ကျွန်တော်နှင့် Shawshanks Redemption ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ကျွန်တော်ယခုရေးသားမည်ဖြစ်သော အကြောင်းအရာများသည် ကျွန်တော်၏ မပြီးပြတ်သေးသော " ကျွန်တော်ပြောသော စင်္ကပူ " ခန်းဆက် ဆောင်းပါးများတွင် ထည့်သွင်းရမည် ဖြစ်သော်လည်း Movie အကြောင်း အသာပေးရေးသာလိုသောကြောင့် သီးသန့်ခေါင်းစဉ် တပ်လိုက်ရခြင်း ဖြစ်ပါသည်။

ကျွန်တော် စင်္ကပူ သင်္ဘောကျင်း များတွင် ငြမ်းလုပ်သား အဖြစ် အလုပ်လုပ်နေခဲ့စဉ်က အင်မတန်မှ စိတ်ကျဉ်းကျပ်ခဲ့ပါသည်။ စိတ်ကျဉ်းကျပ်ခြင်း၏ အဓိက အကြောင်း အရင်းမှာ လုပ်ငန်းခွင်တွင် မပျော်ပိုက်ခြင်း ဖြစ်ပါသည်။

အမှန်ဆိုရလျင် ကျွန်တော် သင်္ဘောကျင်းတွင် အလုပ်လုပ်နေခဲ့စဉ်က တရက်မှ ပျော်ပျော်ရွှင်ရွှင် အလုပ်သွားသည်ဟူ၍ မရှိခဲ့ပါ။ စက်ရုပ်တယောက်ကဲ့သို့ ကျင်လည်ရင်း သင်္ဘောကျင်း အလုပ်သမား ဘဝအား ဖြတ်သန်းခဲ့ရပါသည်။

အဘယ့်ကြောင့် ဤသင်္ဘောကျင်း အလုပ်သမားဘဝအား ပျော်ရွှင်ခြင်း မရှိရသနည်းဆိုသော် မျှတသော အခွင့်အရေး မရရှိခြင်း / ခွဲခြားဆက်ဆံခံရခြင်း / အထင်အမြင်သေးခံရခြင်း / လုပ်ငန်းခွင်တွင် ပန်ပန်းလွန်းခြင်း နှင့် အထူးသဖြင့် သင်္ဘောကျင်းတိုင်းတွင် တင်းကျပ်သော စည်းကမ်းများဖြင့် လွတ်လပ်မှုမရရှိခြင်း ဖြစ်ပါသည်။

ဤသို့ စိတ်မွန်းကျပ်မှုများ စိတ်ဖိစီးမှုများ ရက်ပေါင်းများစွာ နှစ်ပေါင်းများစွာ ခံစားလာရသော အခါ စိတ်ဒါဏ်ရာရလာပါတော့သည်။ ဤ အကြောင်းများအား အသေးစိတ်သိလိုပါက ကျွန်တော်ရေးသားခဲ့ပြီးသော ( ကျွန်တော်ပြောသော စင်္ကပူ ) ဆောင်းပါးများအားဖတ်ကြည့်ကြပါကုန်။

007.jpeg

ဆိုခဲ့သည့် အတိုင်း စိတ်မွန်းကျပ်မှုများ ပြေပျောက်စေရန် အတွက် စာဖတ် / ရုပ်ရှင်ကြည့် / မိတ်ဆွေများဖြင့် ဝိုင်းဖွဲ့စားသောက် စသည်တို့သည်သာ အစားထိုးစရာ ဖြစ်လာခဲ့ပါသည်။

ကျွန်တော့ အား စင်္ကပူ သင်္ဘောကျင်း အလုပ်သမားဘဝမှ ရုန်းထွက်ရန် အဓိကခွန်အားပေးသူတို့မှာ သင်္ဘောကျင်းတွင် ကျွန်တော့အား အနိုင်ကျင့်သော / မထီလေးစားလုပ်သော မိမိ အထက်အရာရှိများ နှင့် ယခုဖေါ်ပြမည်ဖြစ်သော ရုပ်ရှင်တို့ ဖြစ်ပါသည်။

ရုပ်ရှင် အကြောင်း ဆက်လိုက်ကြပါစို့။ ၁၉၄၇ ခုနှစ်တွင် ဘဏ်လုပ်ငန်းရှင် Andy တယောက် မိမိအား ဖေါက်ပြန်နေသော ဇနီးနှင့် သူ၏ လင်ငယ်အား သေနတ်ဖြင့် ပစ်သတ်လိုက်မိပါသည်။ အမှန်တော့ သူသတ်လိုက်သည်ကို သေချာမမှတ်မိပါ။ အရက်များ အလွန်အကျွံ့သောက်သုံးထားခဲ့သောကြောင့် ဖြစ်ပါသည်။

သို့သော် တဖက်ရှေ့နေ၏ ဆွဲတင်ချက် ကောင်းမှူကြောင့် Andy တယောက် ထောင်တသက် ကျသွားရပါတော့သည်။ Shawshank ပြည်နယ်၏ ထောင်တွင်းသို့ ရောက်သောအခါ Andy အနေဖြင့် မိမိကိုယ်ကို သေလူအဖြစ်သတ်မှတ်ထားကာ ထောင်တွင်း၌ အဆင်ပြေသလို အသက်ရှင်နေထိုင်ရန် ပထမဆုံး မိတ်ဖွဲ့ခဲ့သူက Red အမည်ရှိအဖိုးကြီးတယောက်။

Red က ထောင်းအတွင်းသို့ စားဖိုဆောင်မှ ထောင်သားများနှင့် ပေါင်းကာ စီးကရက်များ / အရက်များ ခိုးသွင်းနေသူ။ Andy အား Red သတိပြုမိသွားသည်ကလည်း Andy ထောင်းအတွင်းသို့ ရောက်သောညမှာပင် Andy ကြောင့် Red စီးကရက် အလိပ် ၂၀ ဆုံးရှုံးသွားရပါသည်။

0111.jpeg

ရုပ်ရှင်ကြည့်လျင် အရသာပျက်မည် စိုးသောကြောင့် အသေးစိတ်မရေးတော့ပါ။ Shawshank ထောင်ကြီးသည် Andy ရောက်လာပြီးနောက် ၂ နှစ်ခန့် အကြာတွင် အတော်လေး ပြောင်းလည်းလာခဲ့ပါသည်။

Andy ၏ ကောင်းမှု့ကြောင့် ထောင်ဝန်ထမ်းများ မည်သို့ အခွန်ရှောင်ရမည်ကို သိသွားကြသလို ထောင်မှုး ဖြစ်သူ Samuel Norton ကလည်း Andy ရှာပေးနေသော မသမာသောနည်းလမ်း ( အမှန်တော့ ထောင်သားများအား အလုပ်ခိုင်းကာ ရသော ပိုက်ဆံများ ) များမှ ရရှိသော ဝင်ငွေများဖြင့် အတော်လေး အခြေအနေ ကောင်းနေပါတော့သည်။

အကျိုး အမြတ်အနေဖြင့် Andy တယောက် ထောင်မင်းသား ဖြစ်လာခြင်းပင်ဖြစ်ပါသည်။ ထောင်မှုး၏ နေ့စဉ် ဝင်ငွေ စာရင်း ဇယားများအား ထိန်းသိမ်းပေးရသလို ညစဉ် ထောင်မှုး၏ ဖိနပ်အား အပြောင်တိုက်ပြီးမှ သူ၏ အကျဉ်းခန်းသို့ ပြန်အိပ်ရပါသည်။

ဤသို့ ထောင်အတွင်း၌ ပျော်ပျော်နေကာ ဘဝအား ဖြတ်သန်းနေစဉ် ၁၈ နှစ်ခန့်ကြာပြီးနောက် ၁၉၆၅ ခုနှစ် တွင် Shawshank အကျဉ်းထောင်သို့ Tommy အမည်ရှိ လမ်းသရဲ တယောက် ထောင်ကျလာပါတော့သည်။

Tommy ၏ ဖွင့်ဟမှုကြောင့် Andy တယောက် အပြစ်မရှိကြောင်း သိလာရပါတော့သည်။ Andy တယောက် မိမိ အပြစ်မရှိကြောင်း သက်သေပြနိုင်ရန် ထောင်မှုးအား ချဉ်းကပ်ပါတော့သည်။ သို့သော် နောက်တနေ့တွင် Tommy တယောက် ထောင်ဖေါက်မှုဖြင့် ပစ်သတ်ခံရပါတော့သည်။
0003.jpg

Andy သိလိုက်ပါပြီ။ မိမိသည် အပြစ်မရှိသူ ဖြစ်သည့် အပြင် ထောင်သက် ၁၈ နှစ် ဟူသော အချိန်ကာလသည် မိမိအပြစ်များအတွက် လုံလောက်သော ပေးဆပ်မှု ဖြစ်ကြောင်း သဘောပေါက်လိုက်ပါတော့သည်။

၁၉၆၆ ခုနှစ်တွင် Andy တယောက် ထောင်မှ ထွက်ပြေးလွှတ်မြောက်သွားပါတော့သည်။ သူထောင်မဖေါက်မှီ တရက် အလိုက သူ၏ မိတ်ဆွေဖြစ်သူ Red အား အမှာစကားပြောခဲ့ပါသည်။

ဘော်စတွန်ပြည်နယ်ရှိ တခုသော ယာခင်း ၏ ဝက်သစ်ချပင် အောက်တွင် ရှိသော ကျောက်တုံး နံရံများကြားရှိ မီးသင့်ကျောက်တုံးအောက်တွင် Red အတွက် ပစ္စည်း တခုရှိပါမည့်အကြောင်း။

Andy လွှတ်မြောက်သွားခြင်းနှင့်အတူ Shawshank အကျဉ်းထောင်း၏ မသမာမှုများအားလုံး ပေါက်ကြားသွားသည့် အပြင် ထောင်မှုး ပိုင်ဆိုင်သော ပိုက်ဆံ USD 370000 ( ယခုတန်ဖိုးအရ ဒေါ်လာ ၂.၉၅ သန်းခန့် ) အား ဘဏ်များမှ အလွယ်တကူ ထုတ်ယူသွားနိုင်ခဲ့ပါသည်။

ဤကဲ့သို့ အလွယ်တကူ ထုတ်ယူနိုင်ရန်လည်း Andy က အကွက်ကျကျ စီစဉ်ထားခဲ့ပါသည်။ ဤ ရုပ်ရှင်တွင် Andy လွတ်မြောက်ပြီးနောက် Red လည်း ထောင်မှ ခံဝန်ချက်ဖြင့် လွတ်မြောက်လာခဲ့ပါသည်။ ထို့နောက် Andy ညွန်းသည့် အတိုင်း Andy နောက်သို့ လိုက်သွားရင်း မိတ်ဆွေနှစ်ယောက် တွေ့ဆုံကြသော နေရာတွင် ဇတ်သိမ်းပါသည်။
022.jpeg

ကျွန်တော့အနေဖြင့် အရသာ မပျက်စေလိုသောကြောင့် ဇတ်လမ်းအား အကျဉ်းချုံ့ထားပါသည်။ ဤ ရုပ်ရှင်အား ကျွန်တော်သဘောကျသည်မှာ Andy ၏ အကွက်ကျကျ ညာဏ်ပညာသားပါပါ စီစဉ်တတ်မှု ၊ မိမိတွင် အပြစ်မရှိဟု သိပြီးနောက်ပိုင်း Hope ( မျော်လင့်ချက် ) အားသာ ဦးတည် အာရုံစိုက်ခဲ့ပုံ များဖြစ်ပါသည်။

ဤရုပ်ရှင်အား ကြည့်ပြီးနောက် ကျွန်တော်၏ စိတ်ထဲတွင်လည်း Hope ဟူသော အရာအား ရိုက်သွင်းခဲ့ပါသည်။ သင်္ဘောကျင်းလုပ်သားဘဝ မှ မည်သို့ လွှတ်မြောက်အောင် လုပ်ဆောင်ရပါမည့် အကြောင်း အကွက်ချစီမံရပါတော့သည်။

Andy သည် မိမိစိတ်ကျဉ်းကျပ်ရာ အကျဉ်းထောင်မှ လွှတ်မြောက်ရန် အနှစ် ၂၀ နီးပါး အချိန်ယူခဲ့ရပါသည်။ သူအသုံးပြုခဲ့သော လက်နက်မှာ ညဏ်ပညာနှင့် ၈ လက်မခန့်ရှိသော ကျောက်ထွင်း စိန်တူ တလက်သာဖြစ်ပါသည်။

ကျွန်တော် ဤ Hope ဟူသော အရာအား နှလုံးသွင်းပြီးနောက် သင်္ဘောကျင်း လုပ်သားဘဝမှ လွတ်မြောက်နိုင်ရန် အချိန် ၄ နှစ်သာလိုခဲ့ပါသည်။ ကျွန်တော်ကတော့ Education ဟူသော လက်နက်အား သုံးခဲ့ရပါသည်။ ဤ နေရာတွင် Andy နှင့် ကျွန်တော်၏ တူညီသော အချက်မှာ စိတ်မွန်းကျပ်ရာ / လွတ်လပ်မှုမရှိရာနေရာမှ လွတ်မြောက်လိုခြင်း ဖြစ်ပါသည်။

005.jpeg

ဤနေရာတွင် အရေးကြီးသည်မှာ အချိန် ဖြစ်ပါသည်။ အချိန် + မျော်လင့်ချက် + လုပ်အား = အောင်မြင်မှု ဖြစ်ပါသည်။ Shawshank ရုပ်ရှင်အားကျွန်တော်သဘောကျသည်မှာ ရုပ်ရှင်တခုလုံး Red က သူ၏ သူငယ်ချင်း Andy အကြောင်း ပြောပြသွားသည့် ပုံစံဖြင့် ရိုက်ကူးထားခြင်း ဖြစ်ပါသည်။
စကားပြော ဒိုင်ယာလောခ် များက ကျွန်တော့အား အစွဲဆောင် နိုင်ဆုံး ဖြစ်ပါသည်။ အသေးစိတ် မဖေါ်ပြတော့ပါ ရုပ်ရှင်ကြည့်၍သာ ခံစားကြပါကုန်။
ကျွန်တော် အကြိုက်ဆုံးသော ဒိုင်ယာလေခ်မှာ Red ပြောသော စကား ဖြစ်သည့် " I think it’s the Excitement only a free man can feel “ ။

ကျွန်တော်နားလည်သလောက် ဘာသာပြန်ရလျင် ... " စိတ်လှုပ်ရှားခြင်းဟူသောအရာမှာ လွတ်လပ်နေသူတို့သာ အရသာခံနိုင်သော အရာ ဖြစ်ပါသည်။ "

ယခု မိတ်ဆွေတို့ ခံစားရသော စိတ်လှုပ်ရှား ခြင်းဟူသော အရသာမှာ လွပ်လပ်ခြင်းဟူသော နေရာမှ ခံစားရခြင်း မဟုတ်ပါ။ လက်ရှိ မြန်မာနိုင်ငံသားတို့ ခံစားရနေသော စိတ်လှုပ်ရှားခြင်းမှာ အမှောင်ထုမှ လာခြင်း ဖြစ်ပါသည်။ မိမိထံသို့ မည်သည့် အချိန်တွင် ပျက်စီးခြင်း ​ရောက်လာလေမည်လား ဟူသော ခံစားချက်ဖြစ်ပါသည်။

အချုပ်အနေဖြင့် ပြောရလျင် ယခု အချိန်တွင် မိတ်ဆွေအနေဖြင့် Hive platform တွင် အပေါဆုံးမှာ အချိန် ဖြစ်ပါလိမ့်မည်။ လိုအပ်နေသည်မှာ Hope ဟူသော မျှော်လင့်ချက်ဖြစ်ပါသည်။

Henry Aung ( Kachin )

17/09/2021 - 19;07 Pm

စာကြွင်း ... ကျွန်တော့တွင် Movie များ ပေါင်းစုံ 3000 GB အထိ စုထားပါသည်။ လိုအပ်သူတို့ ရယူရန် အကူအညီတောင်းနိုင်ပါသည်။ ကျွန်တော်လည်း Movie များ မျှဝေနိုင်သော App များ ရှာနေပါသည်။ မိတ်ဆွေတို့ သိလျင် လက်တို့ကြပါကုန်။ ကျွန်တော့တွင် ရှိသော Movie အများစုမှာ Blu Ray များဖြစ်၍ အနည်းဆုံး 3.2 GB ရှိပါသည်။

H2
H3
H4
3 columns
2 columns
1 column
35 Comments
Ecency