This content got low rating by people.

လောက်ကင်းစင်သော သာသနာ

Words
223
Reading
1 min
Listen
Play
7y

လောက်ကင်းစင်သော သာသနာ

"" ဦးဇင်းက အရေးကြီးတာကိုမကြီးတာလုပ်၊ အရေးမကြီးတာကို ကြီးတာလုပ်နေတာ၊ လူမှုရေးအတော်လိုတယ် ""

အထက်ပါ စကားကို ပြောလာသူက စာရေးသူအပေါ် မြင်းမိုရ်စာရင်းဝင် ကျေးဇူးရှင်တစ်ဦး၊ သူ့စကားသံမှာ မကျေမချမ်းသံ သိသိသာသာ ပါနေပါသည်။ ပြဿနာက ဒီလိုပါ။ ဓမ္မာစရိယ စာမေးပွဲများဖြေဆိုကြသည့်ရက်တစ်ရက်နှင့် တိုက်ဆိုင်စွာ ကျေးဇူးရှင်၏ ကျောင်းရေစက်ချအလှူပွဲရှိသည်။ နေ့ဆွမ်းစားပင့်သည်။ အချိန်က ၁၁ နာရီတဲ့။ စာမေးပွဲအခန်းစောင့်တာဝန်ကလည်း ကျသည်။ စာမေးပွဲရုံးခန်းကို ၁၁ ခွဲ အရောက်သွားရမည်။  ကျေးဇူးရှင်ရဲ့ ကျောင်းအလှူရေစက်ချကို ဆွမ်းစားသွားလျှင် စာဖြေဌာနအရောက်နောက်ကျမည်။ ကျေးဇူးရှင်ပွဲလည်းသွားချင် စာဖြေဌာနကိုအရောက်လည်းနောက်မကျချင် နှစ်ခုလုံးအဆင်ပြေချင်သည်။ မပြေနိုင်ဟု စိတ်ကအလိုလိုတွက်ချက်သိနေသည်။ အဲဒီနေ့ရောက်တော့ ဆွမ်းစားပင့်ရာကျောင်းကိုကြွခဲ့သည်။ ဆွမ်းစောစောကပ်ပါစေဆုတောင်းမိသည်။ ဆုတောင်းမပြည့်ပါ။ ၁၁ နာရီဆွမ်းကပ်ချိန်ရောက်ပြန်တော့ တစ်ဝိုင်းချင်းကပ် ဗီယိုရိုက် ဓာတ်ပုံရိုက်နှင့် အချိန်ထပ်ကုန်သည်။ အရင်အကပ်ခံဝိုင်းများက ဘုန်းပေး၊ မကပ်ရသေးတဲ့ဝိုင်းတွေက သူတို့ဗီယို ဓာတ်ပုံရိုက်နေတဲ့အတွက် ဘုန်းကြီးတွေက အပေါက်ဝမှာ မတ်တပ်များရပ်လို့။ ဦးဇင်းတို့လူငယ်တွေက နောက်ဆုံးမှထိုင်ကြရသည်။ နာရီက ဆယ်တစ် ဆယ်မိနစ်စွန်းပြီ။ စာဖြေဌာနကို အမီသွားချင်တာနဲ့ ဆွမ်းကိုခပ်သုပ်သုပ်စားပြီးထွက်လာခဲ့သည်။ အချိုပွဲချိန်၊ မေတ္တာသုတ်ရွတ်ချိန်၊ အလှူရံအလှူခံချိန်များ မစောင့်ခဲ့တော့။ စောင့်ခဲ့လျှင် စာဖြေဌာနကို ဘယ်လိုမှအချိန်မီမရောက်နိုင်။ ဆွမ်းစားဝိုင်းကထွက်လာပြီး ဒကာတစ်ယောက်ကို ဆိုင်ကယ်နဲ့လိုက်ပို့ပေးဖို့ အကူညီတောင်းပြီး  စာဖြေဌာနကိုပြေးသွားခဲ့သည်။ စာဖြေဌာနရောက်တော့ အချိန်မီတယ်ဆိုရုံမျှသာ။ အခန်းစောင့်မလာလို့ စာဖြေသံဃာတွေ အဖြေလွှာနောက်ကျတာ၊ မေးခွန်းလွှာနောက်ကျတာ၊ ခေါင်းဆောင်ဆရာတော်များအလုပ်ပိုတာ မျိုး မဖြစ်ရအောင် နှစ်တိုင်း နေ့တိုင်းသွားခဲ့ပါသည်။ ဒီနှစ်မှမဟုတ်။ ကျေးဇူးရှင်ရဲ့အလှူရံပစ္စည်းကိုလည်း ရကောင်းစေသဘောမထား။ စာဖြေသံဃာများအဆင်ပြေတာကိုကြည့်ပြီး ပီတိပွားခဲ့ရပါသည်။ ညနေရောက်တော့ ကျေးဇူးရှင်က ဦးဇင်းကျောင်းက ငှါးထားတဲ့ဒယ်အိုးကို လာပို့ရင်း အလှူရံကပ်ပါသည်။ နေ့လည်က အလှူရံမစောင့်ပဲ စာဖြေအခန်းစောင့်သွားတာကို ကျေးဇူးရှင်က အထက်ပါအတိုင်း အပြစ်စကားဆိုခြင်းဖြစ်ပါသည်။ ဝတ်တရားကျေလှူသွားရှာသည်။ ကန်တော့ပင်မကန်တော့နိုင်ရှာပေ။ ကျေးဇူးရှင်ပြောသွားတဲ့ အရေးမကြီးတာကိုအကြီးလုပ်တယ် ဆိုတဲ့စကားကတော့ နားထဲကမထွက်ပါ။ 

ကျေးဇူးရှင်က လူမှုရေးကို အရေးကြီးအဆင့်ထားပြီး သာသနာရေးကို တစ်ဆင့်နိမ့်ထား ပြောလိုက်ချင်းဖြစ်သည်။ သူ့မျက်နှာနှင့်သံဃာ့မျက်နှာ သူ့မျက်နှာကိုရွေးစေချင်တဲ့ အတ္တဇရောဂါရှိသည်။ သံဃာ့မျက်နှာက သူ့နောက်နေ။

ဒီလိုကိစ္စတွေ ကျေးဇူးရှင်တစ်ဦးတည်းဖြစ်နေတာမဟုတ်၊ ဒကာ ဒကာအအများစုဖြစ်နေကြတာဖြစ်သည်။ စာချနေတဲ့ဘုန်းကြီးထက် ဆေးရုံလိုက်ပို့တဲ့ဘုန်းကြီးးကိုပိုကြည်ညိုကြသည်။ စာကျက်နေတဲ့ကိုရင်ထက် ဘုရားဖူးလိုက်ပို့တဲ့ကိုရင်ကို ပိုကြည်ညိုကြသည်။ စာတက်နေတဲ့ဦးဇင်းထက်  အချိန်ပေးစကားပေါနေတဲ့ဦးဇင်းကို ပိုကြည်ညိုကြသည်။

ရယ်စရာတော့ကောင်းသည်။ သာသနာတော်ကိုကြည်ညိုတယ်လို့ တဖွဖွအော်တော့လည်းသူတို့၊ သာသနာ့မျက်နှာကို သူတို့မျက်နှာနောက်ပို့တာလည်းသူတို့။ ဝိနည်းနဲ့ညီအောင်နေလို့ပြောကြတာလည်းသူတို့၊ ဝိနည်းနဲ့ညီအောင် ကြိုးစားနေတဲ့ရဟန်းတွေကို ဝိုင်းဝန်းဖိနှိပ် ဖျက်ဆီးကြတာလည်းသူတို့ပါပင်။ တာဝန်ဝတ်တရားတို့၏ အချိန်အခါ အလိုက်အရေးပါမှုကို သဘောမပေါက်ကြသော အတ္တဇရောဂါသည်တို့ မြန်မာပြည်တွင်များလှပါကုန်တကား။

တာဝန်ဝတ်တရားတို့သည် တစ်ခုဆီသာပေါ်ပေါက်နေရင်ပြဿနာမရှိ။ ရွေးချယ်စရာအဖြစ် ယှဉ်ပြိုင် ရောက်လာလျှင်တော့ လူမှုရေးခေါ် လောကဝတ်ထက် အဖွဲ့အသင်း၏တာဝန်ခေါ် ဓမ္မဝတ်ကို ရွေးချယ်ကြရပါမည်။ မီးသတ်သမားသည် သူငယ်ချင်းဖြစ်သူ၏မင်္ဂလာပွဲတက်ရောက်ဖို့ထက် ရပ်ကွက်ထဲက မီးလောင်မှုကို ငြှိမ်းသတ်နိုင်ဖို့က ပို၍အရေးကြီးပါသည်။ထို့အတူ ရဟန်းတစ်ပါးအတွက် ဆွမ်းစားကွမ်းစားအလှူခံ လောကဝတ်များထက် သံဃာက အပ်နှင်းသော သာသနာ့တာဝန် သာသနာ့ဝတ္တရားကို ကျေဖို့ကပို၍ အရေးကြီးပါသည်။

ဒကာ ဒကာမများကလည်း လောကဝတ်ကျေသောရဟန်းထက် ဓမ္မဝတ် သာသနာ့ဝတ်ကျေသော ရဟန်းကို ပို၍ကြည်ညိုတတ်မှသာ သာသနာကို အမှန်တကယ် ကြည်ညိုရာရောက်ပါမည်။ သို့မဟုတ်ပဲ လောကဝတ်ကျေသောရဟန်းကိုသာ အားပေးအားမြောက်ပြုနေပါက သာသနာကိုအတွင်းက ပူးသတ်နေသော လောက်တို့သာ ဖြစ်နေပါလိမ့်မည်။
လောက်ဒါယကာ/လောက်ဒါယိကာမ လောက်ရဟန်းများ ဟုဆိုရပါတော့မည်။

ဒကာ ဒကာမများက သာသနာ့ဝတ်ကျေပွန်သောရဟန်းကို ပို၍ကြည်ညို ချီးမြောက်ကြလျှင်၊ ရဟန်းတော်များက လောကဝတ်ထက် သာသနာ့ဝတ်ကို ပို၍အလေးထားထမ်းဆောင်ကြမည်ဆိုပါလျှင် လောက်ကင်းစင်သော သာသနာအဖြစ် အမှန်ပင်မြင်တွေ့ရမည်ဖြစ်ပါသည်။

မောင်ရဟန်း(သာသနာ့ရင်ခွင်)

ဘယ်လိုပင်ခေါင်းဗုတ်ကျပါစေ သာသနာအတွက် ရေးနေမယ်
chirstonawba

https://m.facebook.com/story.php?story_fbid=2044090075894247&id=100008798237217

လောက်ကင်းစင်သော သာသနာ | Ecency