ခေတ်ဘိုးတော်

Words
335
Reading
2 min
Listen
Play
8y

image

ခေတ်ဘိုးတော်

ဒီလအတွင်း နည်းပညာပစ္စည်းနှစ်ခုဝယ်မိတယ်။ ကလေးတွေ စကားနဲ့ ပြောရရင် ရွာလည်ရုံသာမကဘူး တောရော မြို့ပါလည်နေတယ်။

ဒါကြောင့် Myanmar Educo, Dhamma Lamp, Maukkha Book House တွေမှာ စာတွေ ပုံမှန်မရေးနိုင် တော့ဘူး။ ခွင့်လွှတ်တော့ အဆွေတို့

Bluetooth နားကြပ်ရောက်တော့ နားထောင်ချင်တာတွေ ဖုန်းထဲထည့်ရ။ စုဆောင်းရ၊ ဖျက်ရ အလုပ်ရှုပ်တယ်။ Laptop အသစ်လေးရလာပြန်တော့ ကိုယ်သုံးချင်တဲ့ ဆော့ဖ်ဝဲတွေ သွင်းရ၊ သူ့မှာ ပါလာတာတွေ မကြိုက်လို့ ဖြုတ်ရ၊ ကွန်ပျူတာကို ပေါ့ပေါ့လေးဖြစ်အောင် လုပ်နေရတာက အလုပ်တစ်လုပ်။

ပိုဆိုးတာက နောက်ဝယ်တဲ့ Laptop မှာက CD Drive မပါတော့ အလုပ်တွေက ပိုရှုပ်ပြန်ရော။ နေ့ရောညပါ တစ်ယောက်တည်း အလုပ်များ အင်္ဂလိပ်စာ သင်ခန်းစာ စာအုပ်နဲ့ စီဒီတွေကို သူငယ်ချင်းရဲ့ သမီးလေးဆီကို သွားပို့ဖို့ မရောက်ဖြစ်ပြန်ဘူး။ မနေ့ကတော့ သမီးက ဖုန်းဆက်တယ်

“ဘဘ … သမီးလာယူရမလား”

“မလာနဲ့သမီး … ငါက ခြေသလုံးအိမ်တိုင်ကောင် … လျှောက်သွားနေတာ … ငါပဲ လာခဲ့မယ်”

ဘာဖြစ်ဖြစ် ကလေးကို ကတိပေးပြီးသားဖြစ်လို့ ကိုယ်ကပဲ သူတို့အိမ်ကို ရောက်အောင် ဘတ်စ်ကားနှစ်ဆင့် စီးပြီးတော့ သွားလိုက်တယ်။

image

လက်ထဲ အလေးခံပြီး ဆွဲလာတဲ့ စာအုပ်ထုပ်ကြီးကို သမီးလက်ထဲထည့်ပြီး

“ရော့ … မိဆွေ … အဲဒါ ဘဘရဲ့ ရတနာလက်ဆောင်”

သမီးကလည်း လိုလိုချင်ချင်နဲ့ စာအုပ်တွေကို ဖွင့်ဖောက်ဖတ်၊ စီဒီတွေကို ကိုင်ပြီးတော့

“စီဒီတွေက ဘာလုပ်ရမှာလဲ ဘဘ”

“အလိုကွယ် စာအုပ်တစ်အုပ် … စီဒီ တစ်ချပ် … စီဒီတစ်ချပ်မှာ အဲဒီ စာအုပ်ထဲက အကြောင်းအရာတွေ ပါတယ်။ နံပါတ်အလိုက်ပဲ။ အဲဒါကို သမီးဖုန်းထဲသွင်းပေတော့ … ဒါနဲ့ ဖုန်းထဲမှာ memory ကတ်ထည့်ပြီး ပြီလား”

“ထည့်ပြီးပြီဘဘ”

“ကဲ ဒါဆိုရင် ရပြီပေါ့”

“ဘဘ”

“ဘာလဲဟ”

“ဖုန်းထဲကို ဒီ စီဒီထဲက ဟာတွေ ဘယ်လိုထည့်ရမလဲ”

ကျွန်တော် သူ့ကို ငေးကြည့်နေမိတယ်။ ခေတ်ကလေးတွေထဲမှာတော့ ခပ်တုံးတုံးပဲလို့ ပြောရမလား။ သူယူလာခဲ့တဲ့ ဘွဲ့မှ အားမနာ

“ဟဲ့ … မိဆွေ … နင့်အိမ်မှာ Laptop ရှိတာ ငါသိတယ်။ နင့်အဖေကို ငါကိုယ်တိုင် လိုက်ဝယ်ပေးထားတာ”

“ရှိတယ်လေ ဘဘ”

“Laptop မှာ CD Drive ပါတာလည်း ငါသိတယ်”

“ဟုတ်တယ်လေ”

“ဟယ် … မိဆွေရယ် … နင့်ကို ငါ ဖနောင့်နဲ့သာ ထပေါက်လိုက်ချင်တော့တယ်။ အဲဒါဆိုရင် ပြီးပြီပေါ့”

“နေဦး … ဘဘ ရှိတုန်း တစ်ခါတည်း ပြပေးသွား”

သမီးက အိမ်ထဲပြေးဝင်သွား Laptop ကို မထုတ်လာတယ်။

“ဒီမှာ ဘဘ သမီးကို စီဒီထဲက ဒေတာတွေ ဖုန်းထဲကိုကူးထည့်ပေးခဲ့”

အဲဒီမှာ စီဒီထဲက ဒေတာတွေကို Laptop ထဲမှာ Folder တစ်ခုဆောက်။ ဖိုင်တွေကို သိမ်းနည်း ပြပေး။ အဲဒီ Folder တွေကို တစ်ခါ ဖုန်းထဲပြောင်းနည်း သင်ပေး။ ဖုန်းထဲကနေ နားထောင်နည်းကအစ တစ်ခုချင်း လိုက်ပြ နေရတော့တာပဲ။

ခေတ်ကလေးတွေကို အရမ်းအထင်ကြီးတာ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ထက်တတ်တာတွေ အများကြီး တွေ့ဖူးလို့။ မြေးအရွယ်လေးတွေဆီက ပညာယူခဲ့ရတာလည်း အများကြီး။ ဒါပေမဲ့ များသောအားဖြင့်ကတော့ ယောက်ျားလေးတွေက ပိုပြီးတော့ တီတီထွင်ထွင်တတ်တယ်။

ကျွန်တော်ဆိုရင် ကွန်ပျူတာ ပြဿနာဖြစ်တိုင်း မိတ်ဆွေတစ်ယောက်ရဲ့ သားလေးကို လှမ်းခေါ်ရတယ်။ သူက ၉ တန်း။ ဒါပေမဲ့ ဖုန်းပေးပေး၊ Laptop ပေးပေး ထောင်းလမောင်းထအောင် လုပ်တတ်တယ်။ သူပညာပြလွန်း လို့တောင်

“သားရယ် … ဘဘကို အထူးအဆန်းတွေ သိပ်မတင်ခဲ့ပါနဲ့။ ထူးဆန်းတာတွေ တင်ခဲ့ရင်လည်း သတိပေးခဲ့ပါ” လို့ ပြောရတယ်။

ဘာကြောင့်လဲဆိုတော့ ဘဘကလည်း အထူးအဆန်းတွေ မြင်ရင် ကလိချင်တာကြောင့် အအိပ်ပျက်၊ အစားပျက်၊ ပြဿနာတက်ပြီး သူ့ကို ခေါ်ရလွန်းလို့ မုန့်ဖိုးတွေ ထွက်တာလည်းမနည်း

ခု သမီး မိဆွေကိုပဲကြည့်

ယူခဲ့တော့ အိုင်တီနဲ့ ဆက်စပ်နေတဲ့ဘွဲ့

အိုင်တီ ပညာနဲ့ ဗဟုသုတကတော့ အသက် ၆၀ ကျော် အဘိုးလေးလောက်တောင်မရှိ

သြော် … ကျောင်းတက်ခဲ့ရတဲ့ ကာလတွေကို နှမြောလိုက်တာနော်

“ဘဘ … ဒါတွေကို ဘယ်လိုတတ်နေတာလဲ”

“ဘဘလား … ဘဘက ဝမ်းတွင်းပါ … မွေးရာပါတတ်လာတာ”

“ဘဘကလေ … တော်တော်နောက်တယ်။ အိမ်က ဖေဖေဆိုရင် Laptop ကို ယောင်လို့တောင် ကိုင်မကြည့်တာ။ ဖုန်းဆိုရင် ပြောဖို့ကလွဲပြီး ဘာမှ မသိဘူး”

“နင့်အဖေက သေခါနီးပြီပဲ … ဘဘကတော့ ခုမှ ၃၆ နှစ်ဆိုတော့”

အဲဒီအချိန်မှာ အိမ်ထဲက ထွက်လာတဲ့ ကျွန်တော့် သူငယ်ချင်းက

“ခွေးမသား ငါ့အတင်းပြောနေတယ်” တဲ့

“ဟား … ဟား … ဟား”

တင်ညွန့်

photo : facebook

image

ခေတ်ဘိုးတော် | Ecency