Hive နှင့် ကျွန်တော်တို့၏ မှောင်မိုက်သော နေ့ရက်များ ( Henry Aung )

001.jpeg

မင်္ဂလာပါ။ မနေ့ကတော့ Free Cryptocurrency အကြောင်းရေးလိုက်သောကြောင့်လားမသိ ယနေ့ကတော့ BTC 38000$ အထက်သို့ တက်လာသည်ကို တွေ့ရပါသည်။ ကျွန်တော့အား အရွဲ့တိုက်နေသည်လားမသိ။ ရှိစေတော့။

BTC ဈေးတက်လာခြင်းနှင့် အတူ အခြားသော Coin / token များကလည်း တအိအိ လိုက်တက်လာနေပါသည်။ ကျွန်တော်တို့ Hive သည်ပင်လျင် 0.33$ တို့ မသိမသာ ကပ်လာသည်ကို တွေ့နေရပါသည်။ Hive ကတော့ အထနှေးပါသည်။ အခြားသော Cryptocurrency များလို ဝုန်းဒိုင်း ခုန်တက်သွားသည့် အမျိုးအစားထဲတွင် မပါဝင်ပါ။

ဝုန်းဒိုင်းသာ ခုန်မတက်တတ်သည် အခြားသူငှာ cryptocurrency များ ဒလိမ့်ထိုး ကျဆင်းလာလျင်တော့ သူလည်း ဂျွမ်းထိုး လိမ့်ဆင်းလာတတ်ပါသည်။ ယခုလည်း အတက်နည်းနည်းပြကာ ဘယ်အချိန် အသည်းခွဲအုံးမည် မသိသေး။ ရှိစေတော့။

ကျွန်တော့ အနေဖြင့် Cryptocurrency အားအပိုဝင်ငွေ ရလမ်း တခုအနေဖြင့်သာ သဘောထားနေခဲ့သည်ဖြစ်ရာ ယခုကဲ့သို့ မိမိပိုင်ဆိုင်ထားသော Cryptocurrency သည် အားကိုးရာ တခုဖြစ်လာလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း မရှိရိုးအမှန်ပင် ဖြစ်ပါသည်။

အချိန်ကာလ ၊ အဖြစ်အပျက် များ၏ စကားပြောခြင်းသည် မိမိ ဘဝရှေ့ရေး ၊ အနာဂတ်ကာလ အတွက် များစွာ ဂယက်ရိုက် နိုင်ကြောင်းကို ယခုလက်တွေ့ကြုံရမှ ထဲထဲဝင်ဝင် နားလည်လာပါတော့သည်။

အခြားနိုင်ငံသားများက မိမိတို့ရှေ့ရေးအတွက် နိုင်ငံအားကိုး အစိုးရအားကိုးဖြင့် ရှေ့ဆက်သွားနေချိန်တွင် ကျွန်တော်တို့က ယနေ့ မိမိ အသက်မသေဖို့ ပို၍ အရေးကြီးနေပါသည်။ ရပ်ဝေးမှ ဆွေမျိုးသားခြင်း မိတ်ဆွေသူငယ်ချင်း များဖြင့် ဖုန်းပြောဖြစ်လျင် မည်သူမှ အလိုက်တသိ စီးပွားရေး အကြောင်း မမေးကြသလို မပြောကြတော့ပါ။

အားလုံး သိပြီးသားမို့ လူတိုင်း မိမိထက်ပို၍ ခက်ခဲနေသည်သာ ဖြစ်ပါသည်။ အထူးတလည်ပြောကြသော စကားမှာ ကျန်းမာစွာနေရန် နှင့် နေ့စဉ် အသက်ရှင်သန် နေရန်သာ သတိပေးဖြစ်ကြပါသည်။ မှန်ပါသည် ။ ဥစ္စာပစ္စည်းဟူသည်မှာ အသက်ရှင်နေသေးသ၍ ရှာဖွေနေကြရအုံးမည် ဖြစ်ပါသည်။

အရေးကြီးသည်မှာ မိမိကျန်းကျန်းမာမာဖြင့် အသက်ရှင် နေရန်သာ ဖြစ်ပါသည်။ ယခု အချိန်ကဲ့သို့သော ကာလမျိုးတွင် ခေတ်ပျက်သူဌေး ဖြစ်ရန်အတွက် မသမာ စီးပွားရှာနေသူများအားလည်း အလွန်အံ့ဩမိပါသည်။ အောက်စီဂျင် အိုးများ လိမ်ရောင်းကြသည့်အကြောင်း ၊ ဆေးဝါးများ ဈေးမတရား တင်ရောင်းကြသည့် အကြောင်း ။

အထူးသဖြင့် မိမိလောဘအတွက် လူသားတို့၏ အသက်အားချနင်း ဝံ့သူများမှာ အလွန်ပင် လူမဆန်ကြသူများ ဖြစ်ပါသည်။ ရှိစေတော့ ။ Cryptocurrency အကြောင်းမှ ချောတောငေါ့သွားသည်မှာ Cryptocurrency အကြောင်း ပြန်ဆက်ကြပါအုံးစို့။

အမှန်ဆိုရလျင် ယခုလို အချိန်ဖြစ်သော အပြင်လည်း ထွက်မရ ၊ စီးပွားရေး လည်းလုပ်မရ ဟူသော အချိန်တွင် ကျွန်တော်တို့ လက်အတွင်း၌ Hive platform တခုရှိနေသည်မှာ ကျွန်တော်တို့ အတွက် အားဆေးတခွက်ပင် ဖြစ်ပါသည်။ ကျွန်တော့တွင် လုံလောက်သော HP မရှိထားခြင်းအတွက်လည်း အားမလိုအားမရ ဖြစ်မိပါသည်။

ဟိုတချိန် Steemit ခေတ်ကောင်းခဲ့ စဉ်က ကဲ့သို့ တရက်လျင် 5$ လောက်စာရေးခြင်းမှ ရှာဖွေနိုင်လျင် ဤအချိန်တွင် အလွန်အကျိုးများမည် ဖြစ်ပါသည်။ သို့သော် အကြောင်းကြောင်းကြောင့် ဟုသာဆိုရပါလိမ့်မည်။ ကျွန်တော်တို့ ယခုအချိန်တွင် အရနည်းကြသော်လည်း လုံဝ မရသည်ထက်စာလျင် အနည်းငယ် ခံသာပါသေးသည်ဟု ဆိုနိုင်ပါသည်။

ထို့ကြောင့် မိတ်ဆွေတို့ အနေဖြင့်လည်း ဤ စိတ်ပျက် အားလျော့ ဝမ်းနည်းဖွယ်ရာ ကာလအား အကျိုးရှိရှိ လွန်မြောက်နိုင်စေရန် အတွက် Hive platform အား အသုံးချကာ Cryptocurrency များ အရယူကြပါမည့် အကြောင်း နှိုးဆော်လိုက်ရပါသည်။

Henry Aung ( Kachin )

26/07/2021 - Monday - 15;24 Pm

H2
H3
H4
3 columns
2 columns
1 column
24 Comments
Ecency