ကျွန်တော် မလေးရှားသွားခဲ့စဉ်က ( အပိုင်း - ၄ ) (Henry Aung)

111.jpeg

မင်္ဂလာပါ။ ကျွန်တော်၏ မပြီးပြတ်သော မလေးရှား သွားသည့် အကြောင်းအား ဆက်ကြပါအုံးစို့။ အခြား သူငှာများ၏ ခရီးသွား သည့် အကြောင်းဆိုလျင်တော့ ဓါတ်ပုံများ နေရာ ဒေသများ စားသောက်ဖွယ်ရာ များစုံစုံလင်လင် ဖြင့် ဗဟုသုတရဖွယ်ရာ ဖြစ်မည် ဖြစ်သော်လည်း ကျွန်တော် မလေးရှား ခရီးသွားသည့် အကြောင်းများကတော့ အရက် / စီးကရက် များ နှင့် ဒုစရိုက် စော်နံနေသည်ကတော့ သေချာပါသည်။

မိတ်ဆွေတို့ အနေဖြင့် ဤ Mr.Chan ဟူသော သူသည် မြေအောက် လောကသားများ ရှိရာနေရာသာ ခေါ်သွားတတ်ပုံရသည်ဟု ထင်ပါလိမ့်မည်။ မဟုတ်ပါ ။ Mr.Chan စိတ်လိုလက်ရရှိလျင် ကားပတ်စီး၍ KL twin towers / KL Central / Putrajaya အစရှိသော နေရာသို့ လိုက်ပို့တတ်ပါသည်။

ဤ Putrajaya ဟူသော မြို့သစ်မှာ အလွန်သာယာ၍ မလေးရှား အစိုးရ ရုံးစိုက်ရာ မြို့ ဖြစ်ပါသည်။ ၁၉၉၀ ဝန်းကျင်းတွင် ထိုမြို့သစ်အား တည်ဆောက်ထားသည်ဟု ဆိုပါသည်။ မလေးရှား နိုင်ငံ၏ မြို့တော် ကွာလာလမ်ပူ ရှိလျက်နှင့် အဘယ့်ကြောင့် ဤ Putrajaya မြို့သစ်အား ထပ်တည်ရသနည်းဟု Mr.Chan အား မေးကြည့် ဘူးပါသည်။

Mr.Chan အဖြေကတော့ အငေါ်တူးသံ ဖြင့် မလေးရှားက နိုင်ငံရေးသမားတွေ အလုပ်မရှိအကိုင်မရှိ တိုင်းပြည် ဘတ်ဂျက် များ ဘုံးချင်သော ကြောင့် ထိုမြို့သစ် တည်ရခြင်း ဖြစ်သည်ဟု ပြန်ဖြေပါသည်။ မည်သို့ပင် မြို့သစ်တည်၍ အစိုးရ ရုံးစိုက်ရာ မြို့ဖြစ်သော်လည်း မလေးရှား နိုင်ငံ၏ မြို့တော်မှာ ကွာလာလမ်ပူသာ ဖြစ်ပါသည်။

အနီးစပ်ဆုံး ဥပမာ ပြရလျင် မြန်မာပြည်၏ နေပြည်တော် ဖြစ်ပါသည်။ မည်သို့ပင် စည်ကားအောင်လုပ်နေပါစေ မြန်မာနိုင်ငံ၏ မြို့တော်မှာ ရန်ကုန်သာ ဖြစ်ပါသည်။ ဆိုခဲ့သည့် အတိုင်း ဤကဲ့သို့သော လူသိများသည့် နေရာ များမှာ လူတိုင်း သွားကြသည် ဖြစ်၍ ကျွန်တော် စိတ်မဝင်စားပါ။

ကျွန်တော် သွားချင်သည်က လူမသိသူမသိ မကျော်ကြားသော နေရာ တနည်းအားဖြင့် အရိုင်း အတိုင်းရှိနေသော နေရာများ ဖြစ်ပါသည်။ တခါ တွင် Mr.Chan က သူနှင့် ဧည့်ခံပွဲ တခုသို့ လိုက်ခဲ့ရန် ခေါ်ပါသည်။

ဧည့်ခံပွဲ ဆိုတော့ ကျွန်တော်ကလည်း ကျွန်တော့ တွင် Formal ဝတ်စုံပါမလာကြောင်း ပြန်ပြောရပါသည်။ Formal ဝတ်စုံ ဆိုသည်မှာ စတိုင်နှင့် မလိုင်နှင့် ကြောင်လျှာသီး နှင့် ပွဲတက် ဝတ်စုံပြည့် ကို ဆိုလိုပါသည်။ Mr.Chan ကလည်း ကိစ္စမရှိကြောင်း Free Style ဖြင့်လည် သွားလို့ရကြောင်းနှင့် ဧည့်ခံပွဲ မှာ သူ့ သူငယ်ချင်း၏ သား Baby Shower သာ ဖြစ်ကြောင်း ပြောပြပါသည်။

Baby Shower ဆိုသည်မှာ ခလေး မွေးပြီးနောက် တလပြည့် လျင် ခလေးအား ရေမိုးချိုး ပြီး အပြင်လူများ နှင့် မိတ်ဆက်ပေးသော မင်္ဂလာ ဖြစ်ပါသည်။ တတ်နိုင်သူတို့ကတော့ စားပွဲသောက်ပွဲဖြင့် မင်္ဂလာယူကြပါသည်။ ကျွန်တော် တို့ မြန်မာလို ဆိုလျင်တော့ ခလေး ခေါင်းဆေး မင်္ဂလာဟု ခေါ်မည်လား မသိပါ။

ဤသို့ဖြင့် Mr.Chan က လိုက်ခဲ့ဆိုတော့လည်း လိုက်သွားရုံပါ့။ ဧည့်ခံပွဲမှာ Kajang မှ တနာရီ ကျော်ကျာ် ကားမောင်းသွားရသော ငါးကန်များ ရှိသည့် စားသောက်ဆိုင်တွင် ပြုလုပ်ခြင်း ဖြစ်ပါသည်။ ငါးကန် ပေါ်တွင် ဆောက်လုပ်ထားသော စားသောက်ဆိုင် ဖြစ်ကာ အတော်လေး ကြီးပါသည်။

ကန်ရေပြင် ရှိသည့် အခြမ်းဘက်​ တွင် လေသာဆောင် လုပ်ထားကာ အတော်လေးသာသာ ယာယာ ရှိသော စားသောက်ဆိုင် ဖြစ်ပါသည်။ စားသောက်ဆိုင်သို့ ရောက်သော် စားပွဲဝိုင်း ၁၀ ဝိုင်းခန့်သာရှိ၍ လူအယောက် ၅၀ ကျော်လောက်သာ ရှိမည် ဟုထင်ပါသည်။

ကျန်သည့် စားပွဲဝိုင်များ တွင် အခြားသူများအား လည်း မတွေ့ရ သဖြင့် Mr.Chan ၏ သူငယ်ချင်းက ထိုစားသောက်ဆိုင်အား နေ့တဝက် ပုဒ်ပြတ် ယူထားဟန် တူပါသည်။

ဆိုတော့ ကျွန်တော့တို့လည်း ရောက်လာသည်နှင့် ခလေးအား သွားကြည့် ကာ Mr.Chan ၏ သူငယ်ချင်း Mr.Alan အား နှုတ်ဆက် ကြပါသည်။ Mr.Alan မှာ Mr.Chan နှင့် အသက်ရွယ် မတိမ်းမယိမ်း ဖြစ်ကာ သူ့မိန်းမ ( ခလေး အမေ ) ကတော့ အသက် ၂၅ နှစ် အရွယ် ဖြစ်ပါသည်။ ဆိုဖီယာ ဟုခေါ်၍ ဖိလစ်ပိုင် နိုင်ငံသူ ဖြစ်ကြောင်းလည်း သိရပါသည်။ အတော်လေး အသက်ကွာသော လင်မယား ဖြစ်ပါသည်။

ကျွန်တော်တို့လည်း လောကဝတ် ပြုကာ ကျွန်တော်တို့ ထိုင်ရမည့် စားပွဲဝိုင်းသို့ သွားထိုင်နေပါတော့သည်။ Mr.Alan ကတော့ ကျွန်တော့အား လက်ဆွဲနှုတ်ဆက်ကာ ယခုလို သူ့သား၏ Baby shower သို့ စင်္ကပူ မှ တကူးတက လာရောက်ပေးသည့် အတွက် ကျေးဇူးတင်ကြောင်း အစားအသောက် များတွင် မိမိမကြိုက်သည့် အစားအသောက်များ ပါပါက စားဖိုမှုးများအား မိမိစားလိုသည့် အစားအစာ ချက်ခိုင်း နိုင်ကြောင်း နှင့် အရက်နှင့် ဘီယာ မှာ Free Flow ဖြစ်ကြောင်း ရှင်းပြပါသည်။ အရက်နှင့် ဘီယာ Free Flow ဆိုတော့ Henry Aung အမည်ရှိသော စောက်ငတ်ကတော့ ရင်ထဲတွင် ကလိကလိ ဖြစ်သွားပါတော့ သည်။

သို့သော်လည်း သူများ မင်္ဂလာ ယူနေကြသည့် အချိန်ဆိုတော တဖြဲနှစ်ဖြဲ နွားငတ်ရေကျ သောက်၍ မသင့်တော်ပါ။ ထို့ကြောင့် ကောင်တာသို့သွားကာ Johnny Walker Blue Label လေးပက်အား ဘီယာ ဖန်ခွက်တွင် ထည့်ပြီးနောက် ရေခဲတုံ ၃ တုံးခန့် ထည့်ကာ ဒီအတိုင်း တစိမ့်စိမ့် သောက်ပါသည်။

Johnny walker စီးရီးများတွင် Red Label / Black Label / Double Black / Gold Label စသည်ဖြင့် အတော်များများ ရှိရာ Blue Label မှာ ဈေးကြီးသလို အတော်လေး အဝင်ကောင်း သော ဝီစကီ ဖြစ်ပါသည်။ ဒုတိယ ကြိုက်သည်ကတော့ Chevas ဖြစ်ပါသည်။

ယခု မြန်မာပြည် ပြန်ရောက်ပြီး နောက်တော့ Chevas မပြောနှင့် " ဇေ " တောင် နှပ်မမှန်တော့ပါ။ ရှိစေတော့။ ထိုနေ့က ထိုစားသောက်ဆိုင်တွင် ကျွေးသော အစားအသောက်များထဲတွင် ကျွန်တော်မှတ်မိသည်ကတော့ ငါးမန်းတောင် ဟင်းချိုနှင့် နှင့် တလသား သာသာ ရှိသော ဝက်ပေါက်လေးအား ကောင်လုံး ကင်ထားသော ဝက်ကင်ဖြစ်ပါသည်။

ထို့နောက် Mr.Chan မှာ ခလေးအတွက်ယူလာသော အန်ပေါင်း မပေးရသေးဟု ဆိုကာ ကျွန်တော့အား အန်ပေါင်း သွားပေးခိုင်းပါသည်။ ကျွန်တော်လည်း ဆိုဖီယာနှင့် ခလေးလေး ရှိရာသို့ သွားကာ အန်ပေါင်းပေးပြီး ဆိုဖီယာဖြင့် စကားစမြည်းပြောနေပါတော့သည်။

ထိုအချိန်က ကျွန်တော့ အနေဖြင့် သူငယ်ချင်းများနှင့် ဖိလစ်ပိုင် နိုင်ငံရှိ Cebu ဟူသော ကမ်းခြေမြို့လေးသို့ သွားရောက်လည်ပတ်ရန် ပြင်ဆင်နေချိန်ဖြစ်ပါသည်။ ကျွန်တော်လည်း Cebu သို့ အလည်သွားမည့် အကြောင်း ပြောပြရာ ဆိုဖီယာမှ ဝမ်းသာအာရဖြင့် သူလည်း Cebu မြို့သူ ဖြစ်ကြောင်း ၊ Cebu မည်သို့ သာယာကြောင်း ၊ ဘယ်ဟော်တယ်တွင် တည်းသင့်ကြောင့် စသည်ဖြင့် ကျွန်တော်နှင့် ၁၅ မိနစ်ခန့် စကား ကောင်းနေပါတော့သည်။

ထို့နောက် Mr.Chan လည်း စကားဝိုင်းသို့ ဝင်လာကာ စကားပြောပြီးနောက် Henry ဆေးလိပ်သွားသောက်ရအောင်ဟူ၍ ကျွန်တော့ အားခေါ်ထုတ်သွားပါတော့သည်။ ဆေးလိပ်သောက်နေစဉ် Mr.Chan က “ Henry တကယ်လို့ ငါတို့စားသောက်နေတုန်း ရုတ်ရုတ် ရုတ်ရုတ် ဖြစ်လာရင် မင်းအသာလေး အိမ်သာ ဖက်ကနေ ကားရပ်ထားတဲ့ နေရာဆီရောက်အောင် သွားပြီး မင်းငါ့ကားနဲ့ ပြန်နှင့် " ဟုပြောပြီး သူ့ကားသော့ ထုတ်ပေးပါသည်။

ထို့နောက် Mr.Chan က ဆက်၍ " မင်းကားမောင်းပြန်ရင် လာခဲ့တဲ့ လမ်းအတိုင်း မပြန်နဲ့ ဒီရှေ့တည့်တည့် ဆက်မောင်းသွားရင် မင်းကြက်ခြံတွေ တွေ့လိမ့်မယ် ဆက်သွားပြီး လမ်ဆုံတွေ့တာနဲ့ ဘယ်ချိုးလိုက် အဲဒါဆို ဟိုင်းဝေး လမ်းပေါ်ရောက်ပြီ " ဟု ပြန်ပြောပါသည်။ Mr.Chan က ဆက်ပြီး " တကယ်လို့ ည ၁၂ ထိုးလို့မှ ငါ အိမ်ပြန်မရောက်ဘူးဆိုရင် မင်း နီးစပ်ရာ ရဲစခန်းသွားပြီး ဖြစ်ကြောင်းကုန်စင် သွားပြောပြ " ဟူ ၍ထပ်မှာပါလေတော့သည်။

ကျွန်တော်လည်း မလေးရှားတွင် အခေါက်ခေါက်အခါခါ ကားမောင်းနေသည် ဖြစ်ရာ မြို့နေရာဒေသ မသိသော်လည်း ဟိုင်းဝေး ရောက်ပြီဆိုလျင်တော့ Mr.Chan အိမ်သို့ ရောက်အောင် မောင်းပြန်တတ်ပါသည်။ ကျွန်တော်လည်း Mr.Chan အား စေဒက မတက်ဝံ့ပါ။ အဘယ့် ကြောင့်ဆိုသော် သူက မျက်နှာထား တည်တည် ဖြင့် ပြောနေသော ကြောင့် ဖြစ်ပါသည်။ ပြန်လည်း မမေးဝံ့။ သူပြောသည့် အတိုင်း လိုက်နာရုံသာ။

ထို့ နောက် ကျွန်တော်တို့လည်း စားသောက်ဝိုင်းသို့ ပြန်လာပြီး စားလိုက်သောက်လိုက် ဟန် မပျက် စကားပြောလိုက်ဖြင့်။ ကျွန်တော်လည်း Mr.Chan အလကား နေရင်းတော့ သတိမပေးတန်ရာ ဟူ၍ မသိမသာ လှည့် အကဲခတ်လိုက်တော့ စားပွဲဝိုင်းတိုင်းတွင် ထိုင်၍ သောက်စားနေသူ တို့သည် အားလုံး ယောကျ်ား သားများသာ တွေ့ရပါသည်။

ဤ လူ အယောက် ၅၀ ဝန်းကျင်တွင် အမျိုးသမီးဟူ၍ ခလေးအမေ ဆိုဖီယာ တယောက်သာ ရှိပါသည်။ ထိုအခါ မှ ကျွန်တော် တဖြည်းဖြည်း သဘော ပေါက်လာပါသည်။ အချို့ဝိုင်းတွင် ထိုင်နေကြသူတို့မှာ ဇိုး သမား ရုပ်နှင့် အချို့က တက်တူးတွေနှင့်။ ဒီလောက်ဆိုရင် ကျွန်တော်လည်း သဘောပေါက်လိုက်ပါသည်။

ဤ ပွဲသည် သာမန် Baby Shower မဟုတ်နိုင် ။ ဇိုးခေါင်း ဆောင်က သူ့နောက်လိုက်များအား နောက်ထပ် ဇိုး ပေါက်စလေး အား မိတ်ဆက်သည့်သဘော။ တနည်းပြောရလျင်တော့ " နင်တို့ကြည့်ထား ဒါ နောက်တက်မဲ့ဘုရင် ... အခု အိမ်ရှေ့မင်းသား "

ဆက်လက်ဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

13/11/2021 - Saturday - 18;46 Pm

H2
H3
H4
3 columns
2 columns
1 column
25 Comments
Ecency