ကျွန်တော်ခရီးသွား - အပိုင်း ( ၉ ) ( Henry Aung )

မင်္ဂလာပါ။ ယခုတလော တရက်ကလေး စာရေးပျက်လိုက်သည်နှင့် စာပြန်ရေးရန် အတော်လေး အစပြန်ဖေါ်နေရပါတော့သည်။ Hive ဈေးကလည်း ကျွန်တော်တို့ မလေးရှားတွင် ကွန်ဒို ဝယ်ကြမယ် ပြောလို့လားမသိ။ တရိပ်ရိပ်နှင့် ဈေးကျသွားပါတော့သည်။ မတတ်နိုင်။ ဈေးကျတော့လည်း ကျဈေးပေါ့။ ဈေးတက်လာတော့လည်း တက်ဈေးပေါ့။ ကိုယ်ရေးစရာရှိတာရေးနေရုံပါ့။

ကဲ... စလိုက်ကြပါစို့ ကျွန်တော်၏ မပြီးပြတ်သေးသော ခရီးသွားသည့် အကြောင်။ ဤ ဆောင်းပါးတွင်တော့ ကျွန်တော်တို့ Batu Cave သွားသည့် အကြောင်း အား ဖေါ်ပြပေးလိုပါသည်။ Batu ဟူသည်မှာ မလေးရှား စကားဖြင့် ကျောက်တုံး / ကျောက်ခဲ ကိုဆိုလိုပါသည်။ Cave ကတော့ အင်္ဂလိပ် လို လိုဏ်ဂူ ဆိုတော့ Batu Cave ၏ အဓိပ္ပာယ် အပြည့်အစုံမှာ ကျောက်လိုဏ်ဂူ ဟူ၍ အဓိပ္ပာယ် ရပါသည်။

အမှန်တော့ ဤ ကျောက်လိုဏ်ဂူမှာ သာမန် လိုဏ်ဂူ ဆိုခြင်းထက် ဘာသာရေးနှင့် ဆက်နွယ်သော လိုဏ်ဂူဖြစ်ပါသည်။ မလေးရှားရှိ အန္ဒိယ ကုလား / တနည်းအားဖြင့် ဟိန္ဒူ ဘာသာဝင်တို့၏ ဘာသာရေးနှင့် ပို၍ ပါတ်သက်မည်ဟု ထင်ပါသည်။ ဤ ကျောက်လိုဏ်ဂူသည် သဘာဝထုံးကျောက်လိုဏ်ဂူ ဖြစ်၍ အထဲတွင် ကျောက်စက်ပန်းဆွဲ များ ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် တွေ့ရပါသည်။

ဤ ဟိန္ဒူ ဘာသာရေးနှင့် ပတ်သက်သော လိုဏ်ဂူ သုံးခုရှိပါသည်။ ပထမ လိုဏ်ဂူမှာ သီတာ / ရာမ နှင့် ပတ်သက်သော ဟာနုမာန် ပါဝင်သော ဇတ်တော်ပြသထားရာ လိုဏ်ဂူ ဖြစ်ပါသည်။ အတော်အတန် ကျယ်ဝန်းသော လိုဏ်ဂူ ဖြစ်၍အထဲ တွင် သီတာ / ရာမ ဇတ်တော်အား ရုပ်လုံးရုပ်ကြွ များ ဖြင့် ပုံဖေါ်ထားပါသည်။

သီတာ/ ရာမ ဇတ်တော်ကတော့ မိတ်ဆွေတို့ သိကြသည့် အတိုင်းရာမမင်းသား / ညီတော်လက္ခဏာ / ဒသဂီရိ / ဟာနုမာန် စသည်တို့ ပါဝင်ပါသည်။ ဤ ကျောက်ဂူ အတွင်းသို့ ဝင်သွားပြီးနောက် အထက်သို့ ထက်တက်သည့် ကျောက်လှေကား တခုရှိပါသည်။

အတော်လေး မတ်စောက်၍ အကွေ့အကောက်များလည်း ရှိပါသည်။ လှေကား မတ်သောကြောင့် တော်ရုံ အမြင့်ကြောက်သူများ မတက်နိုင်ကြပါ။ မဟေသီကတော့ လှေကား တဝက်ခန့်အထိ လိုက်တက်လာပြီးနောက် အထက်သို့ ထပ်မတက်ရဲတော့ပါ။

ကျွန်တော်က အဆုံးထိတက်ကြည့်သော အခါ ကျောက်စက်ပန်းဆွဲ များဖြင့် လှပနေသော ကျောက်လိုဏ်ဂူ အသေးလေးတွင် သဘာဝအတတိုင် ကျောက်စက်ရေ များကြောင့် ဖြစ်ပေါ်နေသော ရုပ်တု တခုတွေ့ရပါသည်။ ထိုရုပ်တုမှာ ဗာဟုဘာလီ ရုပ်ရှင် ကားတွင် ဗာဟုဘာလီ မင်းသား သူ၏ မွေးစားအမေ ရေခပ်လောင်းနေသော ကျောက်ဆုံ နှုတ်ယူလိုက်ကာ ရေတံခွန်အောက်သို့ သွားထားသည့်အခန်းအား မှတ်မိကြပါလိမ့်မည်။

ယခု ထိုလိုဏ်ဂူ အသေးလေးတွင် တွေ့ရသော သဘာဝ ရုပ်တုမှာ ထိုကျောက်ဆုံ ပုံစံ ဖြစ်ပါသည်။သံဇကာများဖြင့် ကာထားသောကြောင့် ထိတွေ့ကိုင်တွယ်၍တော့မရပါ။ သို့သော်ထိုနေရာ ကျောက်ဆုံ လေးနားတွင် ဘုရားဖူး တို့ ဆုတောင်း၍ပြစ်ထားကြသော အကြွေစေ့များ မနည်း မနော တွေ့ရပါသည်။ ဤ ကျောက်လိုဏ်ဂူအား ကျွန်တော်ကတော့ ဟာနုမာန် လိုဏ်ဂူ ဟူ၍အမည်ပေးခဲ့ပါသည်။

အဘယ့်ကြောင့် ဆိုသော် လိုဏ်ဂူသို့ ဝင်ရန် ဝင်ပေါက်တွင် တောင်စောင်း၌ သစ်ပင်ကြီးများ ပေါက်ကာမျောက်လွှဲကျော် အများအပြားတွေ့ရပါသည်။ လိုဏ်ဂူသို့ ဝင်ရန် ဝင်ပေါက်တွင်လည်း ကြီးမားသော ဟာနုမာန် ရုပ်တုကြီး တခုရှိနေပါသည်။

ဒုတိယလိုဏ်ဂူမှာ တိရိစ္ဆာန် ပေါင်းစုံ ရှိသော လိုဏ်ဂူ ဖြစ်ပါသည်။ လိုဏ်ဂူထဲတွင် မဟုတ်ပါ။ လိုဏ်ဂူ အဝင်ဝတွင် အခန်းများဖြင့် ပြထားခြင်း ဖြစ်ပါသည်။ အများဆုံးမှာ ဒေါင်းများ ဖြစ်ပါသည်။ ရှည်လျား သော အမြီးများဖြင့် အလွန်လှပပါသည်။

ကျွန်တော့ အထင် ထိုကျောက်တောင် ပေါ်တွင်လည်း သဘာဝသစ်ပင်ကြီးများ ပေါက်ရောနေသည် ဖြစ်ရာ ဒေါင်းများ ကျက်စားရာ နေရာ ဖြစ်ပါလိမ့်မည်။ ဤ ဒုတိယလိုဏ်ဂူ အား ကျွန်တော့ အနေဖြင့် နတ်ဘုရား လိုဏ်ဂူ ဟူ၍ အမည်ပေးခဲ့ပါသည်။ အဘယ့်ကြောင့် ဆိုသော် ဟိန္ဒူ နတ်ဘုရားများအားလုံး တနေရာတည်းတွင် တွေ့ရသော ကြောင့် ဖြစ်ပါသည်။

လိုဏ်ဂူသည် အတော်အတန် ကျယ်ဝန်းကာ အေးစိမ့်သော လေကောင်းလေသန့် ရနေပါသည်။ မသိလျင် Aircon လွှတ်ထားသည်နှင့် တူပါသည်။ ဟာနုမာန်ဂူသည် ခိုများ ရှိသောကြောင့် ခိုချေးများကြောင့် အနည်းငယ် အောက်သက်သက် အနံ့ရပါသည်။ ယခု ဤ နတ်ဘုရားဂူ က​တော့ ထိုသို့မဟုတ်ပါ။ သန့်ရှင်းလတ်ဆတ်သော လေအေးကို ရနေပါသည်။

ကျွန်တော် ဤ ဂူ အတွင်းသို့ ရောက်သည်နှင့် ဂူအတွင်း၏ သန့်ရှင်း သပ်ရပ်မှု / လေကောင်းလေ သန့် ကောင်းမှု တို့ကို သတိထားမိ၍ တောတောင် လိုဏ်ဂူ များ၌ သူတော်စင်များ တရားကျင့် ကြသည်မှာ ဤသို့သော လိုဏ်ဂူများ ဖြစ်ရမည်ဟူ၍ စဉ်းစားမိပါသည်။ ဂူ၏ အလယ်တွင် ထိုင်ခုံရှည်များ ချထားပေးကာ ခရီးသွားတို့ အနာယူ နိုင်ကြပါသည်။

ကျွန်တော်လည်း နတ်ဘုရားတို့၏ ရာဇဝင်များ တခုပြီး တခုဖတ်ကြည့်ပါသည်။ အများ အားဖြင့်တော့ ဟိန္ဒူ အမည်များ ​ဖြစ်သော ကြောင့် နားမလည်ပါ။ သို့သော် စိတ်ဝင်စားစရာ တော့ အတော်လေးကောင်းပါသည်။ နတ်ဘုရား ရုပ်တု တခုချင်းစီ၏ ရှေ့တွင် ထိုဘုရား၏ ရာဇဝင် နှင့် သမိုင်းတို့အား အင်္ဂလိပ်ဘာသာ ဖြင့် ဖေါ်ပြပေးထားပါသည်။

ဆက်လက်ဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

30/09/2022 - Friday - 18;12 Pm

H2
H3
H4
3 columns
2 columns
1 column
17 Comments
Ecency