ကျွန်တော်၏ တရက်တာဒုက္ခ ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ယနေ့ကတော့ ကျွန်တော့အနေဖြင့် တရက်သာ ရောက်ခဲ့ရတဲ့ ငရဲခန်း အကြောင်း ဖေါ်ပြပေးမည် ဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့် ၂၀၂၂ တွင် ဘန်ကောက်သို့ သွားစရာ ခရီစဉ်တခု ရှိထားပါသည်။ အမှန်တော့ Passport ရှိထားလျင် ယခုလည်း သွား၍တော့ရပါသည်။ သို့သော် ကျွန်တော့ Passport မှာ သက်တမ်း ကုန်နေသည်မှာ ၈ လကျော်ရှိနေပြီ ဖြစ်ပါသည်။

သွားတိုးမည်ဟုစဉ်စားလိုက်တိုင်း နာနတ်သီးရန် ကြောက်ကာ သွား မတိုးဖြစ်ခဲ့။ တနေ့ကတော့ အမျိုးသမီး ဖြစ်သူမှ Passport သက်တမ်း သွားတိုးထားရန်နှင့် တော်ကြာ အကြောင်း အမျိုးမျိုးကြောင့် passport သက်တမ်း မတိုးပေးတော့ ပါ passport ထုတ်မပေးတော့ပါဆိုလျင် ခက်လိမ့်မည် ဆိုသော ကြောင့် passport သက်တမ်း တိုးရန် အကြောင်း ဖန်လာပါတော့သည်။

ဆိုတော့ ယခင် အစိုးရကာလ တုန်းကတော့ passport အသစ်လုပ်ရာတွင်လည်းကောင်း သက်တမ်း တိုးရာတွင် လည်းကောင်း အလွန်လွယ်ကူပါသည်။ ကျွန်တော့ မိဘများ ပြည်ပအလည် အပတ် ခရီးထွက်ရန် အတွက် passport အား လဝက ရုံးသို့ သွားစရာမလိုပါ။ လဝက ရုံးမှ အိမ်တိုင်ရာရောက် လာ၍ ဝန်ဆောင်မှု ပေးခဲ့ကြပါသည်။

ယခုတော့ ကျောက်ခေတ် ပြန်ရောက်နေချိန် ဆိုတော့ ဤမျှ လွယ်ကူလိမ့်မည်မဟုတ်ဟု ထင်ထားသော ကြောင့် Agent နှင့် ဆက်သွယ်ပြီး သက်တမ်းတိုးရန် လုပ်ဆောင်ရပါသည်။ ကျွန်တော်ကလည်း အပြတ်ပြောထားရပါသည်။ တန်းစီသည့် အလုပ်မလုပ်ချင်သော ကြောင့် Agent အပ်သည် တောင်းသလောက်ပေးမည် စာရွက်စာတန်း အားလုံးပို့ထားပေးမည် မည်သည့် နေရာမျှ မတန်းစီ လိုပါဟု။

Agent လုပ်သူကောင်လေး ( သူကိုယ်တိုင်ကတော့ Agent မဟုတ်အောက်ခြေသိမ်း လုပ်ပေးရသူဟုထင်ပါသည် ) ကလည်း စာရွက်စာတမ်း အားလုံး သူလုပ်ဆောင်ပေးမည် သို့သော် လက်ဗွေနှိပ်ရန် / ဓါတ်ပုံ ရိုက်ရန် ကတော့ လူကိုယ်တိုင်လာမှ ဖြစ်မည် ဆိုတော့။ ဒါကလည်း သဘာဝကျပါသည်။ ဓါတ်ပုံရိုက်သည်က အစားထိုး ရိုက်၍ မှမဖြစ်သည်ကိုး။

ဤသို့ဖြင့် Agent ကောင်လေးမှ ဖုန်းဆက်လာပါသည်။ " အစ်ကို မနက်ဖြန် စာအုပ်လုပ်မယ် ပုံစံ ၁၀ / မှတ်ပုံတင် / passport စာအုပ် မူရင်း ယူလာခဲ့ပါ " ဟု အကြောင်းကြားလာပါသည်။ ရသည်ပေါ့။ မနက် ၇ နာရီ ထိုးအရောက်လာရန် ပန်ကြားသည့် အတွက် ၇ နာရီထိုး အရောက်သွားခဲ့ပါသည်။ တွေ့ပါလေပြီ လူပင်လယ်ကြီး။

ကျွန်တော်ကလည်း ကိုယ့်အကြောင်းကိုသိ၍ အိမ်သာ တက်ချင်မည် စိုးသောကြောင့် နံနက်စာလည်း စားမသွားခဲ့ပါ။ ဆိုတော့ သူ့လူ ကိုယ့်လူ ဖုန်းဆက်ခေါ်၍ လူစုကြ အသီးသီးနေရာယူကြပေါ့။ လဝက ရုံးမှာ စက်မှု (၁) လမ်းမပေါ်တွင် ရှိပြီး ဗဟိုဘဏ်၏ အရှေ့ဘက်တွင်ရှိပါသည်။

ဤ စက်မှု(၁) လမ်းမကြီးအား ဗဟိုဘဏ် မရောက်မှီ ကိုက် ၁၀၀၀ ခန့်အကွာတွင် လမ်းပိတ်ထား၍ ရဲကင်းများလည်း ချထားပါသည်။ ဤလဝကရုံး သို့ ရောက်ရန် ပထမရဲကင်း တွင် တန်းစီ၍ အစစ်ခံရမည် ဖြစ်ပါသည်။ မည်သည့် အိတ်မျှ ယူဆောင်ခွင့်မရှိ ၊ power bank ယူဆောင်ခွင့်မရှိ ၊ tablet phone ယူဆောင်ခွင့်မရှိ ၊ ဆေးလိပ် ၊ မီးချစ် ၊ ကွမ်းယာ ယူဆောင်ခွင့်မရှိ။

ဤပထမ ရဲကင်း၏ အစစ်ခံပုံအား အနည်းငယ် ဖေါ်ပြပေးချင်ပါသည်။ Agent ပေါင်း များစွာမှ passport လာလျှောက်သူ ထောင်ပေါင်းများစွာရှိရာတွင် ယောကျားလေး အယောက် ၂၀၀ မိန်းခလေး အယောက်၂၀၀ အလျင် ပထမစည်း အတွင်းသို့ ပေးဝင်ပါသည်။ ပထမစည်း မရောက်ခင် အပြင်စည်းကတော့ သံဆူးကြိုး ကာထားပါသည်။

ဤ ပထစည်း ရောက်သူ အယောက် ၄၀၀ ကလည်း မတ်တပ်ရပ်နေ၍ မရပါ။ ၅ ယောက်တတွဲ ပုံစံ ထိုင်နေရပါသည်။ ပုံစံ မထိုင်ချင်လျင် ကတ္တရာ လမ်းမပေါ် ဖင်ချထိုင်ရုံသာ ရှိပါသည်။ ဤသို့ဖြင့် ၅ ယောက်တတွဲ ရဲကင်းတွင် အစစ်ခံ ထို့နောက် ကိုက် ၁၀၀၀ ခန်းဝေးသော လဝက ရုံးသို့ ခြေကျင်လျှောက်သွားရပါသည်။

ကျွန်တော်လည်း တင်းသွားပါသည်။ Agent ကောင်လေးအား " ငါဒီလို တန်းမစီချင်လို့ Agent အပ်တာလေ " ဟု စောဒကတက်ပါသည်။ Agent ကောင်လေးကလည်း ကျွန်တော့အား တောင်းပန်ကာ " ဟုတ်တယ် အစ်ကို သူတို့ကရဲတွေ..... လဝက နဲ့ မဆိုင်ဘူး ၊ အစ်ကို မြင်တဲ့ အတိုင်းပဲ ဘယ် Agent က လူဖြစ်ဖြစ် အကုန် အဲသလို ထိုင်ပြီး အစစ်ခံရတာ၊ ဘယ်သူမှ မလွတ်ဘူး ... သူတို့ကို ကျော်လို့လဲမရဘူး " ဟူ၍ ရှင်းပြပါသည်။

ဟုတ်တော့လည်း ဟုတ်ပါသည်။ အချို့ အိမ်စီးကားဖြင့် လာကြသည့် အမျိုးသမီးများက စကတ်တိုတိုများ ဝတ်လာကြတော့ လမ်းမပေါ် ဤသို့ ပုံစံထိုင်ရန် မည်သို့မျှ မဖြစ်နိုင်သောကြောင့် ထိုနေရာမှပင်လည့် ပြန်သွားကြပါသည်။ ကျွန်တော်ကလည်း ရောက်လာပြီ ဆိုတော့ အပြီးလုပ်သွားလိုက်မည်ဟုဆိုကာ စိတ်တင်းထားရပါသည်။

Agent ကောင်လေးက တော့ ရှင်းပြပါသည်။ passport လာလုပ်သူ အလွန်များလာသည့် အတွက် ဤသို့ ဖြစ်သွားရကြောင်း အခြားတဖက်သော ဝင်ပေါက်ဖြစ်သည့် ကိုယ်တိုင် လျှောက်သူများဘက် ဆိုလျင် ဤထက်ပိုများကြောင်း မူးလည်သူ များပင် ရှိကြောင်း ရှင်းပြပါသည်။

ကျွန်တော့ ဘေးမှ ညီလေး တယောက်ကလည်း "ဟုတ်တယ် အစ်ကို ကျွန်တော် ကိုယ့်ကိုကိုယ်လျှောက်တာ လဝက က အသေရစ်တာ။ မှတ်ပုံတင် မွဲနေလို့ အသစ်လုပ်ခိုင်း / သန်းခေါင်စာရင်း မွဲနေလို့ အသစ်လဲခိုင်း နဲ့ ကျွန်တော်လည်း မခံနိုင်တော့လို့ Agent အပ်လိုက်တာ " ဟူ၍ Agent ကောင်လေးဘက်မှ ထောက်ခံနေပါတော့သည်။

ကျွန်တော့အထင် Agent လုပ်သည့်ဘက် သူတို့ အခေါ် Public အပေါက်မှ ဝင်သူ အယောက် ၃၀၀၀ ကျော် ခန့်တော့ရှိမည်ဟု ထင်ပါသည်။ ဤသို့ဖြင့် နံနက် ၉ နာရီ ထိုးမှ ပထမစည်း အတွင်းသို့ဝင် နာရီဝက်ခန့် ပုံစံထိုင် ပြီး မှ စစ်ဆေးရေး ဂိတ်အား ကျော်ဖြတ်ခဲ့ပါသည်။

လဝက ရုံးသို့ လမ်းလျှောက်သွား ထပ်တန်းစီရပါသည်။ အဘယ့်ကြောင့်ဆိုသော် ရုံး အတွင်း လူများလွန်းသော ကြောင့် ရုံးဝင်ပေါက်တွင် နောက် ထပ် ၁ နာရီ နေပူထဲတွင် ထပ်တန်းစီနေရပါသည်။ နံနက် ၁၀ နာရီကျော် မှ ရုံးထဲရောက်ပါသည်။

ရုံးထဲတွင်း လဝက စာရွက်စာတမ်း စစ်ဆေးသည့် ကောင်တာ ၁၂ ခုရှိပါသည်။ ကောင်တာ တိုင်း၏ ရှေ့တွင် လူတန်းရှည်က စောင့်ကြိုနေပါတော့သည်။ ဆိုတော့ ကျွန်တော်လည်း ရုံးထဲရောက်ပြီး ကောင်တာ နံပတ် ၂ တွင် တန်းစီရပါသည်။ ကျွန်တော့ရှေ့တွင် လူ အယောက် ၄၀ ခန့်ရှိနေပါသေးသည်။

ဤ အချိန်တွင် လဝက အရာရှိမှ တန်းစီနေသူတွေ အားလုံးထိုင်ကြပါ ထိုင်ကြပါ ဟု အော်ပါလေတော့သည်။ ထိုင်ဆိုတော့လည်း နောက်တကြိမ် တမံတလင်း ပေါ်သို့ ထိုင်ချလိုက်သည်ပေါ့။ ထို့နောက် လဝက စစ်ဆေးရေး အရာရှိကြီးများ လုံးဝ ရပ်သွားပါတော့သည်။ မည်သူ့ကိုမျှ မစစ်ဆေးပေးတော့ပါ။

ကျွန်တော်လည်း Agent အား မေးရသည်ပေါ့။ ငွေသွင်းကောင်တာတွင် ဘဏ်မှ Computer Error ပြသွားသဖြင့် ငွေသွင်း ကောင်တာ တွင်လူ များလွန်းသောသော လဝက အဝင်တွင် ပိတ်ချထားလိုက်ခြင်း ဖြစ်ပါသည်။ အဘယ့်ကြောင့် ဆိုသော် ဤ လဝက ကောင်တာတွင် မှတ်ပုံတင် မူရင်း / သန်းခေါင်စာရင်း မူရင်း / မျက်နှာ သွင်ပြင် အမှတ်အသား များ စစ်ဆေးပြီးမှ တဆိပ်တုံးထုကာ ဘက်ငွေသွင်းရန် ချလန် ဖြတ်ပိုင်းထုတ်ပေးခြင်း ဖြစ်ပါသည်။

ယခု ဘဏ်က ကွန်ပြူတာ Error ပြသည်ဆိုတော့ ၊ သူ့ မေကလွှား တဲ့မှပဲ။ နေ့လည် ၁၂ နာရီ ကျော်အထိ ငုတ်တုတ် ထိုင်နေရပါသည်။ ထိုအချိန်ထိ ကျွန်တော် အစားတလုပ် ရေတပေါက် မှ မသောက်ရသေးပါ။ နေ့လည် ၁ နာရီကျော် မှ ဘဏ်ငွေသွင်း ချလံ ရပါသည်။

Agent ကောင်လေးကလည်း ချလံဖြတ်ပိုင်း လေးယူကာ ကျွန်တော့ ကိုယ်စား ငွေသွားသွင်းပေးပါသည်။ ဘဏ်ငွေသွင်းပြီးမှ ဓါတ်ပုံ ရိုက်ရန် ဖြတ်ပိုင်း ထုတ်ပေးခြင်း ဖြစ်ပါသည်။ ဆိုတော့ ဖြတ်ပိုင်းကိုင်ကာ အပေါ်ထပ် ဓါတ်ပုံ ရိုက်သည့်နေရာတွင် ထပ်မံ တန်းစီရပြန်ပါပြီ။ ကိုယ်စား ဓါတ်ပုံရိုက်၍ မရသည်ကိုး။ ဆိုတော့ တန်းစီရပြန်သည်ပေါ့။

ဓါတ်ပုံရိုက်သည့် အဆင့်သည် နောက်ဆုံး စစ်ဆေးခြင်း ဖြစ်ပါသည်။ တယောက်က စာရွက်စာတမ်း စစ်ဆေးသလို အခြားတယောက်က လက်ဗွေ/ eye scan / လက်မှတ် ထိုး စသည်တို့ အားလုံးပြီးမှ ဓါတ်ပုံရိုက်ခြင်း ဖြစ်ပါသည်။ တယောက်လျင် အနည်းဆုံး ၁၀ မိနစ် ခန့်ကြာပါသည်။

ကျွန်တော့ ရှေ့မှ ညီလေးတယောက်ကတော့ Passport ပျောက်ဆုံး၍ အသစ်လျှောက်ခြင်း ဖြစ်ပါသည်။ ဤ ဓါတ်ပုံရိုက်သည့် အဆင့်တွင် လှည့်ပြန်သွားရပါသည်။ အကြောင်းမှာ passport ပျောက်ဆုံးကြောင်း သတင်းစာတွင် ကြေညာ ထည့်ထားသည့် ဖြတ်ပိုင်း မပါလာသော ကြောင့် ဖြစ်ပါသည်။

ကျွန်တော် လည်း ဓါတ်ပုံရိုက်သည့် ကိစ္စတွင် အဆင်ပြေစွာ ပြီးဆုံးခဲ့ပါသည်။ ညနေ နှစ်နာရီလည်း ခွဲသွားပြီ ဖြစ်ပါသည်။ ကျွန်တော် ပြောချင်သည်မှာ အရင်လို အဆင်ပြေပြေ လွယ်လွယ်ကူကူ နှင့် မရတော့ပါ။ ကျွန်တော်တို့ ၂၀၀၀ ခုနှစ် ဝန်းကျင် ပြန်ရောက်သွားပြီ ဖြစ်ပါသည်။

Henry Aung ( Kachin )

23/12/2021 - Thursday - 18;45 Pm

H2
H3
H4
3 columns
2 columns
1 column
36 Comments
Ecency