အစိုင်း နှင့် ကျောက်ပုဇွန် ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် အစိုင်းနှင့် အကောင်ပလောင် ဖမ်းကြသည့် အကြောင်း ရေးသားရင်းဖြင့် အကြောင်းအရာတို့ကာ တခုပြီးတခု မှတ်ညဏ်တွင် ပေါ်လာပါတော့သည်။

ကျွန်တော့ အနေဖြင့် ယခင်က အကောင်ပလောင် ဖမ်းရသည်အား ဝါသနာ ပါသလောက် ယခုကတော့အတော်လေး ပါးသွားပြီ ဖြစ်ပါသည်။ ကြက်/ ဝက် များအား ကိုယ်တိုင် လက်ဖြင့် မသတ်ဝံ့တော့တာတော့ သေချာပါသည်။ ကိုယ်တိုင် သားငါး သတ်ခြင်း အမှုအား မပြုလုပ်သော်လည်း ရေအိုင် ချောင်း မြှောင်း မြင်တိုင်း ငါးရှိသလားဟု ခဏလေးတော့ ရပ်ကြည့်မိသည်သာ။

အစိုင်းနှင့်ကျွန်တော် ထို ရာဘာစခန်း၌ ရှိနေစဉ် တရက်တွင် ပုံမှန်အတိုင်း မနက်ပိုင်း အကောင်ပလောင် ထောင်ချောက်များမှ မိနေသည့် အကောင်များ ဖြုတ်ယူ နေရာပြောင်းကာ ထောင်ချောက် အသစ် ပြန်ထောင် စသည်ဖြင့်။

ထိုရက်ကတော့ တောကြက် ၂ ကောင် ရလာပြီးနောက် နေ့လည် ၁ နာရီလောက်တွင် စခန်းသို့ ပြန်လာခဲ့ကြပါသည်။ ထို့နောက် အစိုင်းက ရေချိုးနေကြ ချောင်းလေးတွင် ပုဇွန် ဖမ်းမည်ဟု ဆိုကာ တောကြက် အသည်း / အစာအိမ် စသည်တို့အား ယူခဲ့ပါသည်။

ကျွန်တော်လည်း ဤ ကြက်ကလီစာများဖြင့် မည်သို့ ပုဇွန် ဖမ်းမည်ကို နားမလည်ခဲ့ပါ။ ခါတိုင်း ငါးဖမ်းနေကျ ထီးရိုး မှိန်းဖြင့် ဖမ်းလျင်လည်း ပုဇွန်များ ရတတ်ပါသည်။ သို့သော် ၄ / ၅ / ၆ ကောင်ခန့်သာ မိပါသည်။

ကျောက်ပုဇွန်မှာ ကျွန်တော်တို့ မြစ်ချောင်းများတွင် တွေ့ရသော ပုဇွန်ထုပ် များနှင့် အနည်းငယ်ကွာခြားပါသည်။ မြစ် ချောင်း ပုဇွန်ထုပ်များမှာ ကြည်လင်သော ကိုယ်ခန္ဓာ ရှိပြီး လက်မ နှစ်ချောင်းမှာ ရှည်လျားပြီး အပြာရောင် ဖြစ်ပါသည်။

ကျောက်ပုဇွန်မှာ မည်းနက်သော ခန္ဓာကိုယ်ရှိပြီး အခွံ အနည်းငယ်မာပါသည်။ ခေါင်းကြီးကာ ခန္ဓာကိုယ်သေးပါသည်။ ခန္ဓာကိုယ် သေးသောကြောင့် စားစရာ အသား အနည်းငယ်သာပါပါသည်။

အခွံမာသည့် အတွက် တခါတရံ အခွံတွင် ရေညှိများပင် တက်နေပါသေးသည်။ အမှန်တော့ ကျောက်ပုဇွန်သည် ဟင်းမဖြစ်ပါ။ ခေါင်းဖြုတ် အခွံခွာလိုက်လျင် စားစရာ အသားမှာ လက်သန်း တဆစ်ခန့်သာ ကျန်ပါတော့သည်။

သို့သော်လည်း မီးဖုတ်စားလျင် ပုဇွန်ဆီနံ့ နှင့် အသားမှာ အလွန် အရသာ ရှိပါသည်။ ဆိုခဲ့သည့် အတိုင်း ချောင်းသို့ ရောက်သော အခါ အဆိုင်းက ထို ကြက်ကလီစာ များအား ငါးမျှားကြိုး အသေးလေးဖြင့် ချည်လိုက်ပါသည်။ အမှန်တော့ အပေါက်ဖေါက်ကာ တွဲလိုက်ခြင်း ဖြစ်ပါသည်။

ထို့နောက် ကြိုးအား တပေခန့် ဖြတ်လိုက်ကာ ဝါးငုတ်လေး ပေါ်တွင် ချည်လိုက်ပါသည်။ ထို့နောက် ရင်စို့ခန့် နက်သော ရေအောင် တွင် ထို ဝါးငုတ်လေးအား ရိုက်ထားလိုက်ပါသည်။ ထို့နောက် ကမ်းစပ်သို့ ပြန်လာကာ မီးဖို ဖိုနေပါတော့သည်။

ထို့နောက် ၁၅ မိနစ်ခန့်ကြာလျင် " ဟေ့ရောင် မင်းအရင် သွားဖမ်းကွာ " ဟုဆိုသဖြင့် ကျွန်တော်လည်း ချောင်းအတွင်းသို့ ဆင်းကာ အစိုင်း ငုတ်ရိုက်ထားသော နေရာလေးတွင် ရေငုပ်လိုက်ပါသည်။

ဟုတ်တော့လည် ဟုတ်သား ။ ငုတ်တွင် ကြိုးတပ်ထားသော ကြောင့် အစာ မှာ ရေအောက် တွင် ရေစီးကြောင့် ရေအောက်ကြမ်းပြင် အထက် ၆ လက်မ အကွာတွင်ဘယ်ယိမ်းလိုက် ညာ ယိမ်းလိုက်ဖြင့် ရှိနေပါတော့သည်။

ခြေမခန့် ရှိသော ပုဇွန် ထုပ် ၄ / ၅ / ၆ ကောင်ခန့်က ထို လှုပ်ရှားနေသော အစာအား လိုက်ဖမ်းစားနေပါတော့သည်။ ကျွန်တော်လည်း ၂ / ၃ ပေ အကွာခန့်မှ ထီးရိုး မှိန်းဖြင့် အသာလေး ပစ်ယူပါသည်။

ဤ တွင် ပုဇွန်များအား လက်ဖြင့် ဖမ်းလို့မရဘူးလား ဟုမေးစရာရှိပါသည်။ မရပါ။ ထိုပုဇွန်ထုပ်များ၏ ဦးခေါင်းတွင် ၆ လက်မခန့်ရှည်သော အမွေးအမြှင် အင်တာနာ နှစ်ချောင်းရှိပါသည်။

ထို အင်တာနာ အမွေးနှစ်ချောင်းသည် တချိန်လုံး ဘယ်ညာ လှည့်ပတ်ကာ တကိုယ်လုံးအား ရေဒါ လွှတ်ထားသကဲ့သို့ ရှိနေပါတော့သည်။ ထိုအမွေးနှစ်ချောင်း သည် သံသယဖြစ်ဖွယ် အရာတခုခုနှင့် ထိတွေ့ပါက ထိုပုဇွန်သည် နောက်သို့ လျင်မြန်စွာ ခုန် ဆုတ်သွားပါတော့သည်။ ထိုအမွေးအမြှင်လေး နှစ်ချောင်းမှာ အာရုံဏ်ခံ ကရိယာ ဖြစ်ပါသည်။

ကျွန်တော်လည်း ရေငုပ် လိုက် ပုဇွန်အား မှိန်းဖြင့် ပစ်လိုက် ။ ရေပေါ်ရောက်လျင် မှိန်းတံမှ ပုဇွန်အား ဖြုတ်ကာ အစိုင်းအား ပစ်ပေးလိုက်ပါသည်။ ထို့နောက် ထပ်ငုပ် လိုက် အစိုင်းအား ပုဇွန် ပြစ်ပေးလိုက်ဖြင့် ။ အစာ လိုက်ဖမ်းနေသော ပုဇွန်များ ကုန်သွားလျင် ကုန်းပေါ်တက်လာ ကာ အစိုင်းနှင့် ပုဇွန်ကင်စားကြပါသည်။

ပုဇွန်ကင်သည်က လွယ်ပါသည်။ ပုဇွန်တကောင်လုံး ဒီအတိုင်း မီးဖိုထဲသို့ ပစ်ထည့်လိုက်ခြင်း ဖြစ်ပါသည်။ မည်းနက်နေသော ပုဇွန်ကိုယ်လုံးက အနီရောင် ပြောင်းလာပြီးနောက် ပုဇွန်ခေါင်းမှ ပုဇွန်ဆီများ ဆူဝေ လာပြီဆိုလျင် ဝါးမီးညှပ်ဖြင့် အသာထုတ်ယူကာ ဖက်ပေါ်တင်ထား။ ထို့နောက် တော့ ပုဇွန် အခွံခွာစား။

ဤ နည်းဖြင့် ပုဇွန်ကင်စားကာ ကုန်သွားလျင် အစိုင်းက တဖန် ပြန်သွားငုပ်ကာ ပုဇွန် ပြန်ဖမ်း ကျွန်တော့အားပစ်ပေး။ ထို့ နောက် ၄ / ၅ ကောင်ရလျင် ထပ်ကင်စား ။ ဤနည်းဖြင့် ပုဇွန် အကောင် ၂၀ ခန့်ကင်စားပြီးလျင် ပုဇွန် ထပ်မလာတော့ပါ။

အကြောင်းမှာ ထိုအနီးအနား တဝိုက်တွင် ပုဇွန် ကုန်သွားပြီ ဖြစ်ပါသည်။ အမှန်တော့ ကျောက်ပုဇွန် ကင်စားသည်မှာ ဗိုက်မဝပါ သို့သော် ပါးစပ် အာသာ ပြေပါသည်။ နှောင်အလျင်သင့်လျင် အစိုင်း၏ ထူးဆန်းသော ငါးဖမ်းနည်း အကြောင်းဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

27/10/2021 - Wednesday - 18;00 Pm

H2
H3
H4
3 columns
2 columns
1 column
14 Comments
Ecency