အိမ်နောက်ဖေး စျေးဆိုင်

ကုန်စျေးနှုန်းတွေက ကြီးသထက် ကြီးလာခဲ့၏။ အသား၊ ငါး မပြောနဲ အသီးအရွက်တွေပါ စျေးကောင်း လွန်းလှပေ၏။ စျေးကောင်း ဆိုတာထက် စျေးမကောင်းဟု ပြောရမည်။ စျေးကြီးနေတာကိုး။ $ စျေးတက်သဖြင့် အရာရာ စျေးတွေ လိုက်တက်သည် မဟုတ်လား။ ပြည်တွင်းက ထုတ်လုပ်နိုင်စွမ်း မရှိသလောက် နည်းတော့ အရာရာကို ပြည်ပကနေ ဝယ်ယူ သုံးစွဲ တင်သွင်းနေရသည် မဟုတ်လား။

ဓာတ်ဆီစျေး $ စျေးက စံချိန်တင်ရလောက်အောင်ပင်။ ကြင်စိုးတို့၏ စွမ်းဆောင်မှုကြောင့်ပေါ့လေ။ လူတသိုက် အာဏာရူးတာ တတိုင်းပြည်လုံး ဒုက္ခ သောက ပင်လယ်တွေ ဝေရတော့၏။

တနေ့က စျေးသွားဝယ် ၏။ ပိုက်ဆံ နှစ်သောင်း ထည့်သွား၏။ ကြက်သား တပိုင်း၊ ငါးဖယ်ခြစ် အစိတ်သားနှင့် ဟင်းသီးဟင်းရွက် အနည်းငယ်သာ ရခဲ့၏။ စျေးဝယ်၊ စျေးသုံးလို့ မကောင်းတာ ကြာခဲ့ပြီ။ လက်ရှိ ကျနော်တို့ မြို့မှာ hot နေတာကတော့ ဂေါ်ဖီထုပ် စျေး ဖြစ်၏။ ယခင် ၂၀၀၊ ၃၀၀ ကျပ်တန်က ယခုအခါမှာ ၁၀၀၀၊ ၁၅၀၀ ကျပ် ဖြစ်သွားခဲ့၏။ ထို့ကြောင့်ပင် ကျနော်တို့ Futsal ကန်ပြီး အပြန်မှာ ဝင်စားလေ့ ရှိသည့်ဆိုင်တောင် အချဥ်ကို ဂေါ်ဖီအချဥ် မလုပ်ပေးနိုင်တော့ဘဲ သံပုရာချဥ် ပြောင်းလုပ်ပေးနေရ၏။

ယခင်နေခဲ့ရသည့် အိမ်၊ နေရာတွေ တုန်းက ဆူကာသီး၊ ဆူကာရွက်၊ ပဲလိပ်ပြာတွေ ဝယ်စားခဲ့ရသည်ကို မရှိပေ။ ခုအိမ်မှာတော့ ဝယ်စားနေရပြီ။ စိုက်ထားပေမယ့် မြေသိပ်မကောင်းတော့ အသီး၊ အရွက်က ထင်သလောက် မရပေ။ ဒါတောင် အမေက မြေကို တက်နိုင်သလောက် ပြင်ဆင်ပြီး စိုက်ထားလို့ ဒီလောက် သီးနေခြင်း ဖြစ်၏။

ခုလည်း မြေဆွေး အနည်းငယ်နှင့် စိုက်ပျိုးမြေလည်း လုပ်ထားပြီး ဗိုလ်စားပဲသီး၊ မုန့်ညှင်း နဲ့ ပဲလိပ်ပြာ ထပ်စိုက်ထား၏။ ရှေ့ရက်ကတော့ ပဲသီးနဲ့ မုန့်ညှင်းရွက် ခူးဆွတ် ယူပြီး ချက်ပြုတ်စားခဲ့၏။ အိမ်နောက်ဖေး စျေးဆိုင်လေးကနေပေါ့။

ခုလိုကာလကြီးမှာ မြေနေရာ ရှိသူတွေ အနေဖြင့် သီးပင်စားပင်လေးတွေ စိုက်ထားသင့်၏။ ဒီကုန်စျေးနှုန်းနဲ့ အရာရာ ဝယ်ယူနေရလျှင် ဘယ်လိုမှ အဆင် မပြေနိုင်ပေ။ ဟိုးယခင် ကတည်းက သီးပင်စားပင်လေးတွေ စိုက်တတ်သည့် အမေ့ကို ပိုလို့ ကျေးဇူး တင်ရပါ၏။ အမေ့ရဲ့ အဆိုပါ အလေ့အကျင့် ကောင်းလေးကို လက်ဆင့်ကမ်း ယူနိုင်ဖို့ ကြိုးစားရပေလိမ့်ဦးမည်။

H2
H3
H4
3 columns
2 columns
1 column
11 Comments
Ecency