This content was deleted by the author. You can see it from Blockchain History logs.

ဘဝ၏ထောက်တိုင်များ

image

ဘဝ၏ထောက်တိုင်များ

ကျွန်တော့် အထက်အရာရှိတစ်ယောက် ဌာနကိုရောက်လာတယ်။ သူက နိုင်ငံခြားသား။ အသက်က ၆၀ ကျော် လောက်တော့ရှိမယ်။

တစ်နေ့ ကျွန်တော် မိုးချုပ်တဲ့အထိ အလုပ်တွေ မပြီးသေးလို့ မပြန်သေးဘူး။ မစ္စတာ စမစ်က သူ့အခန်းထဲက ထွက်လာတယ်။

“ဟေး … မင်း မပြန်ရသေးဘူးလား”

“ဟုတ်ကဲ့”

“ဟာ … ဒါဆိုရင် ငါ့အခန်းလာကွာ … ကော်ဖီသောက်ရအောင်”

အဘိုးကြီးက အရမ်းတော်သလို အလွန်စေ့စပ်တယ်။ ကျွန်တော်က ကော်ဖီခွက်လေးနှစ်ခွက်ကို သူ့အခန်းထဲ ယူသွားပြီးတော့ သူ့ရှေ့မှာ တစ်ခွက်ချပေးလိုက်တယ်။

“မင်းအကြောင်း ငါဖတ်ပြီးပြီ။ မင်းမှာ အိမ်ပိုင်ရှိတယ်။ ကားရှိတယ်။ မိသားစုရှိတယ်။ ကလေး နှစ်ယောက် ရှိတယ်။ ဟုတ်တယ်နော်”

“ဟုတ်ကဲ့”

“မင်း နိုင်ငံခြားက ဘွဲ့တစ်ခုရလာတယ်။ ဒီဌာနမှာလည်း ငါပြီးရင် မင်း ရာထူးအကြီးဆုံးပဲ။ လစာကလည်း ကောင်းကောင်းရတယ်”

ကျွန်တော်က သူ့အမေးကို မဖြေတော့။ ပြုံးနေလိုက်တယ်။

“ဒါနဲ့ မင်းဒီဌာနမှာ လုပ်နေတာ ဘယ်လောက်ကြာပြီလဲကွ”

“ငါးနှစ်ရှိပြီ”

“ကြာပြီပဲကွ။ ဒီလိုပဲ နေ့တိုင်း အစောကြီးရောက်၊ နောက်ကျမှပြန်နေတာပဲလား”

“ဟုတ်ကဲ့”

“ဘယ်အချိန်လောက်အထိ နေသလဲကွ”

“တစ်ခါတလေ ည ၁၁ နာရီလောက်မှပြန်တယ်”

“အိုး … သနားစရာကောင်းလိုက်တာ”

သူက မတ်တတ်ထသွားပြီး သူ့အခန်းထောင့်မှာရှိတဲ့ စားပွဲတစ်လုံးရှေ့မှာ ရပ်လိုက်တယ်။
image
“ဒီစားပွဲက ခြေထောက် ဘယ်နှချောင်းလဲကွာ”

ကျွန်တော်က ဘာလဲပေါ့။ အဘိုးကြီးငါ့ကို ပညာစမ်းတာလား

“လေးချောင်းလေ”

“တကယ်လို့ စားပွဲက ခြေတစ်ချောင်း ကျိုးသွားရင် စားပွဲ ထောင်နိုင်ပါဦးမလား”

“ဟင့်အင်း”

“ဘဝဆိုတာ ဒါပဲကွ။ မင်းကို ငါပြောမယ်။ စားပွဲခြေတစ်ချောင်းဟာ အကြောင်းအရာတစ်ခုလို့ မြင်ကြည့်ရ အောင်။ တစ်ချောင်းက ပညာရေး၊ တစ်ချောင်းက ငွေ၊ တစ်ချောင်းက အလုပ်၊ တစ်ချောင်းက မိသားစုလို့ မင်း မြင်ကြည့်လိုက်စမ်းပါ”

သူက စားပွဲ အပေါ်ကို လက်နဲ့ ပုတ်လိုက်ပြီး

“ဟောဒါ မင်းပဲ … မင်းအောက်မှာ ပညာ၊ ပိုက်ဆံ၊ အလုပ်၊ မိသားစု လေးချောင်းနဲ့ အထောက်အကန်ပြုပြီး မင်း ရပ်တည်နေတာကွ။ တစ်ချောင်း ပြုတ်သွားရင် မင်းလဲပြီ။ အဲဒီ လေးချောင်းထဲက ဘာအရေးအကြီးဆုံးလဲ။ မင်း တွေးကြည့်စမ်း။ ဒီအချိန်မှာ မင်း မိန်းမက ထမင်းစားမလားလို့ စောင့်နေလိမ့်မယ်။ မင်း ကလေးတွေက မင်း ပြန်လာရင် မုန့်ဝယ်လာမလားလို့ မျှော်နေလိမ့်မယ်။ သူတို့အဖေပြန်လာရင် ပုံများ ပြောပြမလားလို့လည်း မျှော် ကောင်း မျှော်နေလိမ့်မယ်။ နောက်ဆုံးတော့ မင်းပြန်လာတာကို မစောင့်နိုင်တော့လို့ အိပ်ကုန်ကြပြီ။ အဲဒီ အချိန်မှ မင်းက အိမ်ပြန်ရောက်။ အိပ်ရာထဲဝင်၊ ကလေးတွေ မနိုးခင် အစောကြီး အလုပ်ကိုပြန်လာ။ ကောင်းကွာ”

ကျွန်တော် သူပြောတာကို သဘောပေါက်လုလုဖြစ်သွားတယ်။

“မင်းကိုယ်မင်း ခြေလေးချောင်းနဲ့ ထိန်းထားပြီးပါပြီကွာ … တစ်ချောင်းပြုတ်ရင် မင်းလဲမှာပါ။ မင်းဘာဆက် လုပ်ရမယ်ဆိုတာ သဘောပေါက်မှာပါ”

“ဟုတ်ကဲ့ဘော့စ်”

(Life and Its Legs ကို မှီငြမ်းပြီး မြန်မာမှုပြုပါသည်)

တင်ညွန့်

photo : facebook

image