ကျွန်တော်ကြံခိုးစားခဲ့စဉ်က ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ခေါင်းစဉ်ဖတ်ပြီးသည်နှင့် မိတ်ဆွေတို့ကတော့ ထင်ပါလိမ့်မည် သူများ စိုက်ထားသည့် ကြံခင်း အတွင်းမှ ကြံများ ခိုးယူ သည့်အကြောင်း ။ ထိုသို့ မဟုတ်ရပါ။ ဤ အဖြစ်အပျက်သည် ကြာတော့ ကြာခဲ့ပြီ ဖြစ်ပါသည်။

ကြာဆို ကျွန်တော် ငယ်ငယ်က ၁၃ နှစ်သားအရွယ် ခလေး လည်းမဟုတ်တော့ လူပျိုအရွယ်လည်း မဟုတ်သေး ဆိုသည့် အချိန်ကဖြစ်ပါသည်။ ကျွန်တော်နေခဲ့သော ရွာကြီးတွင် ခရစ်ယန် ဘုရားရှိခိုးကျောင်း အကြီးကြီး ရှိပါသည်။

တစ် ဧက နီးပါးခန့် ကျယ်သော ခြံဝန်း ကြီးတွင် ဘုရားရှိခိုးကျောင်း ၊ သီလရှင် ကျောင်း ၊ အမျိုးသမီး ဘော်ဒါဆောင် ထို့နောက် မြေလွတ်များပေါ်တွင် စိုက်ခင်း အမျိုးမျိုး ထို့နောက် ကြက်ခြံများ လည်း ရှိပါသည်။

ဆိုတော့ ထိုဘုရားကျောင်းဝန်း သည် ကျွန်တော်တို့ ကလေးများ တသိုက် အတွက်တော့ ကစားကွင်း ဖြစ်ပါသည်။ ဘုရားကျောင်း ဝန်း အတွင်း၌ သရက်သီး ၊ မာလကားသီး ၊ ဩဇာသီး ၊ တရုတ်ဇီးသီး ၊ ရှမ်းဇီးသီး ၊ ရှောက်ချို သီး စသည်ဖြင့် အသီးအနှံပေါင်းစုံ ရှိပါသည်။

ထိုအချိန်က သီလရှင် ကျောင်းအား အုပ်ချုပ်သူမှာ မာသာ ဂျိုစဖင်း ( Josphine ) ဖြစ်ပါသည်။ ဝဝဖိုင့်ဖိုင့် ဖြစ်ပြီး ကပြားနွယ်ဝင် ဟုထင်ပါသည်။ အင်္ဂလိပ်စကားပြော အလွန်ကောင်းသလို တိုင်းရင်းသား ဘာသာစကား အတော်များများလည်း ပြောတတ်ပါသည်။ ကချင် စကားကတော့ ကချင်များထက်ပင်ပို၍ ပြောတတ်သည်ဟုထင်ပါသည်။

မာသာ ကြီးသည် ခလေးများကို အလွန်ချစ်ပါသည်။ စနေနေ့ ညနေပိုင်းတွင် ခလေးများအား ဘုရားကျောင်းသို့လာစေပြီး ဘုရားကျောင်းသန့်ရှင်းရေး လုပ်စေပါသည်။ ထို့နောက်တော့ မုန့်အမျိုးမျိုးချကျွေးတတ်ပါသည်။

ကျွန်တော်တို့ ခလေးများကလည်း ဘုရားကျောင်း ဝန်းအတွင်းရှိ ကြိုက်သည့် အပင်မှ အသီး ကြိုက်သည့်အချိန်တွင် ခူးစားနိုင်ပါသည်။ ဘုရားကျောင်းဝန်း အတွင်း၌ ဗြောင်းဆန် အောင်ဆော့လည်း ကိစ္စမရှိပါ။ သို့သော် တားမြစ်ချက် တခုတော့ ရှိပါသည်။

ကြက်ခြံထောင့်တွင် ၁၀ ပေ ပတ်လည် ခြံခတ်ထားသော နေရာတွင် ကြံပင်များ စိုက်ထားပါသည်။ တခြံလုံး တဝန်းလုံး ကြိုက်သည့် အသီးခူးစား နိုင်သော်လည်း ထိုကြံပင်များကတော့ ချွင်းချက်ဖြစ်ပါသည်။

ကျွန်တော်တို့မှာ အာဒမ် နှင့် ဧဝ ကဲ့သို့ အေဒင်ဥယျာဉ် မှ ကြိုက်သည့် အသီးစားနိုင်သော်လည်း ဥယျာဉ် အလယ်၌ ပေါက်သော ပန်းသီး ပင်မှ ပန်းသီး မစားရသကဲ့သို့သာ။

ထို ကြံစိုက်ခင်းလေးမှာ ကြက်ခြံထောင့် နှင့် အမျိုးသမီး ဘော်ဒါဆောင် ထောင့် အိမ်သာ နားတွင် ရှိပါသည်။ မာသာ ကြီးက ထိုကြံပင်များအား မချိုးစားရဟု ဆိုကာမှ ကြံပင်များကလည်း ထွားလိုက်ပါဘိခြင်း ။ ခရမ်းရင့်ရောင်သမ်း ကာ ခလေး လက်မောင်းလုံးခန့် ရှိသော ကြံပင်ကြီးများက မြေကြီးမှ ၇ ပေ ၈ ပေခန့် အမြင့်ရှိပါသည်။

ကျွန်တော်ကလည်း စားလို့မရဆိုကာမှ ထိုကြံပင်များအား ကြည့် ကာ သွားရေ ကျနေပါတော့သည်။ မည်မျှ စားချင်ပါသနည်းဆိုသော် အိမ်မက်ထဲတွင် ထိုကြံခင်းမှ ကြံများ အားပါးတရ ကိုက်ချိုးစား နေသည်ဟု အိမ်မက်သည် အထိပင်ဖြစ်ပါသည်။

နောက်ဆုံးတော့ မိမိ စိတ်အား အလိုလိုက်ကာ မာသာ ကြီး ရိုက်ကာမှ ရိုက်ရော ထိုကြံခင်းထဲမှ ကြံတချောင်း လောက်တော့ ရအောင် ခိုးစားမည်ဟု ဆုံးဖြတ်လိုက်ပါတော့သည်။ ကျွန်တော့ မဟာအကြံအစည်အား အကောင်အထည် ဖေါ်ရန် တနင်္ဂနွေ နေ့အား နံနက်စေားစော အား ရွေးလိုက်ပါတော့သည်။

တနင်္ဂနွေ နေ့နံနက် စောစော ၆ နာရီတွင် ခလေးများ အတွက် Sunday School ဘုရားစကားသင် တန်း ရှိပါသည်။ နံနက် ၆ နာရီမှ ၇:၃၀ အထိ ။ ထို့နောက် နံနက် ၈ နာရီတွင် ဘုရားဝတ်ပြုကိုးကွယ်ခြင်း ဆုတောင်း ခြင်း အစီအစဉ်စပြီ ဖြစ်ပါသည်။

ဆိုတော့ နံနက် ၅ ခွဲ အရောက် ဘုရားကျောင်းသို့ သွားမည်။ ကြံ တချောင်း အားခိုး၍ ချိုးမည် ။ ထို့ နောက် ဖွက်၍ လွယ်ကူစေရန် တပေ ခန့် အချောင်းလေးများ ဖြစ်အောင် ဖြတ်မည်။ ထို့နောက်တော့ အနွေးထည် အတွင်သို့ ဝှက်၍ ယူဆောင်သွားမည်။

ကြံ ခိုးချိုးရန် အတွက် အသံပလံ ထွက်၍ မဖြစ် ။ ဓါးယူသွား၍ လည်းမရ ။ အကောင်းဆုံး လက်နက်မှာ သံဖြတ်လွှ ဖြစ်ပါသည်။ ထက်ပိုင်းချိုးလိုက်လျင် ၆ လက်မခန့်သာ ရှိသော ကြောင့် အိပ်ထောင်ထဲ ထည့်သွား၍ ရပါသည်။ လွှသွားများ ဖြစ်၍ ကြံပင်အား လွှတိုက်သကဲ့သို့ ဖြတ်ပါက အသံမထွက်ပါ။ ပြတ်တာလည်း မြန်ပါသည်။

ကျွန်တော့ အကြံအစည်အား အဘယ့်ကြောင့် တနင်္ဂနွေ နေ့နံနက်အား ရွေးရသနည်းဆိုသော် တနင်္ဂနွေ နေ့နံနက်သည် Sunday School သင်တန်းရှိခြင်း အပြင် ဘုရားကျောင်း အလှပြင်ဆင်ခြင်း ဝတ်ပြုကိုးကွယ်မှု အတွက်ပြင်ဆင်ကြခြင်းကြောင့် သီလရှင်များ နှင့် ဘော်ဒါ ကျောင်းသူတို့ အလွန် အလှုပ်ရှုပ်သောနေ့ဖြစ်ပါသည်။

ဆိုခဲ့သည့် အတိုင်း တနင်္ဂနွေ နေ့ရောက်လာပါလေပြီ။ နံနက် ၅ နာရီထ မျက်နှာသစ် ၊ အဝတ်အစားလဲပြီး ဘုရားကျောင်းသို့သွားပါသည်။ အိမ်ကလည်း ခါတိုင်းကဲ့သို့ Sunday School သွားသည်ဟု ထင်နေပါသည်။ ၅ နာရီခွဲ ဘုရားကျောင်း ရောက်သော် အတော်လေး မှောင်နေပါသေးသည်။

ကျောင်းဝန်း အတွင်း၌ ခွေးရှိသော်လည်း ကျွန်တော်တို့နှင့် ကစားဖေါ်ကစားဖက်ဆိုတော့ လူမြင်သည်နှင့် ဟောင်ဖို့ အသာထား အမြီးနှန့် ပြနေပါတော့သည်။ ကျွန်တော်လည်း အနည်းငယ်မှောင်သော ကြက်ခြံဘက်မှ ကြံခင်းရောက်သည်အထိ ခေါင်းငုံ့ ကာ သွားပြီးနောက် ကြံခင်းသို့ ရောက်ပါလေပြီ။

ကြက်ခြံထောင့်တွင် ကျကျနန ထိုင်ကာ ကြံတချောင်း၏ အောက်ခြေအား လွှဖြင့် တိုက်ဖြတ်နေပါတော့သည်။ အမှန်ကတော့ မြေကြီးအထက် ခြေက်လက်မ ခန့် အမြင့်မှ ဖြတ်လျင် မြန်မည် ဖြစ်သော်လည်း ခိုးရာပါ သက်သေ ကြံငုတ် ကျန်ခဲ့မည်ဖြစ်ပါသည်။

မြေကြီး အပေါ် ၂ လက်မခန့် အမြင့်မှ ဖြတ်လျင် ထိုကြံငုတ် လေးအား ဘေးမှ မြေကြီးများ ဖြင့် ဆွဲဖုံးလိုက်လျင် ကိစ္စပြတ်သွားမည် ဖြစ်ပါသည်။ သို့သော် ကြံက အရင်းပိုင်းရောက်လေ မာ လေဖြစ်သော ကြောင့် အတော်လေး ဖြတ်ရခက်နေပါတော့သည်။

တဝက်ခန့် ရောက်သောအခါ အမျိုးသမီးဘော်ဒါဆောင် အိမ်သာမီး ဖျက်ကနဲ့ လင်းလာပါတော့သည်။ ကျွန်တော်လည်း လန့်သွားကာ လုပ်လက်စအလုပ်အားရပ်ထားရပါတော့သည်။ တော်ပါသေးသည်။ ကျွန်တော်က ကြက်ခြံဘက် အစွန်း တွင်ရှိသော ကြောင့် မှောင်ရိပ်ကျနေပါသည်။

ထိုအချိန်တွင် ဘော်ဒါ ကျောင်းသူ တယောက်ထွက်လာကာ အိမ်သာ အစွန်းမှ ကြံခင်း အတွင်းသို့ ဝေါခနဲ့ အရည်တချို့ ပက်ဖြန်း လိုက်ပါတော့သည်။ ထိုအရည်များမှာ ကျွန်တော့အားလည်း စင်ကုန်ကာ ကျွန်တော့ အနွေးထည် အတော်များများလည်း ပေရေ ကုန်ပါတော့သည်။

ရုတ်တရက် ကျွန်တော့ နှာခေါင်းသို့ စူးကနဲ့ အနံ့တခု ဝင်ရောက်လာပါသည်။ ဟုတ်ပါသည်။ စူရှသော အမိုးနီးယား အနံ့။ လက်စသတ်တော့ ထိုဘော်ဒါဆောင်မှ အမျိုးသမီး ကြံခင်း အတွင်းသို့ ပက်ဖျန်းသွားသော အရာများမှာ သေးများ ဖြစ်ပါသည်။

တညလုံး ပေါက်ထားသော သေးအိုးအား ကြံခင်း အတွင်းသို့ ပက်ဖျန်းသွားခြင်း ဖြစ်ပါသည်။ သို့ပေကြောင့်လား မသိ ကြံပင်များကလည်း ဆားဓါတ် အပြည့်အဝရကာ ကြီးချင်တိုင်း ကြီး ထွားချင်တိုင်း ထွားနေကြခြင်း ဖြစ်တန်ရာ။

ကျွန်တော်လည်း နံနက်စောစော စီးစီး အေးမြသော သေးရေစင် သွန်းဖျန်းခံရပြီးနောက် ကြံစားချင်စိတ်ကုန်သွားပါတော့သည်။ ထို့နေ့ကတော့ ကြံစားချင်စိတ် ကုန်သွားပြီ ဖြစ်ရာ အိမ်သို့ ပြန်ပြေး ဆပ်ပြာခွက်ယူကာ မနက်စောစောစီးစီး ဧရာဝတီမြစ်ထဲသို့ ဒိုင်ဗင်ထိုး ဆင်းရပါတော့သည်။

ထို့ကြောင့် ကျွန်တော့ မိတ်ဆွေများအားလည်း " မစားပါနှင့် မစားရ " ဟူသော အရာများအား မစားမိစေရန် သတိပေးလိုက်ရပါသည်။

Henry Aung ( Kachin )

24/10/2021 - Sunday - 17;52 Pm

H2
H3
H4
3 columns
2 columns
1 column
24 Comments