အားတင်းကြမယ်နော့်

ရေးစရာတွေ တောက်လျောက် ရှိလာနေရာကနေ ဘာရေးလို့ ရေးရမှန်း မသိ ပြန်ဖြစ်သွားခဲ့ရပြန်၏။ ကြိုရေးကျင့်လေး ပြန်အစပျိုးနိုင်နေပြီးခါမှ ပြန်ပျက်သွားခဲ့ရပြီ။ ခုလည်း ဘာရေးလို့ ရေးရမှန်း မသိ ဖြစ်နေပြန်ပါရော။ စာရေးဖို့ idea က မရသည့်ကြားထဲ ရာသီဥတုကလည်း ပူလွန်းလှ၏။ တောင်ပေါ်နွေတောင် ဒီလောက်ပူတာ အညာနွေဆို ပိုဆိုးမည်။ ပြီး ကိုယ်တွေက အေးအေးလူလူ နေရသေးတယ်၊ အညာက လူတွေက ပြေးနေရသူ၊ ရှောင်နေရသူတွေနဲ့။ ရာသီဥတုက ပူသည့် အပြင်၊ ရင်တွေလည်း ပူနေကြရတော့မည်။

နွေအပူက မိုးကာလရောက်ရင် သက်သာ နိုင်ပေမယ့် ရင်အပူကတော့ သက်သာဖို့ဝေးနေပေလိမ့်ဦးမည်။ ဘာပဲပြောပြော အရင်ထက်စာရင် ပန်းတိုင်နဲ့ ပိုနီးလာပါပြီလို့ ရှာကြံ ဖြေသိမ့်ရပေလိမ့်ဦးမည်။ တော်လှန်ရေး ကာလမှာ ဆုံးရှုံးမှုတွေ ရှိနိုင်မည်ကို ကြိုတင်တွေးတော တွက်ဆထား ပေမယ့် ခုလိုကြီး၊ ခုလောက်ထိ ဖြစ်လာနိုင်တယ်လို့တော့ မမျှော်လင့်ထားမိပေ။ ပြီး လက်နက်ရှိသူချင်း ယှဥ်ပစ်ကြလို့ ဆုံးရှုံးရတာထက် လက်နက်မဲ့သူတွေ အနိုင်ကျင့်ခံပြီး သေဆုံးရမှုမျိုးကတော့ တကယ်ကို ဆိုးလှ၏။

မနေ့က ကန့်ဘလူ မြို့နယ် ပဇီကြီး ကျေးရွာ ဖြစ်စဥ်က လူအများ၏ ကိုယ်၊ စိတ်နှလုံးကို ညှိုးနွမ်းစေ၏။ နောက်ထပ် အစုလိုက်အပြုံလိုက် သေဆုံးမှု (အသတ်ခံ) ဟု ပြောရမည်ထင်။ ဖက်ဆစ် စစ်ခွေးတို့က ယုတ်မာမှု ကမ်းကုန်ခဲ့ပြီ။ အဆုံးစွန်ထိ မိုက်ရိုင်း ရမ်းကား မည်ဟု ဒင်းတို့ တွေးထားကြပြီထင်။ လက်တွေ့မှာလည်း သူတို့ လုပ်ရက်တွေက အလုံးစုံ ပျက်သုဉ်းရေးသို့ ဦးတည်နေခဲ့၏။

ကြောက်အောင် ငြိမ်အောင်ဆိုသည့် ရည်ရွယ်ချက်နဲ့ ရက်စက်ပြနေသော်လည်း ပြည်သူတွေက ကြောက်ဖို့ဝေး ပိုလို့ ပိုလို့ ရွံရှာမုန်းတီးလာကြပြီ ဖြစ်၏။ ဒီ အမျိုးယုတ်တွေနဲ့ ဘယ်နည်းနဲ့မှ ရှေ့ဆက် မဖြစ်နိုင်မှန်းလည်း ပိုလို့ပိုလို သေချာသွားခဲ့ပြီ ဖြစ်၏။

ဝမ်းနည်း ပူဆွေး ဒေါသထွက် နာကြည်း နေရုံနဲ့ မပြီးသေးပေ။ မိမိ တက်နိုင်သည့်ဖက်ကနေ တော်လှန်ရေး အောင်မြင်ပြီးဆုံးအောင် တဖက်တလမ်းက ကူညီ ထောက်ပို့ပေးနိုင်ဖို့ လို၏။ လှူနိုင်သူက လှူ၊ မလှူနိုင်သူက ကလစ်ပေါ့။ ကျနော်တို့ ပိုစည်းလုံးပြီး ပိုကြိုးစား ပိုကလစ်ကြရအောင်ဗျာ။

H2
H3
H4
3 columns
2 columns
1 column
7 Comments
Ecency