ကျွန်တော် နှင့် အစိုင်း ( Henry Aung )

111.jpeg

မင်္ဂလာပါ ။ ဤစာစုကလေး သည် ယမန်နေ့က post တွင် ထည့်ရေးရမည် ဖြစ်သော်လည်း စာလေးသွားမည် ထင်သောကြောင့် ဖြုတ်ထားခဲ့ရသော အပိုင်း ဖြစ်ပါသည်။ အခြားမဟုတ်ပါ။ အစိုင်း နှင့်ကျွန်တော် ထို ရာဘာစိုက်ပျိုးရေးစခန်းတွင် အမဲလိုက်ကြသော အကြောင်းများ ဖြစ်ပါသည်။

တကယ်တော့ စာဖတ်သူ မိတ်ဆွေအနေဖြင့် ၁၂ / ၁၃ နှစ်အရွယ် လူငယ်လေး နှစ်ယောက် တောတောင်အတွင်းတို့ အမဲလိုက်ကြသည် ဟုဆိုလျင် ယုံနိုင်ဖွယ်ရာမရှိ။ ကျွန်တော်ကလည်း အမဲလိုက်သည်ဟူသော အသုံးအနှုန်းထက် အကောင်ပလောင် လိုက်ဖမ်းသည်ဟု သုံးလျင် ပိုမှန်မည်ဟု ထင်ပါသည်။

အမဲလိုက်သည်ဆိုသည်မှာ မုဆိုးကြီးများ ဒူးလေး / တူမီး သေနတ်များ သုံးကာ တောဝက် / ချေ / ကျား လိုက်ပစ်ကြသည် ကိုဆိုလိုပါသည်။ ကျွန်တော်တို့ နှစ်ယောက်ကတော့ အသက်အရွယ်အရ ထိုသားကောင်းကြီးများအား မလိုက်နိုင်ပါ။

ကျွန်တော်တို့နှစ်ယောက်ကတော့ ဖွတ် / တောကြက် / ငှက် / တောကြောင် / ချောင်း အတွင်းရှိ ငါး / ပုဇွန် စသည်ကဲ့သို့သော အကောင်သေး များအား သာ လိုက်ဖမ်းနိုင်ပါသည်။

ကျွန်တော်ကိုယ်တိုင်လည်း ငယ်ငယ်က အဘယ့်ကြောင့် သား ငါး ဖမ်းသည့်ဘက်တွင်ဤမျှလောက် ဝါသနာပါသည်ကို တွေးမရခဲ့ပါ။ နံနက် ၄ နာရီ စာထကျက် ရန် စိတ်မပါသော်လည်း နံနက် ၄ နာရီတွင် ချောင်း မြှောင်း အတွင်း၌ ထောင်ထားသော ငါးမြုံး ဖေါ်ရန် အတွက် တော့ အလွန်တက်ကြွပါသည်။

အစိုင်းလည်း ကျွန်တော့ နည်းတူသာ ဖြစ်ပါသည်။ သို့သော် အစိုင်းက ပင်ကို ဖြတ်ထိုးညာဏ် ကောင်းခြင်း ဖြစ်ပါသည်။ မုဆိုး ပညာအား မည်သူမျှ သင်မပေးရပဲ ထောင်ချောက်ဆင်နည်း / ကိုင်း ထောက်နည်း စသည်တို့ကို ကိုယ်တိုင်ပြုလုပ်နိုင်ပါသည်။ ကျွန်တော်က တော့ ထိုမျှလောက် မတတ်ပါ။

ဖား ငါး ဖမ်းသည့်ဘက်သာ ပိုအားသန်ပါသည်။ ကျွန်တော် ငယ်ငယ်က အဘယ့်ကြောင့် ဤမျှ သား ငါး ဖမ်းသည်ကို ဝါသနာပါရကြောင်း ကျွန်တော့ မိခင်အား မေးကြည့်ဘူး ပါသည်။

ကျွန်တော့ မိခင်ပြောပြသည်မှာ သူ့အဖိုး ( ကျွန်တော့မိခင်၏ အဖိုး) သည် ရွာတွင် နာမည်ကြီး မုဆိုးကြီးတယောက် ဖြစ်ကြောင်း ရှင်းပြပါသည်။ အမှန်ဆိုရလျင် ကျွန်တော် သား ငါး ဖမ်းသော ဘက်၌ ထားသော ဝရိယမျိုး တဝက်လောက်သာ ကျောင်းစာဘက်၌ ထားလျင် ဤ အချိန်တွင် ဆရာဝန် / အင်္ဂျင်နီယာ လောက်တော့ ဖြစ်နေမည်ဟု ထင်ပါသည်။

ကျောင်းစာ ညံ့သည်လည်း ခပ်ကောင်းကောင်း ဖြစ်ပါသည်။ စာတော်၍ ဆရာဝန် ဖြစ်သွားလျင် ကျွန်တော်လည်း Hive Platform ပေါ်သို့ ရောက်မလာနိုင်တော့သလို မိတ်ဆွေတို့ဖြင့် သိကျွမ်းခွင့်လည်း ဆုံးရှုံးရမည် ဖြစ်ပါသည်။ @nweoomon ပြောသလို အရာရာ ဟာ ကောင်းဖို့ အတွက် ဖြစ်လာခဲ့ခြင်း ဖြစ်ပါသည်။

ဆိုခဲ့သည့် အတိုင်း ကျွန်တော်နှင့် အစိုင်းသည် ထို စခန်းအတွင်း၌ တလကျော်ကျော် နေခဲ့ရသော အချိန်တွင် အကောင်ပလောင် အတော်များများ ကျွန်တော်တို့ကြောင့် အသက်ပျောက်ခဲ့ရပါသည်။ အစိုင်း၏ မုဆိုး အတတ်ကလည်း တကယ်ပင် ဆရာကျပါသည်။

ငါးမျှား ကြိုး အသုံးပြုကာ တောကြက် ထောင်ချောက် ပြုလုပ်သလို ၊ တော ငှက်ပျောသီး သီး နေသော ( အလွန်ချိုသော်လည်း အစေ့အလွန်များပါသည်။ ) ငှက်ပျောပင်တွေ့လျင် ထိုငှက်ပျော ပင် ပတ်လည်တွင် ဂီတာ နံပတ် ၁ ကြိုး ကိုသုံးကာ ထောင်ချောက်ဆင်ပါသည်။

နောက်တနေ့ သွားကြည့်လျင် ကြောင် ကတိုး သို့မဟုတ် ကြောင်နံ့သာ တကောင်တော့ မိနေမြဲ ဖြစ်ပါသည်။ ကျွန်တော်လည်း အစိုင်းအာ မေးကြည့်ပါသည်။ ထိုအတတ်ပညာများ မည်သူသင်ပေးသည့် အကြောင်း ။

သူကလည်း ပြောပြပါသည် မည်သူမျှ မသင်ပေးပါ သူ့အလိုလို တတ်နေသည်ဟု ဆိုပါသည်။ ဆိုလိုသည်မှာ သူ့အနေဖြင့် ဤသို့သော အကောင်အား မည်သို့ ဖမ်းလျင် ကောင်းမည်နည်းဟု ကြံစည် လိုက်သည်နှင့် နည်းလမ်းများက သူ့အလိုလို ခေါင်းထဲသို့ ​ရောက်လာသည်ဟု ဆိုပါသည်။

ထို့နောက် အစိုင်းတွင် ထူးဆန်းသော အာရုံတခုရှိပါသည်။ ထိုအာရုံမှာ အန္တရာယ်အား ကြိုသိနိုင်ခြင်း ဖြစ်ပါသည်။ သူပြောပြသည်မှာ အန္တရာယ် တခုခု နှင့်ကြုံတော့မည်ဆိုလျင် သူ့ကျောကုန်း တခုလုံးအေးစက်သွားကာ ဟောင်းလောင်းပေါက် ဖြစ်သွားသည်ဟု ခံစားရကြောင်း ပြောပြပါသည်။

ဤသည်မှာ တကယ်ဖြစ်ပါသည်။ တောတောင် အတွင်းရောက်၍ "ဟေ့ရောင် သတိထား ရှေ့မှာ အန္တရာယ် ရှိတယ် " ဟုသတိပေးလိုက်လျင် သေချာပေါက် တခုခု နှင့် တိုးပါသည်။ တောဝက်အုပ်ဖြင့် တိုးမည်လား သို့မဟုတ် အစာအား ညှို့ နေသော စပါးကြီးမြွေဖြင့် တိုးမည်လား တခုခု တော့ သေချာပါသည်။

( သူ၏ အတွေးအခေါ်နှင့် ဖြတ်ထိုးညာဏ် စဉ်းစားသုံသပ်သည့်ညဏ်အား သိလိုလျင် ကျွန်တော်ရေးသားထားသော "အကူအညီ " ဟူသော ဆောင်းပါးအား ဖတ်ကြည့်ပါလေ )

ကျွန်တော်တို့ ထိုစခန်း၌ ရှိနေစဉ် တရက်တွင် အစိုင်းက ကျွန်တော့အား " ဟေ့ရောင်" " မင်းအဲဒီ ထမင်းဟင်း အုပ်တဲ့ ဇကာကုံး ယူခဲ့ " ဟုဆိုကာ သူကတော့ ဂေါ်ပြား တလက်ကိုင်ကာ ရေချိုးသော ချောင်းသို့ ခေါ်သွားပါသည်။

ထိုချောင်း၏ အထက်ဘက်သို့ ၁၅ မိနစ်ခန့် တက်သွားလိုက်သော အခါ သဲပြင် တခုအား တွေ့ရပါသည်။ ကျောက်ဆောင် ကြီးများ ကြားတွင် ၁၀ ပေပတ်လည်ခန့် သဲကြမ်း နှင့် ကျောက်စရစ်ခဲများ ရောနေသော သဲ ပြင်ဖြစ်ပါသည်။ ရေကလည်း ဒူးဆစ်ခန့်သာ နက်ပါသည်။

သူက ကျွန်တော့အား ထိုဒူးဆစ်ခန့် နက်သော ရေထဲတွင် ဇကာကုံး ချခိုင်းကာ သဲကြမ်းများအား ဂါ်ပြားဖြင့် ကော်ကာ ဇကာကုံး အတွင်းသို့ ကော်ထည့်ပါသည်။ ၄ / ၅ ဂေါ်ခန့် ကော်ပြီးသော အခါ ကျွန်တော့ အား ရေနှင့် တိုက်ချခိုင်းပါသည်။

ကျွန်တော်လည်း ဇကာကုံးအား ရေပေါ်တွင် အသာမကာ ဇကာကုံးအား ဘယ်ညာ ယိမ်းကာ သဲများအား တိုက်ချလိုက်ပါသည်။ သဲများ ကုန်သွားသော အခါ ကျောက်စရစ်ခဲများသာ ကျန်ခဲ့ပါသည်။

ကျွန်တော်လည်း အသာမ၍ ကျောက်စရစ်ခဲများအား ဖြဲကြည့် သော အခါ လား လား လက်သန်းခန့် ရှိသော ငါးသလဲထိုးများ ။ ထိုတနေရာတည်းတွင် ငါးသလဲထိုး ၁ ပိသာ ကျော်ကျော်ရလိုက်ပါသည်။

အစိုင်းနှင့် ပတ်သက်၍ ကျွန်တော့တွင်ရေးစရာ အတော်များများ ကျန်ပါသေးသည်။ နှောင်အလျဉ်သင့်လျင် ဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

26/10/2021 - Tuesday - 17;58 Pm

H2
H3
H4
3 columns
2 columns
1 column
20 Comments
Ecency