Child is Child

ကလေးတွေကတော့ ကလေးတွေပင်။ အေးလေ ကလေးတွေကတော့ ကလေးတွေပဲပေါ့။ အတန်းထဲမှာပဲ သင်သင်။ Online class နဲ့ပဲ သင်သင် သူတို့က သူတို့ပင်။ ကျနော်တို့ ကလေး ဘဝတုန်းကလည်း အဲ့လိုပင် မဟုတ်ပါလား။ ဆရာ၊ ဆရာမ အတန်းထဲ ရှိလျှင် ငြိမ်နေပြီး ဆရာ၊ ဆရာမ အပြင်သွားလိုက်က အငြိမ် မနေကြတော့ပေ။ တခါတလေများ ဆရာ၊ ဆရာမ အတန်းထဲ ရှိနေရဲ့သားနဲ့ ဆူညံ့နေကြသေးသည် မဟုတ်လား။

ကျနော်တို့ ကလေးဘဝနဲ့ ခု ကလေးတွေရဲ့ ဘဝ တူသည့် နေရာတွေလည်း ရှိသလို မတူသည့် နေရာတွေလည်း ရှိသပေါ့။ စစ်ဘေးရှောင် စစ်ဘေးသင့် ဒေသတွေက ကလေးတွေအဖို့တော့ တမျိုးတဘာသာ ကွဲထွက်နေပေလိမ့်မည်။ တနေ့က စစ်ကိုင်းတိုင်းအတွင်းက စာသင်ကျောင်းလေးကို စစ်ခွေးတွေ လေကြောင်းပစ်ခတ်မှု လုပ်ကြ၏။ ကလေးငယ်တွေ ထိခိုက်၊ သေဆုံး ကြရ၏။ အင်မတန်မှ လူမဆန်သော၊ အင်မတန်မှ ယုတ်မာ ရက်စက်ကြသော လူအရေခြုံ မကောင်းဆိုးဝါးတွေ ဖြစ်၏။ ကလေးတွေ အတွက် တကယ့်ကို စိတ်မကောင်း ဖြစ်ရ၏။ ဝမ်းနည်းရ၏။ ဒေါသလည်း ဖြစ်ရ၏။ ကျနော့်မှာလည်း ဆယ်နှစ် ဝန်းကျင် တူလေး၊ တူမလေး ရှိသည် မဟုတ်လား။ ကိုယ်ချင်းစာ ရပါ၏။

အိမ်က တူလေး၊ တူမလေးကို စကစ လက်အောက်ခံ ကျောင်းမှာ မအပ်ထားပေ။ ဧရာဝတီ ဖယ်ဒရယ် စကူးမှာ အပ်နှံထား၏။ online ကနေ zoom နဲ့ သင်ပေါ့။ zoom ကတော့ သူတို့ အတွက် မစိမ်းတော့ပေ။ ငဗစ်ကာလတုန်းက English စာကို online ကနေပဲ သင်ခဲ့ကြရသည်ကိုး။ ခုတော့ English စာကိုက အပြင်မှာ သွားသင်လို့ ရနေပြီ ဖြစ်၏။ ကျောင်းစာပဲ online ကနေ သင်နေရတော့၏။

အစောပိုင်း အတန်းချိန်တွေတုန်းကတော့ ကလေးတွေက ငြိမ်လို့ပေါ့။ အဲ ၃ လလောက်လည်း ကြာလာရော အပြင် အတန်းလိုမျိုး၊ online class မှာ ပြုမူလာကြ၏။ စာလုပ်တာတော့ မဟုတ် စကားများတာ ဖြစ်၏။ ကလေးတွေ၏ ဆရာမ ခမြာ မကြာခဏ mute လုပ်ယူနေရ၏။ တခါတလေ တယောက်တပေါက်နဲ့ မေးတာ၊ ဖြေတာတွေကလည်း လုပ်ကြသေး၏။ အချို့က ဆရာမ share ထားသည့် screen ပေါ်မှာ ဟိုဟိုဒီဒိ လျှောက်ရေးခြစ်ကြပြန်၏။ မူလတန်းပြ ဆရာမ အလုပ်က မလွယ်လှပေ။

စာသင်နေရင်း ဆရာမဖက်က လိုင်းကြသွားပြီး ကလေးတွေ ချည်းချည်း ကျန်ခဲ့ချိန်ဆို လက်ပံပင် ဇရက်ကျနေသည့် အလားပင်။ ဆူလို့ ညံလို့။ ဆရာမ လိုင်းပေါ် ပြန်တက်လာမှသာ မီးကို ရေနဲ့ ငြိမ်းလိုက်သလို ငြိမ်၏။ ဒါတောင် တော်တော်နဲ့ မငြိမ်ချက်ကြသေးပေ။ မီးအားကောင်းနေက ရေနဲ့ငြိမ်းရင် တရှဲရှဲ မြည်ပြီး အငွေ့ တလူလူ ထွက်နေသေးသည် မဟုတ်လား။ သူတို့ကလည်း ထို့ အတူပင် ဖြစ်၏။ ကလေးတွေကတော့ ကလေးတွေပင်။

H2
H3
H4
3 columns
2 columns
1 column
3 Comments