အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...
အရင်နေ့တွေက ကိုယ်သိထားသမျှလေးတွေကို ဖောက်သည်ချ ဆရာလုပ်လို့တော့ပြီးသွားပြီ... ဒီနေ့တော့ ဆရာလုပ်ရေးစရာ ကုန်သွားပြီပေါ့ဗျာ... ဒီတော့ကာ ထုံးစံအတိုင်း စိတ်ကူးတည့်ရာ ရေးရတော့မပေါ့... စိတ်ကူးတည့်ရာရေးလိုတာက အင်တာဗျူး ဆိုတာလေးပါပဲ... အင်တာဗျူးဆိုမှတော့ အင်တာဗျူးပေါ့လေ... အရင်တစ်ချိန်က အင်တာဗျူးပေါ့ဗျာ... ဘယ်အလုပ်ကိုပဲ ဝင်လုပ်ဖို့ စိတ်ကူးကူး အဲဒီ အင်တာဗျူး အဆင့်ကိုတော့ ကျော်လွှားသွားဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ... ဒါရိုက်ခန့်ဆိုရင်တော့မသိ...
အတွေ့အကြုံအဖုံဖုံ အစုံစုံကိုရေးနေရတာလည်း ကြာတော့ ရေးစရာတောင် ကုန်သလိုဖြစ်နေတယ်... ထားတော့... ပထမဆုံး အင်တာဗျူးဖြေဖို့သွားတော့ ကွန်ပျူတာနဲ့ပတ်သက်တဲ့အလုပ်ကို ကုမ္ပဏီတစ်ခုကပေါ့လေ... ပထမဆုံး အင်တာဗျူးဖြစ်လေတော့ အတွေ့အကြုံကလည်း မရှိ... ဟိုမေး ဒီမေး မေးခွန်းတွေကိုလည်း စားပွဲဝိုင်းမှာထိုင်လို့ မဖြေဆိုဖူးတော့ ချွေးတော့ ပြန်နေတာပေါ့... အိမ်ကမိသားစုကလည်း အလုပ်လျှောက်မှာဆိုတော့ မှာတမ်းတွေချွေလိုက်ကြတာကလည်းမျိုးစုံလို့... အင်တာဗျူးက ပြန်လာရင် ဘာတွေမေးလည်း အဖေနဲ့အမေကိုပြောပြအုံးလို့တောင် မှာနေကြသေးတယ်...
နောက်တစ်နေ့ အင်တာဗျူးဖြေဆိုဖို့ သွားတော့ အင်တာဗျူးဖြေဖို့ လူကလည်း အများသား... ရှေ့ကလူတွေကို ဘာမေးခွန်းတွေမေးမှန်းမသိတော့ စိတ်လှုပ်ရှားပြီး ဇောချွေးတွေတောင် ပြန်ချင်နေတာပေါ့... ကိုယ့်နာမည် ခေါ်လေပြီ... အဝတ်အစားကို သပ်သပ်ရပ် ရပ်ဖြစ်အောင် လုပ်ပြီး အင်တာဗျူးမေးမဲ့အခန်းထဲ တည်ငြိမ်တဲ့ ပုံစံအတင်းလုပ်ယူပြီး ဝင်သွားရသပေါ့...
"မောင့်ရင့်နာမည် က မောင်တောက်တိုမယ်ရနော်"
"ဟုတ်ကဲ့ ခင်ဗျ"
"တစ်ခုလောက်မေးမယ်နော်"
"ဟုတ်ကဲ့ မေးပါခင်ဗျ"
"ဒီ မောင်တောက်တိုမယ်ရ ဆိုတဲ့နာမည်ကို ဘယ်လိုစိတ်ကူးနဲ့ပေးခဲ့တာလဲ?"
အယ် ဘယ်နှယ့် ပထမဆုံးမေးခွန်းက အထူးအဆန်းပဲ... အင်တာဗျူးမေးတာကလည်း ကျန်တာမမေးပဲနဲ့ နာမည်ရာဇဝင်မေးနေရတယ်လို့... တတ်နိုင်ဘူးလေ... ဖြေရမှာပဲ...
"ဒီလိုပါခင်ဗျ... ကျွန်တော့် အဖေနာမည်က ဦးတောက်တိုပါ... အမေ့နာမည်ကတော့ ဒေါ်မယ်ရ ပါခင်ဗျ... အဖေနဲ့အမေက သူတို့နာမည်ပါအောင်ဆိုပြီး မောင်တောက်တိုမယ်ရ ဆိုပြီး ချစ်စနိုးနဲ့ ပေးခဲ့တာလို့ ပြောပါတယ်ခင်ဗျ"
ပထမမေးခွန်းကိုတော့ အောင်မြင်စွာ ဖြေဆိုနိုင်ပြီပေါ့လေ... အင်တာဗျူးမေးနေတဲ့ ဆရာတွေမျက်နှာက ပြုံးစေ့စေ့နဲ့ နှုတ်ခမ်းကို တင်းတင်းဖိကိုက်ထားပြီး ရယ်ချင်စိတ်ကို ချုပ်တည်းထားပုံပဲ...
"အော် ဟုတ်ပါပြီ... ဒါနဲ့ မောင်ရင်က ဘယ်သူ့အဆက်အသွယ်နဲ့ အလုပ်လာလျှောက်တာလဲ?"
အဲခက်ကပြီပဲ... ဒုတိယမေးခွန်းကို ဘယ်လိုဖြေရပါ့... ဒီအလုပ်ကို လ္ဘက်ရည်ဆိုင်ထိုင်ရင်း ဘေးနားကကျယ်လောင်လောင် စကားဝိုင်းကနေ အမှတ်မထင် ကြားလို့ အလုပ်လိုချင်တဲ့ကျုပ် လာလျှောက်မိတာကို ဘယ်သူ့အဆက်အသွယ်နဲ့အလုပ်လာလျှောက်တာလဲ? ဆိုတဲ့ မေးခွန်းကိုတော့ အတော်အဖြေရကျပ်သွားခဲ့တာပေါ့... မဖြေလိုက်ရင်လည်း အလုပ်မရရင် ဒွတ်ခပေါ့လေ... မေးခွန်းမေးတဲ့လူကြီးကပဲ...
"ဒီလိုလေ... ဉီးတို့ကုမ္ပဏီက ဒီအလုပ်အတွက် သတင်းစာကြော်ငြာတွေ အခြားကြော်ငြာတွေမလုပ်ပဲနဲ့ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုပဲ ခေါ်ယူတာလေ... ဒီတော့ကာ မောင့်ရင့်အနေနဲ့ ဘယ်သူ့အဆက်အသွယ် အဲ ရှင်းရှင်းပြောရရင် ဘယ်သူ့အကပ်နဲ့ လာလျှောက်တာလဲလို့မေးတာ... ရှင်းလား"
"အဲ အဲ အဲဒါကလေ"
အဲဒါကနေ ရှေ့မဆက်နိုင်ဖြစ်နေတုံးဖြုန်းဆို အဆက်အသွယ်တဲ့ အကပ်တဲ့ ဘယ်သူ့အဆက်အသွယ်မှ မဟုတ်သလို ဘာအကပ်မှလည်းမရှိ ကုမ္ပဏီက ဘယ်သူနဲ့မှလည်း အမျိုးမတော်သလို ဘယ်သူနဲ့မှလည်း မသိပဲ လာလျှောက်တာဆိုတော့ ဇောချွေးတွေပျံလာတော့တာပေါ့... ၅ မိနစ်လောက်ထိ အသံမထွက် ငြိမ်နေလေတော့...
"ကဲကဲ မောင့်ရင့်ကြည့်ရတာ အဆက်အသွယ်နဲ့လာတာ ဟုတ်ပုံမရဘူး... မောင်ရင် ပြန်နိုင်ပါပြီ... နောက်ဆိုရင် ဘယ်အလုပ်ကိုပဲလျှောက်လျှောက် အဆက်အသွယ်ကောင်းလေး ပလာစတာကောင်းကောင်းလေးတော့ ရှာထားဖို့ မောင်ရင့်ကို ဦးအကြံပေးလိုက်ပါတယ်... ပြန်နိုင်ပါပြီ..."
ဘာပြောရမှန်းမသိတော့ကာ ထပြန်လာခဲ့ရတော့တာပေါ့လေ... အိမ်ရောက်လို့ အဖေနဲ့အမေက ဘာတွေမေးတာလဲဆိုရင် ဖြေစရာက ကျွန်တော့နာမည် ရာဇဝင်နဲ့ ဘယ်သူ့အဆက်အသွယ် အလုပ်လာလျှောက်တာလဲ ဆိုတဲ့ မေးခွန်းမေးပြီး နောက်ဘယ်အလုပ်ကိုပဲလျှောက်လျှောက် အဆက်အသွယ်ကောင်းလေး ပလာစတာကောင်းကောင်းလေးတော့ ရှာထားဖို့ အကြံပေးလိုက်တယ်ဆိုတဲ့အကြောင်း အာဘောင် အာရင်းသန်သန်နဲ့ ပြောပြဖို့ အိမ်ကို အပြေးအလွှားပြန်လာခဲ့ရပါတော့တယ်ဗျာ... မိတ်ဆွေများလည်း အင်တာဗျူးဖြေဖူးကြမယ်လို့တော့ ထင်ပါတယ်... အင်တာဗျူး မဖြေဖူးဘူးဆိုရင်တော့ သေချာတာ ပလာစတာကောင်းကောင်းရှိခဲ့လို့ပဲ 😝
အားလုံးကို လေးစားလျှက် -