ကျွန်တော် ညံ့ခဲ့ ၊ ပျင်းခဲ့ ၊ ဖျင်းခဲ့ သမျှ ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ဤ ဆောင်းပါးမှာ ယခင်ကကျွန်တော် ဇော်ဂျီဖြင့် ရေးသားထားသော ဆောင်းပါး ဖြစ်ကာ ပြန်လည် တည်ဖြတ်ပြီး ယူနီကုတ်ဖြင့် ဖေါ်ပြပေးလိုက်ပါသည်။ ဖတ်ရှု ရန် အတွက်သာ သင့်လျော်၍ အတုယူရန် မထိုက်သော ဆောင်းပါး ဖြစ်ပါသည်။ အကယ်၍ မိတ်ဆွေလည်း ကျွန်တော်ကဲ့သို့ ညံ့ဖျင်းလိုလျင်တော့ ဟုတ်ကဲ့ welcome ပါခင်ဗျာ။

မိတ်ဆွေ အနေနှင့် အံ့သြကောင်း အံ့သြပါ လိမ့်မည်။ ဘယ်နှယ့် ကိုယ်ညံ့ဖျင်းတာများ တိုင်းသိပြည်သိ ကြေညာနေရသေး သလား ဟူ၍ ထင်ကောင်း ထင်နေကြပါလိမ့်မည်။ ကျွန်တော့ အနေဖြင့် ကျွန်တော် ညံ့ကြောင်း ကြွားဝါလိုသောကြောင့် မဟုတ်ပါ။ ကိုယ် ဖျင်းခဲ့ သည့် အကြောင်းအရာများအား ပြန်စဉ်းစားရင်း ငယ်ဘဝပုံရိပ်များအား ပြန်လည် ပုံဖေါ်လိုသောကြောင့် ဖြစ်ပါသည်။

ဟုတ်ကဲ့ ကျွန်တော် ညံ့သော အကြောင်းအရာများအား စတင်ဖေါ်ပြပေးပါတော့မည်။ သည်းခံ၍ သာ ဖတ်ကြပါကုန်။ ကျွန်တော့ ၏ အရေးကြီးသော ညံ့ဖျင်းမှုတခုအား စာစီစာကုံးချရေးပြပါဟုပြောလာလျင် သင်္ချာ အကြောင်းသာ ချရေးရမည် ဖြစ်ပါသည်။ ကျွန်တော်၏ သင်္ချာ ညံ့ဖျင်း မှုမှာ ယခုအချိန်ထိ သာမန် အပေါင်း အနုတ် အမြောက်အစားများအား calculator အားကိုးနေရဆဲဖြစ်ပါသည်။

ငယ်ငယ်က ကျွန်တော် ၄ တန်းနှစ်လောက် ဖြစ်မည်ထင်ပါသည်။ သင်္ချာတွင် သာမန် အပေါင်း အနှုတ်များသာ မက ငွေကြေးဖြစ်သော ကျပ်ပြား များ ၊ အတိုင်း အတာ များ ဖြစ်သော ပေ၊ လက်မ ၊ စင်တီမီတာ များ ပါဝင်လာရာ နဂိုကတည်းက အတွက်အချက် ဖျင်းလှသော ကျွန်တော့ အနေဖြင့် ကောင်း ကောင်း ဒုက္ခ ရောက်ရပါတော့သည်။ ငယ်ငယ်က အဖေ ဖြစ်စေ ၊ အမေ ဖြစ်စေ ကျွန်တော့ သင်္ချာ စာအုပ်စစ်သော နေ့သည် အရိုက်ခံရမည့်နေ့ သို့မဟုတ် ငိုရသော နေ့ ဖြစ်ပါသည်။

ကျွန်တော် မှတ်မိပါသေးသည်။ ၄ တန်းနှစ် တနှစ်လုံး ကျွန်တော့ သင်္ချာ စာအုပ်အား ဆရာမထံ မပြခဲ့ပါ။ ပုဒ်စာ တပုဒ် တွက်ခိုင်းလျင် တဝက်တပြက်နှင့်သာ ပြီးရသည် ဖြစ်၍ ဒီအတိုင်းသာ ပြစ်ထားသည်ကများပါသည်။ အဖေနှင့် သင်္ချာ သင်ရသော ညများ ဆိုလျင်တော့ သေချာပါသည် တအိမ်လုံး အစ်မများ မကျန် ငိုရသော ညများ ဖြစ်ပါသည်။

အဖေက ပုဒ်စာ တပုဒ် တွက် ပြ နည်းလမ်းများ ပြောပြ ။ ဘယ်လောက်ပင် စိတ်ရှည် လက်ရှည် သင်ပေးသော်လည်း ပုံစံတူ ပုဒ်စာများ တွက်ခိုင်း လိုက်လျင် ကျွန်တော့ အတွက်တော့ ခက်ခဲနေဆဲသာ။ သင်ပေးသူက စိတ်မရှည် လာ၍ ခေါင်းခေါက် ထုနှက် ရိုက် ၍ သင်ပေးလေ.. ကျွန်တော့ အနေဖြင့် ထူပူလေ ၊ ပိုမရလေ သင်ပေးသူက ဤမျှလောက် ဖျင်းရပါမည်လော ဟု ပို၍စိတ်တိုလာလေလေသာ ဖြစ်ပါသည် ။နောက်ဆုံး အစ်မများကပါ မနေသာ၍ ဝင်ရောက်သင်ပြပေး သော်လည်း သင်ပြပေးသော အစ်မများကသာ ငိုယို သွားကြပါသည်။ ကျွန်တော်ကတော့ သင်္ချာ ညံ့မြဲ ဖျင်းနေမြဲသာ။

ကျွန်တော် ဘယ်လောက်အထိ သင်္ချာ ညံ့ပါသနည်း ဟုဆိုလျင် ကျွန်တော့အားသင်ပေးသော ပုဒ်စာအား တနှစ်အောက်ငယ်သော ကျွန်တော့ ညီမလေးက နားထောင်ရုံမျှဖြင့် တွက်တတ်နေပါပြီ ကျွန်တော်ကတော့ စဉ်စားနေရဆဲ အဆင့်သာရှိပါသေးသည်။ နောက်ဆုံးတော့ ငိုယိုရင်း အိပ်ယာဝင်ရသော အဖြစ်များဖြင့်သာ အဆုံးသတ်သွားလေ့ရှိပါသည်။

သို့သော် တနှစ်တတန်းတော့ မှန်မှန် အောင်သွားပါသည်။ ဘယ်လို အောင်သွားသလဲ မမေးပါနှင့် ကျွန်တော်လည်း ဘယ်လို အောင်ခဲ့မှန်း မသိတော့ပါ။ အခြား ဖတ်စာများ ဖြစ်သော မြန်မာစာ၊ သမိုင်း ၊ ပထဝီ တို့မှာ ကျွန်တော့ အတွက် အခက်အခဲမရှိလှ သော်လည်း ထိုကိန်းကဏန်းများ ပါဝင်သော သင်္ချာ ဆိုလျင်တော့ ကျွန်တော့ အတွက် ဆေးခါးကြီးသောက်ရသကဲ့သို့သာ။

အတန်းကြီးလာလေလေ တွက်ရသော သင်္ချာများကလည် ဆတိုးကိန်း ၊ နှစ်ထပ်ကိန်း ၊ နောက်ဘာမှန်း မသိသော square root ဟု ခေါ်သော အရာများ ပါဝင်လာကြသည့် အပြင် Geometry ဟု ခေါ်သော စက်လုံးများ ၊ စက်ဝိုင်းများ ၊ တြိဂံများ ပါဝင်လာသောအခါ ကျွန်တော့ အတွက်တော့ သင်္ချာ စာအုပ်ဟူသည်မှာ မြွေပွေးထက်ပင် ကြောက်စရာ ကောင်းသော အရာဟု မြင်လာပါတော့သည်။

ကျွန်တော် တော်သည့်အရာ တခုတော့ရှိပါသည်။ ကမြင်းကြောထရာတွင်တော့ အလွန်တော်ပါသည်။ မည်သို့ ကြံဖန် ကမြင်းကြောထရမည်ဟု ညာဏ်ထွက်သလောက် သင်္ချာ တွက်ရမည်ဆိုလျင်တော့ ဆေးထိုးအပ်မြင်သည့် ခလေးကဲ့သို့ ငိုမဲ့မဲ့ ဖြစ်သွားလေ့ရှိပါသည်။ ကျွန်တော့ အဖေက ကျွန်တော့အား ငယ်ငယ်ကတည်းကပင် မှတ်ချက်ပေးခဲ့ပါသည်။

ဒီလောက်သင်္ချာ ဖျင်းနေမှတော့ အင်ဂျင်နီယာ ဘယ်တော့မှ မဖြစ်နိုင် ဟူ၍။ ကျွန်တော်ကလည်း အင်ဂျင်နီယာ မဖြစ်ချင်ခဲ့ပါ။ မိမိကိုယ်တိုင်က သင်္ချာ ဖျင်းလွန်းလှသဖြင့် မခံချင် စိတ်ဖြင့် ရအောင်ကြိုးစားမည်ဟူသော စိတ်မရှိယုံသာမက ခြေအငြိမ်မနေ လက်အငြိမ် မနေ စက်လုံး ၊ စက်ဝိုင်းများ ဆွဲ၍ သီအိုရီ ထုတ်ခဲ့သော ပိုက်သာဂိုးရပ် ဟူသော အဖိုးကြီးအားသာ နှစ်တလက်မဖြင့် ပြေးရိုက်ချင်စိတ်ပေါက်မိခဲ့သည်မှာ အကြိမ်ကြိမ် ဖြစ်ပါသည်။

ထို့နောက် ခုနှစ်တန်း ရှစ်တန်းသို့ ရောက်လာသော အခါ သင်္ချာ ၏ အစွယ်အပွား ဖြစ်သော ရူပဗေဒ ဖြစ်သည့် အလင်းတန်းများ ၊ အရှိန် ၊ အဟုန် ၊ စွမ်းအင်ဆိုင် ရာ တွက်ချက်မှုများပါ ပါဝင်လာကြပေရာ ကျွန်တော့ အတွက်တော့ ဒုက္ခနှင့် လှလှ တွေ့ကြရသည် ဆိုသကဲ့သို့သာ။

မှတ်မိပါသေးသည်။ ခြောက်တန်း နှစ်တွင် ဖြစ်မည်ဟု ထင်ပါသည်။ တခန်းလုံးတွင် မိန်းခလေး ၃၀ ယောက်ကျားလေး အယောက် ၃၀ စုစုပေါင်း အယောက် ၆၀ ရှိရာတွင် ပထမ အစမ်းစာမေးပွဲ ဖြေပြီးသောအခါ ကျွန်တော်ရသော အဆင့်မှာ ဘာသာစုံ ကျရှုံးပြီး အဆင့် ၅၉ ရပါသည်။ ကျွန်တော့ အောက်တွင် တယောက်ကျန်ပါသေးသည်ဟူ၍ မထင်ပါနှင့် ။ ထိုတယောက်မှာ ဆေးရုံတက်နေရ၍ စာမေးပွဲ လာမဖြေနိုင်သော တယောက်သာ ဖြစ်ပါသည်။

ပြောခဲ့ပါပြီကော ကျွန်တော့ ညံ့ဖျင်းပါတယ်လို့။ ယခုအချိန်တွင် ကျွန်တော့အား ဆယ်တန်းစာမေးပွဲ မပြောနှင့် ၈ တန်း စာမေးပွဲ ဖြေခိုင်းလျင်ပင် အောင်မည်မထင်ပါ။ ကျွန်တော့ အနေဖြင့် ကျောင်းစာထက် ပြင်ပစာများအား ပိုစိတ်ဝင်စားသောကြောင့် ဖြစ်ဟန်တူပါသည်။ ယခုအချိန်တွင် ကျွန်တော့အား ဒုက္ခပေးလိုလျင် အများကြီး ကြိုးစားရန်မလိုပါ သင်္ချာပုဒ်စာ တပုဒ် တွက်ခိုင်း လိုက်လျင် ကျွန်တော့ အတွက် လုံလောက်သော ဒုက္ခ ရရှိသွားပြီ ဖြစ်ပါသည်။

အဘယ့်ကြောင့် ကျောင်းစာတွင် ညံ့ဖျင်းရသနည်း ဆိုလျင် ကျွန်တော့ အနေဖြင့် ကျောင်းစာထက် ပြင်ပစာများအား ပို၍ စိတ်ဝင်စားသော ကြောင့် ဖြစ်မည် ထင်ပါသည်။ အခြားတခုမှာ ကျောင်းတက်ပျင်း ခြင်းနှင့် ကျောင်းစာ အပေါ် စိတ်ဝင်စားမှု နည်းပါးသောကြောင့် သာဖြစ်ပါသည်။

ဆိုခဲ့သည့် အတိုင်း ကျွန်တော့ အနေဖြင့် အလယ်တန်း ကျောင်းသား ဖြစ်လာသော အခါ ကျောင်းစာ၌ စိတ်ဝင်စားခြင်း မရှိသဖြင့် လပတ်စာမေးပွဲ ဟူသမျှနှင့် အစမ်းစာမေးပွဲ များတွင် တခါမှ အောင်မြင် ခဲ့ခြင်း မရှိသော်လည်း အတန်း တင်စာမေးပွဲကတော့ တနှစ်တတန်း မှန်မှန်အောင်မြင်ခဲ့ပါသည်။

ကျွန်တော် ကျောင်းစာတွင် အာရုံစိုက်၍ ကြိုးစားလာသည်မှာ ရန်ကုန်ရောက်ပြီးနောက် ရှစ်တန်း တက်ရသော နှစ် အထက်တန်း ရောက်မှ စတင်ကြိုးစားလာခဲ့ခြင်း ဖြစ်ပါသည်။ အလယ်တန်း ကျောင်းသားဘဝ ၅ / ၆ / ၇ တန်းများတွင်တော့ ကျွန်တော်၏ ကျောင်းစာ အညံ့ဖျင်းဆုံး နှစ်များသာ ဖြစ်ပါသည်။

ကျွန်တော် ကျောင်းတက်ခဲ့ သော သက်တမ်း တလျှောက်လုံးတွင် A အခန်း တွင် နေခဲ့ရသည်မှာ ၉ တန်း နှင့် ၁၀ တန်း နှစ်တွင်သာ ရှိခဲ့ပါသည်။ ၅ တန်းနှစ်တွင် C အခန်း ၆ တန်းနှစ် တွင် D အခန်း ၇ တန်းနှစ် ရောက်သော အချိန်တွင်တော့ အကျများသာ ရှိသည့် E အခန်း အဆိုးဆုံး အခန်း အညံ့ဆုံး အခန်းသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ပါသည်။

ကျောင်းစာတွင် စိတ်ဝင်စားမှု မရှိသည့် အပြင် လူပျိုပေါက် အရွယ် ဖြစ်လာသောကြောင့် ဟိုဟို သည်သည် လက်တည့် စမ်းတတ်သော အရွယ် ဖြစ်၍ အများအားဖြင့် ကျောင်းစာထက် ပြင်ပ ကိစ္စများကိုသာ ပို၍ စိတ်ဝင်စားသောကြောင့် ကျောင်းစာတွင် တဖြည်းဖြည်း ညံ့ဖျင်းလာခဲ့သည်မှာ အံ့သြစရာတော့ မရှိပါ။

ထို အချိန်တုန်းက ကျွန်တော် ညံ့ဖျင်းခဲ့သော အချိန်များအား ပြန်လည် တွေးတောနေရင်း ကပင် ကျွန်တော့ အလယ်တန်းကျောင်းသားပုံစံ တဖြည်း ဖြည်း ပုံပေါ်လာပါသည်။ ပုဆိုး ချက်ပြုတ် တရွတ်တိုက် ဝတ် ( ခွေးချီးသိမ်းပုဆိုး ဝတ်နည်း ) ၊ ထိုအချိန်က ခေတ်စားခဲ့သော ချစ်ကောင်းကေ ခေါ် ဆံပင် မျက်နှာ တခြမ်း ဖုံး နှင့် စကားပြောလျင် ခေါင်းအား ဆက်ခနဲ့ လည့်၍ ဆံပင် ပင့်တင်ရသည်မှာ အလုပ်တခု ။ ဒီကြားထဲ ဆေးလိပ် ကခိုး သောက်တတ်လာသေး ။

ယခု အချိန် ပြန်တွေးရင်းက ပင် အနှီး Henry Aung ဟူ၍ ဖြစ်လာမည် ဖြစ် သော သကောင့်သား အား " စာညံ့ရတဲ့ အထဲ အနေအထိုင်ကပါ ထောင့် မကျိုး အုံးကွာ ၊ ဆေးလိပ်ခိုးသောက် အုံးကွာ ၊ ခွေးဖြစ်ချင်တဲ့ ကောင် " ဟူ၍ ပြောပြောပြီး နာရင်း ရိုက် ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာရပါတော့သည်။

ဆိုခဲ့သည့် အတိုင်း ကျွန်တော် စာညံ့လွန်း သဖြင့် အတန်းတင်စာမေးပွဲ ဖြေခါ နီးလျင် ကျွန်တော့ အစ်မများ အလုပ်များရပါတော့သည်။ အတန်းတူ ဆွေမျိုးများထံမှ စာအုပ်ငှား၍ စာကူးရခြင်း ၊ ကျွန်တော့ အတွက် စာကျက် ကူရခြင်း ၊ ကျွန်တော် စာရပါပြီဆိုမှ သူတို့ စာ ဖြောင့်ဖြောင့် ကျက်နိုင်ကြပါတော့သည်။

တခါတရံ အစ်မများက " နင်ဒီလောက်စာညံ့တာ အဖေ နဲ့ အမေနဲ့ မွေးထားတာ မဟုတ်လောက်ဘူး ၊ လမ်းဘေး အမှိုက် ပုံထဲက ကောက်ထားတာပဲ ဖြစ်ရမယ် " ဟူ၍ စကားနာထိုးကြပါသည်။ ဟုတ်လည်း ဟုတ်လောက်ပါသည်။ ကျွန်တော့ အစ်မများ နှင့် ညီမလေး တို့မှာ အမြဲတမ်း အဆင့် ၁-၁၀ ဝင်ကြသလို နှစ်တိုင်း A အခန်း မှ မဆင်းကြပါ။

သူတို့ စာတော်ကြသလောက် ကျွန်တော့ မှာဖြင့် တယောက်တည်း ချွန်၍ ညံ့ဖျင်း နေပါတော့သည်။ ကျွန်တော် မည်မျှလောက် ကျောင်းစာတွင် စိတ်မဝင်စားပုံအား ဖေါ်ပြပေးချင်ပါသည်။

ကျွန်တော် ၅ တန်းနှစ်တွင် ကျွန်တော်တို့ အခန်းထဲတွင် ဝက်ရူးပြန်တတ်သော ကျောင်းသား တယောက်ရှိပါသည်။ နာမည်ကို တော့ မမှတ်မိတော့ပါ။ ဆိုခဲ့သည့် အတိုင်း အဆိုပါ ကျောင်းသားမှာ ခဏခဏ ဝက်ရူး ပြန်တတ်သဖြင့် သူ နှင့် ဘယ်သူမှ အတူ မထိုင်လိုကြပါ။ အခြားသူများ ကျောင်းတက်လျင် ရှေ့ဆုံး ခုံတန်းအား ဦးချင်သူ များသလောက် ကျွန်တော်ကတော့ အနောက်ဆုံး ဘယ်သူမှ မထိုင်ချင်သော နေရာတွင်သာ ရွေးထိုင်လေ့ရှိပါသည်။

ဟုတ်ကဲ့။ ပြောခဲ့ပါပြီကော စာမသင်ချင် ၍ ဖျင်းမဲ့ကောင်ပါလို့။ ကျွန်တော်လည်း ထို ဝက်ရူးပြန်တတ်သော ကျောင်းသားနှင့် အတူ နောက်ဆုံး ခုံတွင် လွတ်လွတ်လပ်လပ်ထိုင်ကြပါသည်။

အကြောင်းမှာ ထိုကျောင်းသား ဝက်ရူးပြန်လျင် အခြားသူများ အထိတ်တလန့် ဖြစ်၍ ထွက်ပြေးကြသော်လည်း ကျွန်တော်ကတော့ ထွက်မပြေးပဲ ထိုကျောင်းသား ဝက်ရူးပြန်နေစဉ် လဲ မကျ သွားစေရန် ခုံများ စာပွဲ များဖြင့် မဆောင့် မိစေရန် ထိန်းချုပ်ပေးရပါသည်။

သူဝက်ရူးပြန်သည်မှာလည်း ကြောက်စရာကောင်းပါသည်။ ရင် ခေါင်းထဲမှ တဂီးဂီး နှင့် မြည်လာပြီး တကိုယ်လုံး အကြောဆွဲကာ ဆန့်ငင်ဆန့်ငင် ဖြင့် ပါးစပ် မှ အမြုပ်များ တစီစီ ထွက်ကာ အကြောဆွဲနေလေ့ရှိပါသည်။ တခါတရံ ၅ မိနစ်ခန့်ကြာသော်လည်း တခါတရံတော့ ၁ မိနစ်ခန့်နှင့် ပြီးသွားသည်လည်း ရှိပါသည်။

ကျွန်တော်လည်း ထို ဝက်ရူး ပြန်တတ်သော ကျောင်းသားအား ထိန်းရင်း စာမသင်ချင် သော ညာဏ်နီညာဏ်နက်များက ထွက်လာပါတော့သည်။ အိမ်စာ မလုပ်လာ၍ ရိုက်ခံ ရမည့် အချိန် ၊ အကြောင်းတခုခု ကြောင့် ဆရာမက တတန်းလုံးအား ဆူ နေချိန်မျိုးတွင် ဘေးတွင် ရှိနေသော ဝက်ရူးအား လက်တို့ လိုက်ပါသည်။ သူလည်း နားလည်ပါသည်။ ချက်ချင် တခွီးခွီး နှင့် ဟန် ဆောင် ဝက်ရူး ပြန်ပြ တခန်းလုံး အုပ်အုပ်သဲသဲ နှင့် လန့်ဖြန့် ဟစ်အော်ကြ ။ နာရီဝက်ခန့်ကြာလျင် အားလုံး ပုံမှန် အတိုင်းပြန်ဖြစ်သွားပါတော့သည်။

ဤ နည်းဖြင့် ဆရာမ ရိုက်မည့် ဘေး ၊ အဆူခံရမည့် ဘေးမှ ကျော်လွှားခဲ့ကြပါသည်။ သို့သော် အတန်းတင် စာမေးပွဲ ဖြေသော အခါ ကျွန်တော်က အောင်သွားပြီး ထိုကျောင်းသားကတော့ ၅ တန်းတွင် ကျန်နေခဲ့ပါသည်။ ၆ တန်း နှစ်ရောက်သောအခါ တော့ ငဖျင်း ငပျင်း များ ဖြစ်သော ကျွန်တော်ကဲ့သို့သော ကျောင်းသားများ အကြိုက်တွေ့သော နှစ်ဖြစ်ပါသည်။

ညာဏ်ကြီး ရှင် တိုင်းပြည် အုပ်ချုပ်သူတို့ တီထွင်လိုက်ကြသော ကျောင်းသား အားကစားပွဲ တော် ကျင်းပ ကြသောကြောင့် တနှစ်လုံး ဟုတ်တိပတ်တိ စာသင်လိုက်ရသည်ဟူ၍ မရှိပါ။

မိန်းခလေးများက အက တိုက်ကြ ၊ ဘင်ခရာ အဖွဲ့ဝင်ကြ ၊ အားကစားလေ့ကျင့်ကြ ၊ ကျွန်တော်ကဲ့သို့ ဘယ်နေရာတွင်မှ မထူးချွန်ကြသူများကတော့ ကဒ်ပြားထောင်ရ ( ကဒ်ပြားထောင်၍ စာတန်းဖေါ်ရခြင်း ) ဖြင့် တကျောင်းလုံး အားကစားဖြင့်သာ အလှုပ်ရှုပ်ရသော နှစ် ဖြစ်သဖြင့် စာမသင်ရလေ ကောင်းလေ ဖြစ်နေခဲ့ပါသည်။

ထိုကျောင်းသား အားကစားပွဲ တော် လုပ်ခြင်း ၏ အကျိုးဆက်မှာ တနှစ်လုံး နီးပါး စာဟုတ်တိပါတ်တိ မသင်ရသဖြင့် ၆ တန်းအောင်သွားသော်လည်း ၇ တန်းတွင် ဒုက္ခ ရောက်ကြပါတော့သည်။ ၆ တန်းစာ မကြေခဲ့ သည့် အတွက် ၇ တန်းစာမှာ ၂ ဆတိုးပြီး ခက်ခဲ စေခဲ့ပါသည်။

ဤ သို့ စာမရလေ ၊ ပျင်းလေ ၊ ပျင်းလေ ဖျင်းလေ ဖြင့် ၇ တန်း တနှစ်လုံး မည်ကဲ့သို့ အောင်မြင်ခဲ့သည်ကို ပင် မသိတော့ပါ။ ကျွန်တော် ဆိုသည့်ကောင် မည်မျှ လောက် စာမသင်ချင် ပါသနည်း ဆိုလျင် " ငါတို့ တက်နေတဲ့ ကျောင်းကြီ မီးလောင်သွားရင် ကောင်းမှာ ပဲ ၊ ဒါဆို တနှစ်လုံး စာသင်စရာ မလိုတော့ဘူး " ဟူသော အတွေးမျိုး ဝင်ခဲ့သည် အထိပင် ဖြစ်ပါသည်။ ဟုတ်ကဲ့ ။ ပြောပြီးပါပြီကော ဖျင်းမဲ့ကောင်ပါလို့။

Henry Aung ( Kachin )

08/11/2021 - Monday - 17;52 Pm

H2
H3
H4
3 columns
2 columns
1 column
25 Comments