ကြီးမိုက် မဖြစ်စေရ

အာလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....

မိုက်မဲမှုဆိုသောအရာတွင် အသက်အရွယ်ကြီးရင့်တဲ့အခါမှ မိုက်မဲကြသူများက ပိုဆိုးတယ်လို့ထင်ပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ ဆင်ခြင်နိုင်စွမ်း စဉ်းစားဝေဖန်နိုင်စွမ်း တိုးတက်လာသင့်ပေမယ့် မတိုးတက်လာပဲ ကြီးမိုက်များဖြစ်သွားကြသူတွေ ကိုယ့်သူငယ်ချင်းများထဲမှာပင် တွေ့ရပါတယ်။ လူအများက အသက်ကြီးမှ မိုက်မဲနေကြလို့ "ကြီးမိုက်"လို့ခေါ်ကြပါတယ်။ ထိုကြီးမိုက်များက သူတို့ရဲ့ မျိုးဆက်တွေကိုလည်း မထိန်းနိုင် မသိမ်းနိုင်ကြတာကိုလည်း တွေ့ရပါတယ်။ ကြီးမိုက်အများစုရဲ့ ဇာတ်သိမ်းခန်း အတော်များများကလည်း အကြောင်းမလှတတ်ပါဘူး။



မိမိကိုယ်ကို အထင်ကြီးတတ်ကြတာက လူငယ်အားလုံးရဲ့ သဘာဝလို့ဆိုချင်ပါတယ်။ ကိုယ်ကိုယ်ကို အထင်ကြီးတတ်ကြတဲ့ လူငယ်နဲ့ကြီးမိုက်တွေ့ကြတဲ့အခါ မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြတတ်တယ်။ အရက်သောက်တာက မိုက်တာမဟုတ်ပေမယ့် အရက်သောက်ပြီးရင် မိုက်ကုန်ကြသလားပဲ။ ပိုဆိုးတာက ကြီးမိုက်များမူးရင်ပိုဆိုးတယ်လို့ ထင်တာပဲ။ ဟုတ်ချင်လည်း ဟုတ်မယ် မဟုတ်ချင်ရင်လည်းမဟုတ်ဘူးပေါ့။ ကျွန်တော်ထင်တာပြောတာပါ။ "အသက် ၄၀ ကျော်မှ ဘဝစတယ်"လို့ဆိုတာကို ရွဲ့ပြောထားတဲ့စကားတစ်ခွန်းရှိတယ်။ "အသက် ၄၀ ကျော်ရင် လူယုတ်မာဖြစ်ပြီ"တဲ့ 😂

အသက် ၄၀ ကျော်ဆိုတဲ့အရွယ်ကိုရောက်ရင် အများအားဖြင့်တော့ အတွေ့အကြုံစုံသွားပြီဖြစ်တယ်လို့ဆိုနိုင်ပါလိမ့်မယ်။ ဒီတော့ ဘာကို ဘယ်လိုလုပ်ပြီး ဘာကို ဘယ်လိုရှောင်ရမယ်ဆိုတာကို အသက် ၄၀ ကျော်လူအများစုက နားလည်သွားတတ်တယ်။ လိမ်ရင် ခိုးရင် သူများထက်ပိုပိရိသွားတယ်။ နောက်ပြီး အသက် ၄၀ ကျော်မှ ရွပိုးထိုးချင်လို့ ဘဝစတယ်ဆိုတဲ့သူတွေကို အမြင်ကတ်လို့ အသက် ၄၀ ကျော်ရင် လူယုတ်မာဖြစ်ပြီလို့ ရွဲ့ပြောသွားတာဖြစ်လိမ့်မယ်။ တကယ်‌တော့ အသက် ၄၀ ကျော်ကျော် မကျော်ကျော် ယုတ်မာတဲ့အကျင့်ရှိသူကတော့ ယုတ်မာနေမှာပဲ။ အသက်အရွယ်ကြီးရင့်တာနဲ့အမျှ အသိဉာဏ်တွေ လည်းရင့်ကျက် တည်ငြိမ်သွားသူတွေ အများကြီးရှိမှာပါ။

အသက် ၄၀ အရွယ်အတော်များများကလည်း အဲဒီအချိန်ကျမှ ရွပိုးထတတ်ကြတာကိုး 😂 လူတိုင်းတော့မဟုတ်ပါဘူး။ အသက် ၄၀ ကျော်ရင် တည်ငြိမ်သွားတဲ့သူတွေ ရှိသလို ရွပိုးထထိုးကြတဲ့သူတွေလည်း ရှိနေတာပဲ။ တဖက်တည်းကြည့်ပြီးပြောလို့က အမှန်မဟုတ်နိုင်ဘူးမဟုတ်လား။ သူငယ်ချင်းတစ်ယောက် ငယ်ငယ်ကတည်းက ခေါင်းမာ ဉာဏ်ကောင်းပေမယ့် အရက်မသောက် ဖဲမရိုက် မိန်းမလိုက်ခဲ့ပေမယ့် အသက် ၄၀ ကျော် အိမ်ထောင်ကျ သားသမီးတွေကြီးကောင်ဝင်ကာမှ အမျိုးစုံလုပ်တဲ့ ကြီးမိုက်ဖြစ်သွားတာကို မြင်တွေ့ရတယ်။ စိတ်မကောင်းဖြစ်မိပေမယ့် ကိုယ်က ပြောရုံပဲ ပြောနိုင်ပါတယ်။ သူတို့ကိုယ်တိုင် ပြုပြင်ပြောင်းလဲမှ ရမယ့်ကိစ္စတွေပဲ။

နောက်သူငယ်ချင်းကြီးမိုက်တစ်ယောက်ကလည်း ငယ်စဉ်က အနုပညာဝါသနာပါသလို စိတ်နုတယ်။ အသက်ကြီးလာမှ အရက်တွေသောက်လွန်းလွန်းလို့ အရက်ကြောင့်ပဲ သေသွားခဲ့ရတယ်။ ကျွန်တော်ဘာများတတ်နိုင်ခဲ့မှာလဲ။ သူတို့ကိုယ်တိုင်လုပ်မှ ရမယ့်အရာတွေပဲလေ။ "ကိုယ်လုပ်မှ ကိုယ်ရမယ်" သူများလုပ်ရင် သူများပဲရမှာပါ။ ကြီးမိုက်တော့ မဖြစ်တော့ပါဘူး။ မဖြစ်အောင်လည်း ကြိုးစားနေထိုင်နေပါတယ်။ ကြီးပြီးတော့ မိုက်ရင် ကိုယ့်အတွက် ဘာကျန်ပြီး ဘာပါလာမလဲဆိုတာတော့ တရားသဘောနဲ့ စဉ်းစားကြည့်နိုင်ပါတယ်။ ကြီးမိုက်မဖြစ်အောင် ကြိုးစားနေထိုင်နိုင်ကြပါစေ။

သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။


အားလုံးကို လေးစားလျှက် -


@ansoe

H2
H3
H4
3 columns
2 columns
1 column
18 Comments
Ecency