ကောင်းပြီဆိုရင် ခံရပြီသာမှတ်

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ခေါင်းစဉ်ကိုကြည့်ပြီး နဝေတိမ်တောင် နားမလည် ပါးမလည် အူကြောင်ကြောင် ဖြစ်သွားနိုင်ပါတယ်... ဘယ်နှယ့်လုပ် ကောင်းပါပြီဆိုမှ ခံရမယ်ဆိုတော့ကာ တစ်သက်လုံး မကောင်းပဲနေရတော့မယ့်ပုံပေါက်သွားနိုင်တာကိုး... အဟုတ်လည်း လူ့လောကကြီးမှာက ခေါင်းစဉ်တပ်ထားသလို ကောင်းပြီဆိုရင်တော့ ခံရပြီသာမှတ်ပေတော့... ဒီခေါင်းစဉ်မျိုးကို ဆရာကြီးမောင်သာရ ရေးသားခဲ့ဖူးတယ်လို့ထင်တယ်... ဖတ်တော့မဖတ်ဖူးပေမယ့် ကြားဖူးသလိုပဲ... ဆရာကြီးက ဘာကိုရည်ရွယ်ရေးသားထားခဲ့တာလဲဆိုတာကိုလည်းမသိ... ကျွန်တော်ကတော့ စိတ်ကူးတည့်ရာ ရေးချမှာပဲဖြစ်ပါသဗျ...


ingula_copy.png


ဒီခေါင်းစဉ်တပ်ဖို့ စိတ်ကူးရတာကလည်း အောင်ခြင်းရှစ်ပါး အသံကြားမိလို့ပဲဖြစ်ပါတယ်... အင်္ဂုလိမာလ လူမိုက် လူရမ်းကားကြီးအကြောင်း မသိသူမရှိ... ကျော်ကြားလှပေ၏... ကောင်းသတင်းနဲ့တော့မဟုတ်ပေဘူးပေါ့ဗျာ... လူမိုက်ကြီး လူရမ်းကားကြီးအဖြစ်နဲ့လူသိများရခြင်းပဲ... လူအများကလည်း အင်္ဂုလိမာလတဲ့ဟေ့ဆိုရင် အီးတောင်ကျယ်ကျယ်မပေါက်ရဲကြတဲ့အဖြစ်မဟုတ်လား... ကြောက်လိုက်ကြရတာ... ရာဇဝင်ထဲမှာပေါ့လေ... အဲ-မြတ်စွာဘုရားနဲ့တွေ့လို့ အင်္ဂုလိမာလအကျွတ်တရားရလို့ ရဟန်းဝတ်ပြီဆိုကာမှ ခဲနဲ့ပေါက် တုတ်နဲ့ပေါက်လို့ ဆွမ်းတစ်စေ့တောင်မရတဲ့အဖြစ်ရောက်ရကရောမဟုတ်လား... အဲဒါကြောင့်လည်း ကောင်းပြီဆိုရင် ခံရပြီသာမှတ်လို့ ပြောတာပါ...

တကယ့်အပြင်လက်တွေ့ဘဝမှာလည်း ထို့အတူတူပဲဆိုတာ တွေ့လာရတော့ လူတွေးကို အံ့ဩမိသေးတယ်...လူအများစုကလည်း ခက်ပါတယ်... တကယ့်ဆိုးပေ့ မိုက်ပေ့ဆိုတဲ့အချိန်တုံးကတော့ အီးတောင်ကျယ်ကျယ်‌မပေါက်ရဲကြပေမယ့် ပြုပြင်လို့ ကောင်းကောင်းမွန်မွန် နေပြီဆိုရင်တော့ ထိပ်ပုပ် ခေါင်းပုတ် ရန်စချင်တဲ့လူတွေက ပေါမှပေါပဲ... အရက်သောက် မူးရူးရမ်းကားနေတဲ့အချိန်တုံးကတော့ အနားကပ်ဖို့နေနေသာသာ မျက်နှာချင်းဆိုင်တောင် လမ်းလျောက်မလာရဲဘူး... အဲကောင်းပြီလည်းဆိုရော ခုနက လူကောင်းဆိုတဲ့သူတွေက မကောင်းတဲ့လူတွေဖြစ်ကုန်ကြရောပဲ...

တစ်ခါက ကျုပ်မိတ်ဆွေ ရန်ကုန်သား သုဝဏ္ဏလူမိုက်တစ်ယောက် သူ့အဖေရဲ့ ဆုံးမမှုကြောင့် ကောင်းအောင် ပြုပြင်နေထိုင်ပါ့မယ်လို့ ကတိပေးပြီး ကောင်းကောင်းမွန်မွန်လည်းနေရော ရန်စမယ့်သူတွေ အမယ် ကလဲ့စားချေမယ်ဆိုတဲ့သူတွေကပါသေး... အံ့ကို‌ဩရောဗျာ... သူ့ဖာသာကောင်းကောင်းမွန်မွန်နေထိုင်ပါပြီဆိုကာမှ လာပြီး လက်စားချေမဲ့သူနဲ့ မင်းဘယ်လောက်မိုက်လို့လဲဆိုတဲ့သူနဲ့... လားလားအတော်ကြောက်စရာကောင်းတဲ့လူတွေပဲဗျို့... လူမိုက်ကြီးခမြာ အဖေကို ကတိပေးထားလေတော့ မိုက်မိုက်ကန်းကန်းလုပ်ရပ်တွေကို ရပ်တန်းကရပ်ပြီးတော့ နေလေတော့ လူကောင်းဆိုတဲ့သူတွေရဲ့ အနိုင်ကျင့်တာကို ခါးစည်းပြီးခံနေရတာပေါ့... အဲဒါကြောင့်ပြောပါတယ်... ကောင်းပြီဆိုရင်ခံရပြီသာမှတ်လို့...

လူတွေအနေနဲ့ လူသားချင်းစာနာတယ်လို့ ပြောတတ်ကြပေမယ့် လက်တွေ့မှာတော့ မလွယ်ရေးချ မလွယ်တာ တွေ့နေရမြဲ... တကယ်လို့များ ကျုပ်တို့ ခင်ဗျားတို့ ပတ်ဝန်းကျင်မှာ အလွန်ဆိုးသွမ်း ရမ်းကား ခဲ့တဲ့ အင်္ဂုလိမာလလိုလူမျိုးတစ်ယောက် ရှိနေခဲ့မယ်ဆိုရင် ရှိနေခဲ့တယ်ဆိုရင် ကျုပ်တွေတစ်တွေ ဘယ်လိုများ ဆက်ဆံမလဲဆိုတာ ကျုပ်ကတော့ ကိုယ်တိုင် သေချာရေရာ မသိဘူးဗျာ... ကောင်းပြီဆိုရင်ခံရပြီသာမှတ်ပဲပြောရမလား? ကောင်းလာသူကို တွဲထူလို့ ဖေးမ ကူညီရမလား? ဘာပြောရမယ်မှန်းတကယ်မသိတော့ပါဘူး...

အားလုံးကို လေးစားလျှက် -

@ansoe


ansoe_logo_leo.png

H2
H3
H4
3 columns
2 columns
1 column
10 Comments
Ecency