ဒီဇင်ဘာအလွမ်း ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ရန်ကုန် ဆောင်း၏ အရသာကတော့ အနည်းငယ်ချမ်းသယောင်ယောင် ထင်ရပါသည်။ နံနက်ပိုင်းကတော့ အအေးပိုလာပြီ ဖြစ်ပါသည်။ အခါတိုင်းလို နံနက်စောစောထ ရေမိုးချိုး လုပ်၍ မရတော့ပါ။

ရေချိုးချင်လျင် နေ့လည် ၁၁ နာရီ / ၁၂ နာရီ လောက်တွင် ချိုးရပါသည်။ အိမ်တွင်း အုတ်ကန် ဆိုတော့ ရေမှာ စိမ့် နေအောင် အေးပါသည်။ ဘာပဲဖြစ်ဖြစ် ဒီဇင်ဘာလ၏ အရသာတော့ အနည်းငယ် ခံစားရသယောင်။

ယမန်နှစ်ကတော့ Covid နှိပ်စက်သသည့် တိုင် အိမ်တွင် ခရစ်စမတ် မီးအလှဆင်ခြင်း / ခရစ်စမတ်အတွက် အိမ်တွင်း အလှအပပြင် ဆင်ခြင်း များပြုလုပ်နိုင်သော်လည်း ယခုနှစ်က​ တော့ ကျွန်တော်တို့ ရိုမန် ကက်သလစ် အသင်းတော်မှ အိမ်တွင်း အလှအပပြင် ဆင်ခြင်းနှင့် ပျော်ပွဲရွှင်ပွဲ ပြုလုပ်ခြင်းမလုပ်ကြပါရန် တားမြစ်ထားပါသည်။

ချမ်းအေးလှသော ဒီဇင်ဘာတွင် ပြည်သူ အတော်များများ တောတောင်များတွင် စစ်ဘေးရှောင်နေကြသည်ဖြစ်ရာ စားစရာမရှိ / နေစရာ မရှိရသည့် အထဲ အရိုးကွဲအောင် အေးသည့် ဆောင်းရာသီက ထပ်မံ နှိပ်စက်နေချိန် ကျွန်တော်တို့ ပျော်ရွှင်နေ၍ မဖြစ်ပါ။

အမှန်တော့ ဤ ဒီဇင်ဘာရောက်တိုင်း အိမ်ပြန်စရာ မရှိသော / မပြန်နိုင်သေးသော / မိသားစု နှင့် ဝေးကွာနေရသူတိုင်း အား ကျွန်တော် ကိုယ်ချင်းစာပါသည်။ ဒီဇင်ဘာသည် မိသားစု စုံစုံလင်လင် / မိတ်ဆွေသူငယ်ချင်း များဖြင့် ပျော်ရွှင်စွာ ဖြတ်သန်းရမည့် အချိန်အခါ ဖြစ်ပါသည်။

ကျွန်တော်တို့ ငယ်စဉ်ကတော့ မိသားစု နံနက်စောစော မီးပုံဘေးတွင် မီးလှုံရင်း ခေါပုတ်ကင်စားကြ / ကော်ဖီသောက်ကြ အေးချမ်းလွန်းလှသဖြင့် တယောက်နှင့်တယောက် ပူးပူးကပ်ကပ် နေကြရသည့် အချိန်များ ဖြစ်ပါသည်။ ယခုလည်း တောထဲတောင်ထဲတွင် ဒုက္ခရောက်နေကြသူများ / အချို့ကလည်း ယုံကြည်ရာအတွက် တောထဲရောက်ကြသူများအား ကိုယ်ချင်းစာမိပါသည်။

ကျွန်တော်ကိုယ်တိုင်လည်း မိသားစုနှင့် ဝေးကွာ၍ စင်္ကပူ တွင် အလုပ်လုပ်နေရချိန်၌ ဒီဇင်ဘာရောက်မှာကို အလွန်စိုးရိမ်ပါသည်။ အဘယ့်ကြောင့် ဆိုသော် မိသားစုနှင့် ဝေးကွာနေရသူအဖို့ ခရစ်စမတ်တေးသံသည် ငိုချင်း ဖြစ်ပါသည်။

အများအား ဖြင့် ခရစ်စမတ်ရောက်တိုင်း ကျွန်တော့ သူငယ်ချင်း များဖြင့် ဂစ်တာတီးရင်း " ဒီဇင်ဘာ အလွမ်း " သီချင်း ဆိုတိုင်း ဆိုတိုင်း မျက်ရည် မကျမိသည့် အချိန်မရှိခဲ့ပါ။ ယခုလည်း တောထဲ တောင်ထဲ အိမ်နှင့် ဝေးနေရသော ပြည်သူများ အဖို့ ခရစ်စမတ်တေးသံသည် ငိုချင်း ဖြစ်နေမှာကို ကျွန်တော် စိတ်ပူပါသည်။

မိသားစု နှင့် အဝေးမှာ / အိမ်နှင့် အဝေးမှာ နေဘူးသူတို့သာလျင် ဤခရစ်စမတ်အလွမ်းကို ခံစားတတ်ကြပါလိမ့်မည်။ ဒီဇင်ဘာ အလွမ်း သီချင်းအား အောက်တွင် ဖေါ်ပြပေးလိုက်ပါသည်။

ဤ သီးချင်းသံခံစားရင်း တောထဲ တောင်ထဲတွင် ဖက်ရွက်များဖြင့် ထမင်းစားနေကြသူများ / ညစ်ပတ်ပေတူး၍ မျော်လင့်ချက် မျက်လုံးများဖြင့် ကြည့်နေသော ခလေးငယ်များ / တာလပတ် အမိုးအောက်တွင် ဖြစ်သလို အိပ်နေကြရသော ပြည်သူများ / မိမိတို့ အိမ်များ မီးလောင်ကုန်သည်ကို ကြေကွဲစွာ ကြည့်နေရသူများ ...... ထိုသူတို့အား မြင်ယောင်ကြည့်ပါ...

ဒီဇင်ဘာအလွမ်း သီချင်းနားထောင်ရန်

Henry Aung ( Kachin )

07/12/2021 - Tuesday - 17;58 Pm

H2
H3
H4
3 columns
2 columns
1 column
29 Comments