မကြားဝံ့မနာသာ များဖြင့် အော်ဆဲရမည် ဖြစ်ကြောင်း မိမိ အဆဲကြမ်းလျင် ထိုအမျိုးသမီး ပျောက်သွားလိမ့်မည် ဖြစ်ကြောင်းလည်း ရှင်းပြပါသည်။

ဤအကြောင်းအရာများသည် တကယ်လည် ဖြစ်ချင် ဖြစ်မည် ယုံတမ်းစကားလည်း ဖြစ်နိုင်သလို တယောက်စကား တယောက်နားဖြင့် ပြောကြသည်လည်း ဖြစ်နိုင်ပါသည်။ တောစည်းကမ်း တောင်စည်ကမ်း ဆိုတော့လည် မဖေါက်ဝံ့။

တောတောင် အနီးအနား နေကြသူများ ဖြစ်၍ သာမန်တောစည်းကမ်း များကတော့ နားလည်ကြသည်သာ။ နောက် တနေ့ နံနက် စောစော ၄ နာရီခွဲ လောက် အိပ်ယာထကြကာ အပေါ့အပါးသွား မျက်နှာသစ် သွားတိုက်။ ၆ နာရီတွင် နံနက်စာ စားကာ ၇ နာရီ ထိုးလျင်ကာ အလုပ်သမားတို့ ပေါက်ပြား တူရွင်းများယူကာ လုပ်ငန်းခွင် ဝင်သွားကြပါသည်။

ကျွန်တော်နှင့် အစိုင်းလည်း နံနက်စောစော တွင် အနီးအနား တဝိုက်၌ တောကြက် တွန်သံများ ကြားရသည်ဟု ဆိုကာ ဦးလေး ဖြစ်သူအား တောကြက်များ ထောင်ဖမ်းခွင့်ပြုရန် ပြောပါတော့သည်။

သူ့ဦးလေးကလည်း တောတောင် အတွင်း ဝေးဝေးမသွားရန် နှင့် ညနေ ၃ နာရီ ရေချိုး အမှီ စခန်းသို့ ပြန်လာရန် မှာလိုက်ပါသည်။ အစိုင်နှင့် ကျွန်တော်လည်း မုဆိုးကရိယာ တန်ဆန်ပလာများ ယူ၍ တောအတွင်းသို့ သွားကြပါတော့သည်။

ထို့နောက် အစိုင်းကတော့ မြေပြင် အခြေအနေကြည့်ကာ သူသဘောကျသော နေရာတွင် ဝါးကိုင်းဖြင့် တောကြက်ထောင်ချောက် ပြုလုပ်ပါတော့သည်။ ဤ နည်းဖြင့် လေး ငါး ခြေက်နေရာခန့် ကြက်ဖမ်း ထောင်ချောက် ဆင်ထားပြီးလျင် အခြားနေရာများသို့သွားကာ တော၏ အခြေအနေများအား စနည်းနာကြသလို လောက်လေးဂွ ဖြင့် ငှက်ပြစ်ထွက်ကြပါတော့သည်။

ကျွန်တော့ အနေဖြင့် မြစ်ချောင်းများတွင် ဖါးဖမ်း ငါးဖမ်း တော်သလောက် မုဆိုး အလုပ်တွင်ကာ အီးဘောလော ဖြစ်ပါသည်။ ထိုနေ့ကတော့ ၁၂ နာရီ မထိုး ခင် တွင် တောကြက်ဖ ၃ ကောင် နှင့် ကြက်မဒန်း တကောင် စုစုပေါင်း တောကြက် လေးကောင်ရသောကြောင့် စခန်း အပြန် မျက်နှာပန်းလှသွားပြီ ဖြစ်ပါသည်။

စခန်းပြန်သွားပြီးနောက် ထမင်းချက်ဦးလေးကြီးအား ကြက်လေးကောင်ပေးကာ ရေချိုးရန် နေရာဖြစ်သော စမ်းချောင်းသို့ ငါးသွားဖမ်းကြပါတော့သည်။ ငါးဖမ်းသောကရိယာမှာ ဖဲထီးရွက် မှ ထုတ်ယူထားသော ထီးကိုင်တံများအား မှိန်း အဖြစ် ပြုလုပ်ထားခြင်း ဖြစ်သည်။

တကိုက်ခန့်ရှည်သော ထိုသံချောင်း များသည် ရေအောက် ငါးထိုးမှိန်းအဖြစ် အသုံးပြုရသည်မှာ အလွန်အဆင်ပြေပါသည်။ ပစ်အား အဖြစ် လောက်လေးခွ သရေကြိုးအား အသုံးပြုထားသည် ဖြစ်ရာ ရေအောက်တွင် ၁၀ ပေခန့်တော့ အသာလေးပြေးပါသည်။

ဆိုတော့ ထိုလက်နက်များ ဖြင့် ကျွန်တော်တို့ ငါးဖမ်းလိုက်ကြသည်မှာ ညနေ ၃ နာရီ စခန်းမှ လူများ ရေချိုး ဆင်းလာချိန်တွင် ငါးပေါင်းစုံ ၇၀ သားခန့် ရနေပြီ ဖြစ်ပါသည်။ ထိုနေ့ ညနေကတော့ ဗိုက်ခွေးနမ်းပါသည်။

ငါးဟင်းကတော့ စခန်းရှိ အလုပ်သမားများ အရက်နှင့် မြည်းကြသလို ကျွန်တော်တို့နှစ်ယောက်ကတော့ အမြည်းစား ၊ ကြက်သားဟင်းဖြင့် ထမင်းစားရပါသည်။ ကာလူး ခွက်တော့ ကိုင်ခွင့်မရှိပါ။ စခန်းတခုလုံး ပျော်လိုက်ကြသည်ဖြစ်ခြင်း ။

ဤ နည်း ဖြင့် အစိုင်းနှင့် ကျွန်တော်လည်း စခန်းအတွက် ရက္ခာ ရှာဖွေပေးသူ များအဖြစ် အလိုအလျောက် ရောက်ရှိသွားပါတော့သည်။ နေ့စဉ်နေ့တိုင်း တောတိုးကာ ကြက်ဖမ်း ငှက်ဖမ်း ပြန်လာကြသလို တခါတရံ ဖွတ်များ ၊ တောလိပ် များ ကောက်ယူ ပြန်လာကြသည့် ရက်များလည်း ရှိပါသည်။

လက်ဗလာဖြင့် ပြန်ခဲ့ရသည်ဟူ၍ တခါမှမရှိ။ ကျွန်တော်တို့ နှစ်ယောက်လည်း နေ့စဉ် ကြက်ငှက်များ ရနေသည့်တိုင် ရေချိုးဆိပ်တွင် ငါးဖမ်းသည့် အလုပ်ကတော့ နေတိုင်းလုပ်မြဲ ဖြစ်ပါသည်။ အမှန်တော့ ရေလည်းချိုး ငါးလည်း ဖမ်း စခန်းမှ အလုပ်သမားများအတွက်လည်း အမြည်းရ ။ အဆင်ကို ပြေနေပါတော့သည်။

ဤနည်းဖြင့် တလခန့်ကြာပြီးနောက် ကျွန်တော် တို့ ထိုစခန်းမှ ပြန်ရန် အကြောင်းဖန်လာပါတော့သည်။ ထိုနေ့ကတော့ တကယ်ပင် ဘူပိတ်သောနေ့ ဖြစ်ပါသည်။ ၁၂ နာရီထိုးသည့်တိုင် တောကြက်မပြောနှင့် နှံပြီစုတ် တကောင်ပင် မရသေးပါ။

အစိုင်းကလည်း ယနေ့တော့ စောစောပြန် ငါးများများ ဖမ်းကာ ဟင်းစားလုပ်ရန် သာရှိတော့သည်ဟုဆိုလာပါတော့သည်။ မတတ်နိုင် အပြန်လမ်းတွင် တွေ့သော စားကောင်းဖွယ်ရာ တောအရွက်များ ခူးလာကြပါသည်။

ဝါးရုံတော တခု အရောက်တွက် ဖွတ်ကြီး တကောင်က လျှောကနဲ့ ကျွန်တော်တို့ ရှေ့မှ ဖြတ်ပြေးကာ ဝါးရုံ ခြေရင်း မြေတွင်းသို့ ဝင်သွားပါတော့သည်။ ကျွန်တော်တို့ နှစ်ယောက်လည်း ဘာပြောကောင်းမလဲ ဤဖွတ်မှ မရလျင် စခန်းမပြန် ဟု ပြောပြီး ဝါးခြမ်းပြားဖြင့် ထို ဖွတ်တွင်းအား တူးလိုက်ကြသည်မှာ .... ဆိုကြပါဆို့... နောက်ဆုံးတွင် ၂ ပိသာခန့် ရှိသော ဖွတ်အား စခန်းသို့ သယ်လာနိုင်ခဲ့ပါသည်။

သို့သော် စခန်း ပြန်ရောက်ချိန်တွင် ၄ နာရီ ထိုးပြီး ဖြစ်ရကာ လူအားလုံး ရေချိုး ပြီး ဖြစ်ပါသည်။ ကျွန်တော်တို့ နှစ်ယောက်လည်း ဖွတ်တူး ထားရသဖြင့် တကိုယ်လုံး မြေကြီးများဖြင့် ပေပွ နေပါတော့သည်။

အစိုင်း၏ ဦးလေးက သွားသွား ရေအမြန်သွားချိုးပြီး အမြန်ပြန်လာခဲ့ကြ ဆိုသောကြောင့် ဆပ်ပြာခွက်ဆွဲကာ သုတ်သုတ် သုတ်သုတ် ဖြင့် စမ်းချောင်းလေးသို့ အသော့နှင်ရပါတော့သည်။ ရေချိုး နေချိန်တွင်ပင် အတော်လေး မှောင် သွားပြီ ဖြစ်ပါသည်။

ကျွန်တော်တို့ နှစ်ယောက်လည်း ရေချိုးနေစဉ် အမွေးရနံ့ ရလာပါတော့သည်။ အစိုင်းက ဟေ့ရောင် ... အမွေးနံ့ရလား..? ကျွန်တော်လည်း အနံ့ခံကြည့်ရာ.... သောက်ကျိုးနည်း အီတောက်နေသော စပယ်ရနံ့..... အစိုင်း ဟေ့ကောင် ဆဲ ဆဲ .... အော်ဆဲ.... ဘာပြောကောင်းမည်နည်း.... ရေချိုးရင်း အော်ဆဲ.... ဆဲနည်း မျိုးစုံ ညစ်ညစ်ပတ်ပတ် တတ်သမျှ မှတ်သမျှ ဆဲနည်း ပေါင်းစုံ ဖြင့် အော်ဆဲ နေရင်း အဝတ်အစားလဲကား.... အမြန် ပြန်ရပါတော့သည်။

ထိုအချိန် တွင် ၅ နာရီ ခန့် ဖြစ်သွားပြီ ဖြစ်ရာ အတော်လေး မှောင်လာပြီ ဖြစ်ပါသည်။ အစိုင်းနှင့် ကျွန်တော် စကားပြော မဖြစ်ပါ။ အဘယ့်ကြောင့် ဆိုသော် စခန်း အပြန်လမ်း တလျှောက်လုံး မအေ နှမ ( ဖွားဖက်တော် / ယောနိ ပြဲလန် ---- အရေးအသားရိုင်းသွားလျင် တောင်းပန်ပါသည် ) စသည်ဖြင့် အော်ဆဲလာလိုက်သည်မှာ တိတ်ဆိတ် သော တောတောင်တွင် ကျွန်တော်တို့ နှစ်ယောက်၏ ဆဲသံက ပဲ့တင်ထပ်နေပါတော့သည်။

ကျွန်တော်တို့ နှစ်ယောက်ကလည်း မှောင်ကလည်း မှောင်လာ ကြောက်ကလည်း ကြောက် ဘယ်အချိန် အမျိုးသမီး တယောက် ထွက်လာလေမလဲ ဟူ၍ စခန်းသို့ အသော့နှင်ရပါတော့သည်။

ဤသို့ အော်ဟစ်ဆဲဆိုပြီး စခန်း ထိပ်သို့ ရောက်သော အခါ အစိုင်း၏ ဦးလေးနှင့်အတူ အလုပ်သမားများက ဒုတ်များ ဓါးများ ဓါတ်မီး တဝင်းဝင်း ဖြင့် ပြေးထွက်လာကြပါတော့သည်။ ဟေ့ ဟိုနှစ်ကောင် ဘာဖြစ်တာလဲ ဘာလဲ ဘာလဲ ဖြင့် ပွက်လောရိုက်သွားပါတော့သည်။

ကျွန်တော်တို့ နှစ်ယောက်လည်း ရေချိုးနေစဉ်တွင် အမွေးရနံ့ရကြောင်း ... စပယ်ရနံ့ ဖြစ်သော ကြောင့် ဆဲဆိုပြန်လာကြကြောင်း ရှင်းပြရပါတော့သည်။ အလုပ်သမား များကလည်း ဒီနေ့ ဘာအမှား လုပ်ခဲ့သလဲ ဘာလဲညာလဲ ဖြင့် မေးနေကြပါသည်။

အစိုင်း ၏ ဦးလေးက နင်တို့ ဘာဆပ်ပြာ သုံးပြီးရေချိုးသလဲဟု မေးသော အခါ အစိုင်းက ခေါင်းလျှော်ရည် အထုပ်လေးနဲ့ ရေချိုးကြောင်း ပြန်ဖြေပါသည်။ ရလဒ်ကာ ထူပူ နေအောင် နာရင်း တချက်စီ အုပ်ခံလိုက်ရခြင်း ဖြစ်ပါသည်။

တဆက်တည်း အစိုင်း ဦးလေးက ခွေးမသားလေးတွေ ခေါင်းလျှော်ရည် သုံးရင် မွှေးမယ်ဆိုတာ မသိဘူးလား ...? ငါကတော့ မင်တို့ အပမှီလာသလား တောခြောက် ခံရပြီလာလို့ စိုးရိမ်လိုက်ရတာ .... လီးပဲ..... စသည်ဖြင့်။

အဖြစ်မှန်အား သိသွားကြသော အခါ အလုပ်သမားများကလည်း ဆဲကြပါတော့သည်။ ဤ တကြိမ်တွင် တကယ်အဆဲခံရသူမှာ ကျွန်တော်နှင့် အစိုင်း ဖြစ်ပါသည်။ မအေ နှမ နှင့် .... အဆစ် အနေဖြင့် အစိုင်း၏ ဦးလေးက မသေကောင်း မပျောက်ကောင်း .... နင်တို့ ၂ ကောင် မနက်ဖြန် ရိက္ခာ လာပို့တဲ့ကားနဲ့ ပြန်တော့ ဟူ၍ တချက်လွတ် အမိန့်ပေးလိုက်ပါတော့သည်။

မတတ်နိုင်။ ပြန်ဆိုတော့လည်း ပြန်ခဲ့ကြရပါတော့သည်။ အမှန်တော့ ကျွန်တော်တို့ ၂ ယောက် အနေဖြင့် နေ့စဉ် ထို shampoo ဖြင့် ရေချိုးခဲ့ကြပါသည်။ ယခင်ကတော့ ငါးဖမ်းရင်း ရေချိုးသောကြောင့် shampoo သုံးသည်လား မွှေးသည်လား သတိမရပါ။

ထိုနေ့ကတော့ ညနေ မှောင်လာချိန် ... ကြောက်စိတ် ဝင်နေချိန် ရုတ်တရက် စပယ် ရနံ့ ရလိုက်တော့ ကြောက်စိတ်ဖြင့် အမှားအမှန် မဝေဖန် နိုင်တော့ပါ​။ အာရုံထဲရှိသည်က စပယ်ရနံ့ရလျင် ဆဲရမည် ဆိုသည့် အသိသာ။

အမှန်တော့ ကျွန်တော် နှင့် အစိုင်းအား ထိုပျှော်ရွှင်ဖွယ်ကောင်းသော စခန်းလေးမှ အပြီ အပိုင် နှင်ထုတ်လိုက်သော အရာမှာ တချိန်က တီဗီ တွင် ကြေညာသော " Beauty ခေါင်းလျှော်ရည်ဟာ ထက်ထက်ရဲ့ ဆံပင်လေးကို ပန်းစပယ် ရနံ့လေးလို သင်းပျံ့ စေပါတယ်ရှင် " ဟူသော Beauty ခေါင်းလျှော်ရည် အထုပ်လေးသာ ဖြစ်ပါသည်။

Henry Aung ( Kachin )

25/10/2021- Monday - 19;26 Pm

H2
H3
H4
3 columns
2 columns
1 column
21 Comments