အိမ်ဝိုင်းထဲက အပင်များ Chapter (1)

ပိန္နဲပင် အကြောင်းချည်း အရေးများနေသဖြင့် ဒီနေ့တော့ တခြား အပင်တွေအကြောင်း ပြောပြချင်မိသေး၏။ ဘောလုံးပွဲတွေလည်း မရှိသေးချိန်ဆိုတော့ ဒီအတိုင်း အခြားထွေရာလေးပါးပေါ့။ Crypto အကြောင်း ပြောရအောင်ကလည်း ကိုယ်သိတာက Hive လောက်သာ။ ကိုယ်ရွှေဟိုက်ကို ဆွဲတင်မည့်သူ မရှိရကား ဘသားချောက ခုထိ တွင်းထဲကနေ အပေါ်ကို မတက်လာနိုင်သေးပေ။ ကျကောင်းတုန်းကျထားဦးပေါ့၊ ပြန်တက်လာမှ သိမယ်ဟု ကြိမ်းရပြန်အောင်လည်း ဆရာသမားက တွင်းအပေါ်ထိ တက်လာဦးမှရယ်။ တွင်းကနေ ထွက်ပြီး လှေကားကနေ အမြင့်ဆက်တက်သွားတယ် ဘာတယ်တို့က အိပ်မက်ထဲမှာသာ ဖြစ်ပေလိမ့်မည်။ ထားပါလေ။ ကိုယ့်ခြံဝန်းထဲက အပင်အကြောင်းတွေ ဆက်ရအောင်ပါ။

ပိန္နဲပင် အကြောင်းကတော့ ထပ်ပြောနေဖို့ မလိုလောက်အောင်ပင်။ သူ့အကြောင်းပိုစ့်က ဆယ်ခုလောက်တောင် ရှိတော့မယ် ထင်ပါရဲ့။ ဆောင်းပါးရှင်၏ ပင်တိုင်မင်းသားကြီးကို ဖြစ်လို့။ သီးလည်းသီး၊ ပုပ်လည်းပုပ် သဖြင့် ဖော်မြူလာ အသစ်၊ နည်းလမ်း အသစ်တွေ သုံးနေရ၏။ လာမယ့်နှစ် အသီး သီးချိန်မှာတော့ တချို့ ခြွေသင့်တဲ့အလုံးသေးတွေဆို ကြိုတင်ခြွေချထားတာ ကောင်းပေလိမ့်မည်။ ရက်ခြားလောက် အသီးတွေ လိုက်စမ်း၊ လိုက်စစ်ပြီး ခူးနေတာတောင်မှ တချို့ အသီးတွေက ရအောင် ပုပ်ပြ နေသေး၏။

မြေမကောင်းရသည့်အထဲ ဓါတ်သဘောပါ မကောင်းလေရော့ထင်။ လွန်ခဲ့သော နှစ်က အင်မတန်မှ သီးသည့် သံပုရာပင် ပိုးထိုးလို့ ခုတ်လိုက်ရ၏။ ငုတ်တိုလေးကနေ အတက်၊ အကိုင်း၊ အခက်တွေတော့ ပြန်ထွက်လာနေပြီ။ အသီး သီးဖို့တော့ အချိန်လိုပေ လိမ့်ဦးမည်။ သံပုရာပင် အကြောင်းလည်း ရေးခဲ့ဖူးပါ၏။ အသီးကြီး အရည်ရွှမ်းလှ၏။ ဈေးက ဝယ်လာသည့် အသီး သေးသေး၊ အရည် နည်းနည်းသာရသည့် သံပုရာသီးတွေကို မြင်တိုင်း အိမ်က သံပုရာသီးကို တမ်းတ သတိရမိလေ၏။

သံပုရာပင် ပြီးတော့ သရက်ပင်။ ဝိုင်းထဲ သရက်ပင် ၃ ပင် ရှိ၏။ ၁ ပင်က ကျနော်တို့ ပြောင်းလဲ နေပြီး ကတည်းကကို တခါသားမှ မသီးသေးပေ။ ကျန် ၂ ပင်ကတော့ သီး၏။ သီးပေမယ့် စားလိုက်ရတယ် မရှိပေ။ နည်းနည်းပဲ သီးတာလည်းပါ၏။ ၂ ပင်လုံး ခုထိ တကြိမ်သာ သီးဖူး၏။ ၁ ပင်က ၅ လုံးလောက် သီး၏။ အသီး သေးသေးလေး ဖြစ်ခါစ လေကြီးမိုးကြီးနဲ့ ကြုံပြီး ကြွေကျ၊ ပြုတ်ကျကုန်၏။ အရွယ် မရောက်လိုက် နိုင်ကြပေ။ ၁ ပင်က ၁ လုံးထဲ သီး၏။ ဒါတောင် ကိုယ့်ခြံဘက် မသီး၊ သူများ ခြံဘက် သီး၏။

တီဖြိုး အိမ်လာ လည်တုန်းက ထိုအပင် ထိုအသီးကို မြင်ပြီး လူပျိုကြီး အိမ်က သရက်ပင်များ မိုက်ချက်၊ သီးတော့ ၁ လုံးထဲ ဒါတောင် ကိုယ့်ခြံမှာ မဟုတ် သူများ ခြံမှာ သီးရတယ်လို့ ဆိုပြီး ရယ်နေလေ၏။

ပဲလိပ်ပြာပင်နှင့် (ဂေါ်ရခါးသီး) စူကာသီးပင်လည်း ရှိ၏။ ၂ ပင်လုံး ထွန်းထွန်းပေါက်ပေါက် မဖြစ်လာခဲ့ပေ။ ရာသီချိန်မှာတော့ အနည်းငယ်စီ စားလိုက်ရသေး၏။ ပဲလိပ်ပြာတော့ ပိုစားလိုက်ရပေမယ့် စူကာသီး၊ စူကာရွက်ကတော့ အနည်းငယ်သာ စားလိုက်ရ၏။ နို့ပေမယ့် ထို ၂ မျိုးပေါင်းကိုမှ ဟင်း ၁၀ ခါ ချက်စာလောက်ပင် မစားလိုက်ရပေ။ ပဲလိပ်ပြာတော့ ပြန်ထွက်လို့ လာနေပြီ။ စူကာပင်ကတော့ လက်ရှိ Hive ဈေးလိုပဲ ရေကပြင် (ရေချိုးသည့် ရေရသည့် နေရာ) ဘေးမှာ စိုက်ထားတာတောင် ကျနော့် အရပ် တရပ် ကျော်အောင်တောင် အညွှန့်တလူလူ ထွက်မလာတော့ပေ။ ကြိုးစား ချင်စိတ် မရှိပုံ၊ အပျင်း ထူပုံ ပြောပါတယ်။

(ဆက်ရန်)

H2
H3
H4
3 columns
2 columns
1 column
3 Comments
Ecency