Wifi ကတော့ ပြန်ရခဲ့ပြီ ဖြစ်၏။ ဒါတောင် ရက်ပိုင်းလောက် စောင့်လိုက်ရ၏။ စနေနေ့ နေ့လည်က ပျက်တာ တနင်္လာနေ့မှ ပြန်ရ၏။ ဒါတောင် တနင်္လာနေ့ ည ၇ နာရီလောက်မှ ပြန်ရ၏။ ခု တခေါက်က ကျနော့်အိမ်ပဲ သီးသန့် ပျက်တာ မဟုတ်ပေ။ အိမ် အနီးနားက fiber ယူထားသူတွေ အားလုံး ပျက်ကြ၏။ တရက်သားက သစ်ပင် ကျိူးကျရာမှာ အဓိက ပင်မ အဝင် ကြိုးကို ထိသဖြင့် အကုန်လုံး မရခြင်း ဖြစ်၏။
တနင်္ဂနွေက service သမားတွေ နားရက် ဖြစ်မည် ထင်၏။ လာမပြင် ကြပေ။ တနင်္လာနေ့မှ လာ၏။ ဘုရားစူး ပုဂ္ဂလိက ကုမ္ပဏီပင်။ ဝန်ဆောင်မှုက စကစ လက်ထက် အစိုးရရုံးဆန်လိုက်သည့် ဖြစ်ချင်း။
ဟိုး အရင်တုန်းက ခုလို မဟုတ်ပေ။ လိုင်းပျက်တယ် ပြောလိုက်လျင် နာရီပိုင်းနဲ့ ရောက်လာပြီး စစ်ပေး ပြင်ပေး၏။ ခုလား ပါးစပ် အမြုပ်ထွက်အောင် ခေါ်မှလာ၏။ ရုံး ph ကို လှမ်းဆက် ပြောလျှင် သာပြီးတော့တောင် ကြာသေး။ ဟုတ် form ဖြည့်ပြီး ပြင်ပေးတဲ့ အဖွဲ့ လွှတ်လိုက်မယ်ဗျ လို့ ဖြေရင် သေချာပြီ မနက်ဖြန်ပဲ။ အဲ့ကြောင့်လည်း service ညီလေးတွေရဲ့ ph no ပဲ ယူထားလိုက်ပြီး တခုခုဆို သူတို့ကိုပဲ တိုက်ရိုက်လှမ်း ပြောတော့၏။
ခု တခေါက်ကတော့ သူတို့ကိုလည်း ပြော၊ ရုံးကိုလည်း လှမ်းထပ်ပြောပေါ့။ ဒီလောက် ပြောတာတောင် နှစ်ရက်လောက် ကြာသွား၏။ ဒါတောင် တအိမ်ထဲ မဟုတ်ဘူးနော်။ အဲ့နားက fiber ယူထားသူ တစုလုံး ပျက်တာ။
wifi ပြန်ရပြီး နောက်နေ့မှာတော့ ထုံးစံအတိုင်း ပျက်ရက် အစားထိုး ပြန်ရမလား မေးတော့၊ ရတယ် အကို တရက်တဲ့။ ဟ မင်းတို့ဟာက မဟုတ် သေးပါဘူး ပျက်တာက နှစ်ရက်ကျော် သုံးရက်နားတောင် ကပ်တော့မယ် ဆိုတော့၊ ဟုတ် အကို ph ဆက် ပြောပြီး ကျနော်တို့က သိ၊ သိပြီး နောက်ရက်မှ လာပြင်ပေးတော့ အဲ့ တရက်စာပဲဗျတဲ့။ ကောင်းရော။
လစဥ် ကြေးကြ နာရီ စွန်း မခံ။ ပျက်ရက် အစား ပြန်ပေးတာကြတော့ တွန့်တိုရန်ကော။ အင်းလေ ဘယ်တတ်နိုင်မလဲ အိမ်နားမှာက fiber line က WeLink တခုပဲ ရှိတာကိုး။ မကျေနပ်လည်း ကြိတ်မှိတ်သုံး ကဒွန်ရေ။